Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပ်စတိန်းဖိုင်တွေ ထုတ်ပေးဖို့ အဆိုကို ထရမ့် လက်မှတ်ရေးထိုး အတည်ပြု

အပ်စတိန်းဖိုင်တွေကို လူသိရှင်ကြား စုံစုံလင်လင် ထုတ်ဝေပေးဖို့ အမိန့်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ဓာတ်ပုံ - AP

အပ်စတိန်းဖိုင်တွေကို လူသိရှင်ကြား စုံစုံလင်လင် ထုတ်ဝေပေးဖို့ အမိန့်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

အပ်စတိန်း ဖိုင်တွေဆိုတာဟာ ၂၀၁၉ တုန်းက ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ သက်ငယ်မုဒိမ်းသမား၊ လူမှောင်ခိုသမား စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းကို စစ်ဆေး မေးမြန်းထားတဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။ အပ်စတိန်းဟာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ အနုပညာ ကြယ်ပွင့်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့သလို လက်ရှိ ထုတ်ပြန်ထားတဲ့ မှတ်တမ်းတချို့မှာ ထရမ့်အကြောင်းတွေ ပါနေခဲ့တာကြောင့်လည်း အဲဒီဖိုင်တွေအပေါ် လူထု စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။

အထက်နဲ့အောက် လွှတ်တော် နှစ်ရပ်လုံးက အပ်စတိန်း ဖိုင်တွေကို ထုတ်ပြသင့်ကြောင်း အဆိုပြု ဥပဒေကြမ်းကို အတည်ပြုပေးခဲ့ပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထရမ့်က ဥပဒေအဖြစ် အသက်သွင်းဖို့ လက်မှတ်ရေးထိုးပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် တရားရေး ဝန်ကြီးဌာနဟာ ရက်ပေါင်း ၃၀ အတွင်း အဲဒီဖိုင်တွေကို အစုံအလင် ထုတ်ပြပေးရတော့မှာပါ။

ဓာတ်ပုံ – AP

အပ်စတိန်း ဖိုင်တွေရဲ့ အစိတ်အပိုင်း တချို့ကို အရင်ကလည်း ထုတ်ပြန်ဖူးပေမယ့် အစအဆုံး အစုံအလင် ဖော်ပြဖို့ကိုတော့ အမေရိကန် အစိုးရက အစဉ်တစိုက် ငြင်းဆိုနေခဲ့ပါတယ်။ ထွက်ပေါ်ခဲ့ပြီးသမျှ အပ်စတိန်းဖိုင် အပိုင်းအစတွေမှာ ထရမ့်ရဲ့ နာမည်ကို ရည်ညွှန်းတာတွေ ရှိပေမယ့် အပ်စတိန်း ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေမှာ ထရမ့်က ထဲထဲဝင်ဝင် ပတ်သက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ အပ်စတိန်းဖိုင်တွေ အလုံးစုံ ထုတ်ပြန်နိုင်ရေးကို အဓိက ဦးဆောင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အောက်လွှတ်တော်ဟာ အပ်စတိန်းဖိုင်တွေ ထုတ်ပြန်ပေးဖို့ တောင်းဆိုတဲ့ အပ်စတိန်းဖိုင်များ ပွင့်လင်းမြင်သာရေး ဥပဒေ မူကြမ်းကို ထောက်ခံမဲ ၄၂၁ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ အပြတ်အသတ် အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီအကြောင်းအရာကို အထက်လွှတ်တော်မှာ ထပ်ဆင့် ဆွေးနွေးတဲ့အခါ တရားဝင် မဲကောက်ယူနေစရာ မလိုဘဲ လွှတ်တော်တွင်း ခြွင်းချက်မရှိ ထောက်ခံမှုနဲ့ အတည်ပြုခဲ့ကြပါတယ်။

နောက်ဆုံး အဆင့် အနေနဲ့ အဲဒီအဆိုကို အသက်သွင်းပေးဖို့ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ တရားရေး ဝန်ကြီးဌာနဟာ အပ်စတိန်းနဲ့ ပတ်သက်တဲ့ စစ်ချက် အပြည့်အစုံကို အလွယ်တကူ download ပြုလုပ် ရယူလို့ရတဲ့ ဒစ်ဂျစ်တယ် ဖိုင်အဖြစ်နဲ့ ရက်ပေါင်း ၃၀ အတွင်း ထုတ်ပြန်ပေးရမှာပါ။

အပ်စတိန်းဖိုင်တွေ အရေးမှာ သူ့ကို လာရောက် ဆက်နွှယ်တာဟာ ဒီမိုကရက်တစ် ပါတီရဲ့ နိုင်ငံရေး ထိုးနှက်မှု တစ်ခုသာဖြစ်တယ်လို့ ထရမ့်က အစဉ်တစိုက် ဝေဖန်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ တကယ်တမ်း ဘူးပေါ်သလို ပေါ်လာမှာက ဒီမိုကရက်တစ် ပါတီဝင်တွေနဲ့ အပ်စတိန်းကြားက ဆက်နွှယ်မှုတွေ ဖြစ်နိုင်ကြောင်း၊ သူက ခုလေးတင် အပ်စတိန်းဖိုင်တွေ ထုတ်ပေးရေး အဆိုပြုချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့တုန်းကလည်း ထရမ့်က အပ်စတိန်းဖိုင်တွေ ကိစ္စမှာ သူက ဘာမှ ပြဿနာ မရှိကြောင်း၊ အပ်စတိန်းဟာ ဒီမိုကရက်တစ် တစ်ဦးဖြစ်ပြီး ဖိုင်တွေ ထွက်ပေါ်လာရင် တကယ်တမ်း ပြဿနာ တက်မှာက ဒီမိုကရက်တစ် ပါတီသာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

ထရမ့်က သူနဲ့ အပ်စတိန်းတို့ဟာ အရင်က ရင်းနှီးကျွမ်းဝင်ဖူးတာ မှန်ပေမယ့် အပ်စတိန်း ကျူးလွန်ခဲ့တာတွေအတွက် ပြစ်မှုထင်ရှားကြောင်း ပထမအကြိမ် စီရင်ဆုံးဖြတ်တဲ့ ၂၀၀၈ ခုနှစ် မတိုင်ခင် ကတည်းက သူတို့နှစ်ဦး အဆက်ပြတ်နေခဲ့ပြီး ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ပြီးတော့ သူက အပ်စတိန်း ကျူးလွန်နေခဲ့တဲ့ ရာဇဝတ် ကိစ္စတွေအကြောင်းလည်း လုံးဝမသိဘူးလို့ ငြင်းဆိုထားပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။