Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ခရီးစဉ်အတွင်းမှာ ယာဉ်မောင်းကို စစ်မှုထမ်း စုဆောင်းတာနဲ့ ကိုယ်တွေ့ကြုံခဲ့တဲ့ ဂျိုလီ

အန်ဂျလီနာ ဂျိုလီရဲ့ ယူကရိန်းနိုင်ငံ ခရီးစဉ် အတောအတွင်း သူ့ရဲ့ ယာဉ်မောင်းတစ်ဦးကို စစ်တပ်က တားဆီးပြီး စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

အန်ဂျလီနာ ဂျိုလီရဲ့ ယူကရိန်းနိုင်ငံ ခရီးစဉ် အတောအတွင်း သူ့ရဲ့ ယာဉ်မောင်းတစ်ဦးကို စစ်တပ်က တားဆီးပြီး စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အော်စကာဆုရှင် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီးက ယူကရိန်းနိုင်ငံဆီ ကြိုတင်မကြေညာဘဲ အလည်အပတ် သွားရောက်ခဲ့တာဟာ ရုရှားရဲ့ ကျူးကျော်စစ်ဒဏ် ခံနေရတဲ့ နိုင်ငံမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ ပိုမို လုပ်ဆောင်နိုင်အောင် အားပေး ကူညီဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ယာဉ်မောင်းက တပ်သားသစ် စုဆောင်းတာနဲ့ ကြုံခဲ့ရတာက အင်တာနက်ပေါ်မှာ memeတွေအဖြစ် ပျံ့နှံ့ပြီး လူပြောများနေပါတယ်။

တစ်ဖက်မှာလည်း ဒီကိစ္စက နှစ်ရှည်လများ စစ်တိုက်နေရတဲ့ ယူကရိန်းမှာ စစ်သားပြတ်လပ်လာတဲ့ စိုးရိမ်စရာ အခြေအနေကို မီးမောင်းထိုးပြနေတယ်လို့ စစ်ရေး အကဲခတ်တွေက သတိပေးခဲ့ပါတယ်။

လူသားချင်း စာနာမှု အကူအညီပေးရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်တဲ့ ဂျိုလီဟာ နိုဝင်ဘာ ၄ ရက်နေ့တုန်းက ယူကရိန်းရဲ့ ရှေ့တန်းစစ်မျက်နှာနဲ့ နီးနီးကပ်ကပ် တည်ရှိရာ ခါဆွန်မြို့ကို သွားရောက်ခဲ့ပါတယ်။ ခါဆွန်ဟာ ရုရှားစစ်တပ်က ဒရုန်းတွေ အသုံးပြုပြီး အရပ်သား ဧရိယာတွေကို ဗုံးတွေ ကြဲချနေတဲ့ နယ်မြေ တစ်ခုလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ခရီးစဉ် အတောအတွင်း လမ်းမတစ်နေရာမှာ ရှိနေတဲ့ ယူကရိန်းစစ်တပ် စစ်ဆေးရေးဂိတ် တစ်ခုက ဂျိုလီနဲ့အတူ ပါလာတဲ့ ယူကရိန်း ယာဉ်မောင်း တစ်ဦးကို စစ်သားသစ် စုဆောင်းရေး စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးခဲ့ပါတယ်။ ဂျိုလီရဲ့ ခရီးစဉ်လည်း အဲဒီနေရာမှာ ဆိုင်းငံ့ထားတာ ခံခဲ့ရပါတယ်။ ဒါပေမဲ့ စစ်ဆေးမှုတွေ အားလုံးအပြီးမှာတော့ ဂျိုလီက သူ့လိုရာ ခရီးကို ဆက်ပြီး သွားရောက်ခွင့် ရခဲ့တယ်လို့ ယူကရိန်း ကြည်းတပ် စစ်ဆင်ရေးဌာနချုပ်က နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုလီရဲ့ ယာဉ်မောင်းကတော့ စစ်မှုမထမ်းမနေရ စနစ်အရ တပ်ထဲဝင်ရလိမ့်မယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ဂျိုလီဟာ တပ်သားသစ် စုဆောင်းရာ ဌာနမှာ ယာဉ်မောင်းနဲ့အတူ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဗီဒီယိုရဲ့ စစ်မှန်မှုကိုတော့ အတည်မပြုနိုင်ပါဘူး။

ယူကရိန်းမှာတော့ အသက် ၂၅ နှစ်ကနေ ၆၀ ကြား သန်စွမ်းတဲ့ အမျိုးသား မှန်သမျှ စစ်မှုထမ်းဖို့ အကျုံးဝင်တယ်လို့ သတ်မှတ်ထားပါတယ်။ လမ်းတွေပေါ်မှာ တပ်က အရွယ်ကောင်း အမျိုးသားတွေကို တားဆီးပြီး အခုလို စစ်ဆေးတာမျိုးတွေက ဖြစ်ရိုးဖြစ်စဉ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ယာဉ်မောင်းကို စစ်မှုထမ်း စုဆောင်းဖို့ ခေါ်ယူထားခဲ့တဲ့ ကိစ္စမှာ ဂျိုလီက ဝင်စွက်ဖက်တာမျိုး မရှိခဲ့ပါဘူး။ ယူကရိန်း မီဒီယာတွေကတော့ အဲဒီယာဉ်မောင်းဟာ ယူကရိန်း အရန်တပ်ဖွဲ့ဝင် စာရင်းထဲ ထည့်သွင်းခံထားရသူလို့ ဖော်ပြခဲ့ပါတယ်။

ဂျိုလီဟာ ခါဆွန်မှာ ရှိနေစဉ် အတောအတွင်း ဆေးရုံတစ်ခုနဲ့ တခြားနေရာတွေကို သွားရောက်ခဲ့သလို မြေအောက် ဗုံးခိုကျင်း တစ်ခုထဲက ကလေးတွေကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနေရာဟာ ကောင်းကင်မှာ ပျံဝဲနေတဲ့ ဒရုန်းတွေ ရန်ကနေ ကာကွယ်ဖို့ တည်ဆောက်ထားတာပါ။

ရုရှားသတင်းဌာန TASSက ဂျိုလီဟာ နောက်ပိုင်းမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆီ လိပ်မူပြီး ယာဉ်မောင်းကို လွှတ်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် အဲဒီ သတင်းအချက်အလက်ကိုလည်း သီးခြား အတည်မပြုနိုင်ကြောင်း သိရပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။