နိုဝင်ဘာ-၁၊၂၀၂၅/People’s Spring
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရဲစခန်းကနေ စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိတယ်လို့ ပုဂံပြည်ဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ရက်မနက်က ငါ့သရောက်မြို့ရဲစခန်းကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ညောင်ဦးမြို့နယ် ပကဖ၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး အဖွဲ့နဲ့ မဟာမိတ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ပခုက္ကူ(၁၀၁)တပ်ရင်းနဲ့ ညောင်ဦးက ပသစ(ပြည်သူ့စစ်)တွေပေါင်းပြီ အင်အားထိုးလာတဲ့ စစ်ကြောင်းကို ကန်နပေါက် တဲတိုက်အနီးမှာ အသင့်စောင့်ပြီး ကြားဖြတ်တိုက်တာပါ”လို့ ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
တိုက်ခိုက်ခံရလို့ အထိနာသွားသော စစ်ကောင်စီတပ်က အိုရင်းရွာကို မီးလောင်ဗုံးတွေကြဲ ဖျက်ဆီးခဲ့တယ်လို့လည်း ညောင်ဦး ပကဖက ပြောပါတယ်။ အိုရင်းရွာမှာ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် ထပ်မံ ထိခိုက်မှုဖြစ်ခဲ့တယ်လို့လည်း ညောင်ဦးပကဖက ပြောပါတယ်။
“အိုရင်းတိုက်ပွဲက ဆေးရုံရောက်မှ သေတာကို ၈ဦးပါ။ အနီးနားဝန်ကျင်က ထွက်ပြေးချိန်မရတဲ့ ပြည်သူတွေ ပြောပြချက်အရ”လို့ ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။ အိုရင်းရွာ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့လည်း ဆိုပါတယ်။
” စကစဘက်က ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေကိုစစ်ကြောင်း ဝင်နေတာပါ။ နယ်မြေပြန်ရအောင် လုပ်နေတာပေါ့”လို့ ပြောပါတယ်။


















































