Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သင့်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး တရုတ်သံအရာရှိ မှတ်ချက်ပေးလို့ အငြင်းပွားမှုတွေ ဖြစ်ပေါ်

ဂျပန် ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သင့်တယ် ဆိုတာမျိုး အဓိပ္ပါယ် သက်ရောက်တဲ့ တရုတ် သံအရာရှိရဲ့ မှတ်ချက်ကြောင့် နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ မြင့်တက်လာနေပါတယ်။

ဓာတ်ပုံ - Shutterstock

ဂျပန် ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သင့်တယ် ဆိုတာမျိုး အဓိပ္ပါယ် သက်ရောက်တဲ့ တရုတ် သံအရာရှိရဲ့ မှတ်ချက်ကြောင့် နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ မြင့်တက်လာနေပါတယ်။

ထိုင်ဝမ်ကိုသာ တရုတ်က တိုက်ခိုက်ရင် ဂျပန်ကလည်း ပြည်စောင့်တပ်တွေ စေလွှတ်ပြီး ကူညီခုခံစေမယ်ဆိုတဲ့ သဘောမျိုးကို ဂျပန် ဝန်ကြီးချုပ်သစ် ဆာနေး တာကိုင်ချီက ထုတ်ပြောခဲ့ရာက လက်ရှိ ပြဿနာ စတင်ခဲ့တာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အိုဆာကာမှာ ရှိနေတဲ့ တရုတ် ကောင်စစ်ဝန်က သဘောထား တုံ့ပြန်ရာမှာ တာကိုင်ချီကို ခေါင်းဖြတ်သင့်တယ်လို့ အဓိပ္ပါယ်နှစ်ခွ ယူလို့ရမယ့် အသုံးအနှုန်းမျိုးနဲ့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အတိုက်အခံ လွှတ်တော် အမတ်တစ်ဦးက ထိုင်ဝမ်ကိုသာ တရုတ်က စစ်ပြုတိုက်ခိုက်လာမယ်ဆိုရင် ဂျပန်အစိုးရရဲ့ မူဝါဒက ဘယ်လိုရှိမလဲ ဆိုတာကို မေးမြန်းခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ မကြာခဏ ခြိမ်းခြောက်ထားပါတယ်။ ထိုင်ဝမ်ကတော့ ဒီမိုကရေစီ ပြည့်ဝတဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်မှုကိုသာ လိုလားပါတယ်။

အတိုက်အခံ အမတ်ရဲ့ အမေးကို တာကိုင်ချီက ပြန်ဖြေရာမှာတော့ ထိုင်ဝမ်နားကို စစ်သင်္ဘောတွေ ရောက်လာတာ၊ အင်အားသုံးမယ့် အရိပ်အယောင်တွေ တွေ့လာတာမျိုးဆိုရင် ဘယ်သူတွေက ဘယ်လိုပဲ အမြင်ကွဲနေပါစေ၊ လက်တွေ့အားဖြင့်တော့ ‘ရှင်သန်မှုကို ခြိမ်းခြောက်ခြင်း’ ဖြစ်စဉ် တစ်ခုလို့ သတ်မှတ်ရလိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဝေါဟာရက ဂျပန်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခင်းအကျင်းမှာတော့ အထူးအကဲဆတ်နိုင်ပါတယ်။ ဒီစကားလုံးကို ၂၀၁၅ ခုနှစ်၊ ဂျပန် လုံခြုံရေး ဥပဒေထဲမှာ တရားဝင် သုံးနှုန်းထားပြီး ဂျပန်နဲ့ မဟာမိတ် နိုင်ငံတစ်ခုခုကို လက်နက်ကိုင် တိုက်ခိုက်မှုတစ်ခု ဖြစ်လာတာမျိုးကို ရည်ညွှန်းပါတယ်။ ဒါဆိုရင် ဂျပန်ရဲ့ ပြည်စောင့်တပ်တွေက အဲဒီ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ အစီအမံတွေကို စတင် အသက်သွင်းရမှာ ဖြစ်ပါတယ်။

