ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ ပါတီဟာ သမိုင်းဝင် အပြတ်သားဆုံး ရလဒ်မျိုးနဲ့ အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။
တကအိချိဟာ လွန်ခဲ့တဲ့ ၄ လကျော်လောက်က အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)ရဲ့ ခေါင်းဆောင် နေရာကို ရယူခဲ့ပြီး အဲဒီအတွက် ဂျပန် ဝန်ကြီးချုပ် တာဝန်ကိုပါ လွှဲပြောင်း ယူနိုင်ခဲ့ပါတယ်။ သူဟာ ဂျပန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့ပါတယ်။
LDPဟာ အာဏာရ ပါတီအဖြစ် အုပ်ချုပ်နေပေမယ့် လွှတ်တော်ထဲမှာ အမတ်နေရာ အများစုကို ထိန်းချုပ်ထားနိုင်တာမျိုး အားကောင်းတဲ့ ရပ်တည်မှုကိုတော့ မပိုင်ဆိုင်ခဲ့ပါဘူး။ တကအိချိဟာ ပြည်တွင်းမှာ သူ့အပေါ် လူထုထောက်ခံနှုန်း မြင့်တက်နေတာကို အားကိုးပြီး လွှတ်တော်ကို ဖျက်သိမ်းဖို့၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစေဖို့ ကြေညာခဲ့ပါတယ်။
သူ့ရဲ့ စွန့်စားရွေးချယ်မှုဟာ ကောင်းကောင်းကြီး အကျိုးရှိလာစေခဲ့ပါတယ်။ LDPဟာ ဂျပန်ရဲ့ အောက်လွှတ်တော် အမတ်နေရာ ၄၆၅ ခုထဲမှာ ၃၁၀ စာအတွက် အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်မှာ ပါတီတစ်ခုတည်းက လွှတ်တော်အမတ် နေရာတွေရဲ့ သုံးပုံနှစ်ပုံစာထိ ပြတ်ပြတ်သားသား အနိုင်ရတဲ့ ပထမဆုံး ရလဒ်အဖြစ်လည်း မှတ်တမ်း ဝင်လာစေခဲ့ပါတယ်။

Public Service Announcement
ဂျပန်နိုင်ငံရေး အကဲခတ်တွေကတော့ ပြည်သူတွေဟာ တကအိချိကို ပုဂ္ဂိုလ်ရေး သဘောကျကြတဲ့အပြင် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်နဲ့ အတူတွဲပြီး ဒရမ်တီးပြခဲ့တဲ့ လုပ်ရပ်မျိုးတွေကပါ လူအများကို ပိုမို ဆွဲဆောင်နိုင်စေခဲ့တယ်လို့ ပြောပါတယ်။ ဂျပန်မှာ ရှင်ဇိုအာဘေး လက်ထက်နောက်ပိုင်း ဝန်ကြီးချုပ် တစ်ဦးအပေါ် လူထုက တက်တက်ကြွကြွ ထောက်ခံနေမှုတွေကိ တကအိချိ လက်ထက်မှာ ပထမဆုံးအကြိမ် ပြန်လည် တွေ့မြင်လာနေရတယ်လို့ ဆိုပါတယ်။
LDPဟာ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် အစဉ်အလာ မဟာမိတ် ပါတီနဲ့ ပူးပေါင်းလိုက်ရင် လွှတ်တော် အမတ် နေရာ ၄၆၅ ခုထဲက ၃၄၀ ကျော်လောက်ထိကို ထိန်းချုပ်လာနိုင်ခြေ ရှိနေပါတယ်။ ဒါဟာ လွှတ်တော်ထဲမှာ အစိုးရရဲ့ လုပ်ပိုင်ခွင့် အရမ်းအားကောင်းသွားမယ့် အခြေအနေကို ညွှန်ပြနေပြီး တစ်ဖက်မှာတော့ အတိုက်အခံ အင်အားစုတွေဟာ အမတ်နေရာ အများစုကို လက်လွှတ် ဆုံးရှုံးလိုက်ရမှာပါ။
NHK သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ တကအိချိက အေးခဲလှတဲ့ ဆောင်းရာသီ လမ်းမတွေပေါ် ထွက်လာပြီး မဲပေးခဲ့ကြတဲ့ ဂျပန်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
တကအိချိက ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ကို ဝန်ကြီးချုပ် နေရာအတွက် ထောက်ခံကြောင်း ကြေညာခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုလည်း ကျေးဇူးတင်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရေးသားခဲ့ပြီး အမေရိကန်နဲ့ ဂျပန်ရဲ့ မဟာမိတ် ဆက်ဆံရေးဟာ အကန့်အသတ် မရှိနိုင်ဘူးလို့ ညွှန်းဆိုခဲ့ပါတယ်။
ထရမ့်ကလည်း အရမ်းအရေးကြီးတဲ့ ဂျပန် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ တကအိချိကို ဂုဏ်ပြုကြောင်း၊ သူဟာ အများလေးစား ခံရပြီး အရမ်း ကျော်ကြားတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပစေဖို့ ရွေးချယ်ခဲ့တဲ့ တကအိချိရဲ့ ရဲရင့်ပြီး ပညာသားပါတဲ့ ဆုံးဖြတ်ချက်က အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း လူမှုကွန်ရက်ပေါ်မှာ ချီးကျူးထားခဲ့ပါတယ်။
ရွေးကောက်ပွဲ ရလဒ်အရ တကအိချိဟာ ဂျပန်ရဲ့ လက်ရှိ ကြုံနေတဲ့ အမျိုးမျိုးသော ပြဿနာတွေကို သူ့နည်းသူ့ဟန်တွေနဲ့ စီမံတုံ့ပြန်ဖို့ ပိုပြီး လွတ်လပ်တဲ့ လုပ်ပိုင်ခွင့်တွေ ရရှိလာတော့မှာ ဖြစ်ပါတယ်။ ဂျပန်ဟာ ဒေသတွင်း အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာနေတာ၊ သက်ကြီးပိုင်း လူဦးရေ တိုးလာနေတာ၊ လူနေမှုစရိတ်တွေ ကြီးမြင့်လာနေတာ၊ ယန်းငွေတန်ဖိုး ကျဆင်းလာနေတာမျိုး စိန်ခေါ်မှုတွေကို ကြုံတွေ့နေရပါတယ်။
ကိုးကား: CNN

















































