နိုဝင်ဘာ-၆၊ ၂၀၂၅/People’s Spring
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စစ်ကြောင်းမှာရှေ့တိုးလိုက်၊လန်ကျလိုက် ဖြစ်နေတယ်လို့ အဲဒီဒေသက PDFတပ်ရင်းမှူးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
နိုဝင်ဘာ ၅ရက်၊ညနေပိုင်းမှာ ကော့ကရိတ်မြောက်ပိုင်းက ထီဖိုးစံ နဲ့ ကွီမောင်တိုင် ရွာက စစ်တပ်စစ်ကြောင်းဟာ နောင်ကိုင်းကျေးရွာဘက်ကို စတင်စစ်ကြောင်းထိုးလာတယ်လို့ PDFတပ်ရင်းမှူးတစ်ဦးကပြောပါတယ်။အဲဒီနောက်နိုဝင်ဘာ ၅ ရက်ည ၁၀ နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၆ရက် မနက် ၈နာရီကစတင်ပြီး နောင်ကိုင်း-မိဖာလဲလမ်းဆုံကို စစ်တပ်စစ်ကြောင်းရောက်လာပြီးနောက် တိုက်ပွဲစတင်ပြင်းထန်ခဲ့တယ်လို့ PDFတပ်ရင်းမှူးက ပြောပါတယ်။

Public Service Announcement
“စကမတပ်မှ လက်နက်ကြီးများပစ်ခတ်မှုရှိပြီး နှစ်ဖက်လက်နက်ငယ်၊ RPG များသုံးကာ တိုက်ခိုက်လျက်ရှိပါတယ်။တစ်နေကုန်တိုက်ပွဲဖြစ်နေပါတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာအထိနာပြီးရှေ့တိုးဖို့ကြိုးပမ်းလိုက်၊ ပြန်လန်ကျလိုက် ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ကိုပြန်ထိန်းချုပ်နိုင်ပြီးနောက် ကော့ကရိတ်မြောက်ပိုင်းက တော်လှန်ရေးတပ်တွေ စိုးမိုးရာနေရာတွေကို ပြီးခဲ့တဲ့ဧပြီကစလို့လေကြောင်းပစ်ကူယူပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
ဒါ့အပြင်ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကိုထိန်းချုပ်ဖို့အတွက် အင်အားသုံးပြီး စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။
လက်တလောမှာတော့ကော့ကရိတ်မြို့နယ်မြောက်ပိုင်း နဲ့ မြဝတီမြို့တောင်ဘက်ခြမ်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာပါ။
အောက်တိုဘာ ၃၁ရက်က လေးကေ့ကော်မြို့သစ်နားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ရဲ့ တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၉)တပ်ရင်း အထိနာပြီး ပြန်ဆုတ်ခွာရကာ အဲဒီတပ်ရင်းထံက ခဲယမ်းတွေအများအပြားသိမ်းရခဲ့တယ်လို့ မြေပြင်ရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရသေ့ဂူအနီးမှာတပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၉)တပ်ရင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ ခမရ(၂၀၉)တပ်ရင်းအထိနာလို့ ပြန်ဆုတ်သွားရပြီး အလောင်းတွေနဲ့ ခဲယမ်းတွေအများအပြား ကျန်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။




















