တာကိုင်ချီရဲ့ စကားက တရုတ်သာ ထိုင်ဝမ်ကို တိုက်ရိုက် ဂျပန်က တရုတ်ကို တိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေတဲ့နောက် ဒါဟာ အစွမ်းကုန်အောင် မိုက်မဲတဲ့ မှတ်ချက်မျိုးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝေဖန်ခဲ့ပါတယ်။ အိုဆာကာမှာရှိတဲ့ တရုတ် ကောင်စစ်ဝန် ရှုကျန်းက တာကိုင်ချီရဲ့ စကားတွေအကြောင်း ဖော်ပြထားတဲ့ သတင်းဆောင်းပါး တစ်ခုကို လူမှုကွန်ရက် မီဒီယာ Xမှာ မျှဝေခဲ့ရာမှာ သူ့ကိုယ်ပိုင် မှတ်ချက်တစ်ခုကို ထည့်ရေးခဲ့ပါတယ်။

ရှုရဲ့ မှတ်ချက်မှာတော့ ညစ်ညမ်းတဲ့ခေါင်းက သူ့ဖာသာ ဆက်နေရင်တောင် ဖြတ်ပစ်ရမယ်လို့ ပါရှိခဲ့ပါတယ်။ ဒါဟာ အန္တရာယ်များပြီး ဒုက္ခပေးနိုင်တဲ့ အတွေးအခေါ်မျိုးကို အခြေအနေတွေ ဆိုးမလာခင် ကြိုတင်ရှင်းပစ်သင့်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ရည်ညွှန်းတာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သံအရာရှိ တစ်ဦးအနေနဲ့ ဒီစကားလုံးမျိုး သုံးနှုန်းတာဟာ သင့်လျော်မှု လုံးဝ မရှိဘူးလို့ ဂျပန်အစိုးရ အတွင်းရေးမှူးချုပ် မီနိုရူ ခီဟာရာက နိုဝင်ဘာ ၁၀ ရက်နေ့မှာ အတိအလင်း ဝေဖန်ခဲ့ပါတယ်။

ရှုရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ ဂျပန်က တရုတ် အစိုးရဆီ တိုက်ရိုက် အရေးဆို ကန့်ကွက်ခဲ့သလို တစ်ဖက်မှာလည်း တာကိုင်ချီ ပြောဆိုခဲ့တဲ့ စကားအတွက် တရုတ်က ဂျပန်ဆီ တရားဝင် ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။

အငြင်းပွားစရာတွေ ဖြစ်လာတဲ့နောက် ရှုက သူ့ရဲ့ ပို့စ်ကို Xကနေ ပြန်ဖယ်ရှားလိုက်ပြီ ဖြစ်ပေမယ့် အငြင်းပွားမှုတွေကတော့ မပြီးဆုံးသေးပါဘူး။ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ တာကိုင်ချီက သူပြောခဲ့တဲ့ သဘောထား မှတ်ချက်ကို ပြန်ရုပ်သိမ်းစရာ အကြောင်းမရှိဘူးလို့ ထပ်ပြောခဲ့ပါတယ်။ သူ့ရဲ့ သဘောထားဟာ အစိုးရရဲ့ ပုံမှန် ဆွဲကိုင်ထားတဲ့ မူဝါဒ ရပ်တည်မှုကိုပဲ ရည်ညွှန်းကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ တစ်ခုခုကို မှတ်ချက်ပေးမယ်ဆိုရင် စကားအသုံးအနှုန်းကို ပိုပြီး ဂရုစိုက်သွားဖို့တော့ ရှိနေကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

ကိုးကား: Asahi

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ ပါတီဟာ သမိုင်းဝင် အပြတ်သားဆုံး ရလဒ်မျိုးနဲ့ အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လာမယ့် ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိကို ထောက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံ သတ်ဖြတ်ခဲ့သူက သူ့ရဲ့ ပြစ်ဒဏ်အတွက် အယူခံ ဝင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လန်ဒန်မြို့ဆီ အလည်အပတ် လာရောက်ဖို့ ဂျပန်ဝန်ကြီးချုပ်ကို ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ဖိတ်ကြားခဲ့ပါတယ်။