လာမယ့် ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိကို ထောက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ဂျပန်မှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရပြီး ၃ လ အကြာမှာပဲ တကအိချိက လွှတ်တော်ကို ဖျက်သိမ်းစေခဲ့တာကြောင့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။
တကအိချိဟာ ပြည်တွင်းမှာ လူကြိုက်များနေပြီး လက်ရှိ အာဏာရ လစ်ဘရယ် ဒီမိုကရက်ပါတီ အနိုင်ရထားတဲ့ လွှတ်တော် အမတ် နေရာတွေထက် အများကြီး ပိုမို ရရှိလာတဲ့ အောင်မြင်မှုမျိုးဆီ လာမယ့်ရွေးကောက်ပွဲမှာ ဦးဆောင်ပေးသွားဖွယ် ရှိနေကြောင်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ ထရမ့်က သူလည်း ဂျပန်ရွေးကောက်ပွဲမှာ တကအိချိကိုပဲ ထောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအမျိုးသမီးဟာ နိုင်ငံကို တကယ်ချစ်ပြီး အားကောင်းတဲ့၊ ဩဇာကြီးမားတဲ့၊ အရည်အချင်း ပြည့်ဝတဲ့ ခေါင်းဆောင်တစ်ဦးဆိုတာ သက်သေ ပြထားပြီးသားလို့ ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။ တကအိချိကြောင့် ဂျပန်ပြည်သူတွေ စိတ်ပျက်စရာ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
အမေရိကန် သမ္မတတွေဟာ နိုင်ငံခြား တိုင်းပြည်တွေရဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်သူ့ကို ထောက်ခံတယ် ဆိုတာမျိုး လူသိရှင်ကြား သဘောထား မှတ်ချက်ပေးလေ့ မရှိပေမယ့် ထရမ့်ကတော့ အာဂျင်တီးနား ရွေးကောက်ပွဲမှာ ဟာဗီးယား မီလိုင်၊ ဟန်ဂေရီမှာ ဗစ်တာ အော်ဘန်တို့ကို အတိအလင်း ထောက်ခံကြောင်း ပြောခဲ့ဖူးပါတယ်။
အသက် ၆၄ နှစ်အရွယ် တကအိချိဟာ ဝန်ကြီးချုပ် ဖြစ်လာချိန် ကတည်းက အရေးအကြီးဆုံး စိန်ခေါ်မှု တစ်ခုအဖြစ် မဟာမိတ် အမေရိကန် နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေရပါတယ်။ အစောပိုင်းတုန်းက ဂျပန်ရဲ့ ပို့ကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပေမယ့် တကအိချိ မတိုင်ခင် ဂျပန် အစိုးရက အမေရိကန်မှာ ဒေါ်လာ ၅၅၀ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်မယ်လို့ ဇူလိုင်လမှာ ကတိပေးခဲ့တဲ့နောက် ထရမ့်က အခွန်စည်းကြပ်မှုကို ၁၅ ရာခိုင်နှုန်းထိ လျှော့ချပေးခဲ့ပါတယ်။
အောက်တိုဘာလမှာတော့ တကအိချိက ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံရပြီး ဝန်ကြီးချုပ် ရာထူးကိုလည်း ရယူခဲ့ပါတယ်။ သူဟာ ဂျပန် ဝန်ကြီးချုပ် ဖြစ်လာပြီး တစ်ပတ် အကြာမှာပဲ ပထမဆုံး သံတမန်ရေး တာဝန်အဖြစ် ထရမ့်ရဲ့ တိုကျို ခရီးစဉ်အတွက် ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ဖူးပါတယ်။
ကိုးကား: BBC

















































