ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
ဗီယက်နမ်ရဲ့ အစိတ်ပိုင်းတချို့မှာ ၃ ရက်ဆက်တိုက် မရပ်မနား သည်းသည်းထန်ထန် မိုးရွာသွန်းခဲ့ရာက အိမ်ပေါင်း ၅၂၀၀၀ ကျော် ရေနစ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားတွေလည်း ပြတ်တောက်ကုန်ပါတယ်။ လက်ရှိ အချိန်ထိ သေဆုံးသူ ၄၁ ဦး စာရင်းရထားပြီး ၉ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၃ ရက်အတွင်း ဗီယက်နမ်ရဲ့ ဒေသတချို့မှာ မိုးရေချိန်က ၁.၅ မီတာ (၅ ပေ)လောက်ထိ များပြားခဲ့ပါတယ်။ ကမ်းရိုးတန်း မြို့တွေဖြစ်တဲ့ ဟွိုင်နာနဲ့ နာထရန်တို့ကတော့ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားတဲ့ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ကြရပါတယ်။
ပြီးတော့ နိုင်ငံအလယ်ပိုင်းက ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရာ ကုန်းမြင့်ဒေသတွေမှာလည်း မြေပြိုမှုတွေ နေရာအနှံ့ ကြုံတွေ့ခဲ့ရပါတယ်။

Public Service Announcement
ဗီယက်နမ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကြမ်းတမ်းပြင်းထန်တဲ့ ရာသီဥတု ဖြစ်စဉ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သီတင်းပတ် နည်းနည်းလောက်သာခြားပြီး တိုက်ခတ်ခဲ့တဲ့ ကာလ်မက်ဂီးနဲ့ ဘူအာလွိုင် တိုင်ဖွန်းမုန်တိုင်း နှစ်ခုကြောင့်လည်း ဗီယက်နမ်မှာ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အခုနှစ်အတွင်း အောက်တိုဘာ လကုန်ထိ အခြေအနေအရ ဗီယက်နမ်မှာ သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာဟာ ဒေါ်လာ ၂ ဘီလီယံဖိုးထိ ရောက်ရှိခဲ့ပြီး ဖြစ်တယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာတော့ ရေလွှမ်းမိုးတဲ့ ဇုန်နယ်မြေတွေမှာ လူတွေက အိမ်ခေါင်မိုးတွေပေါ်ထိ တက်ပြီး ခိုလှုံနေရတာတွေကို တွေ့ရပါတယ်။ သဘာဝ ဘေးအန္တရာယ် အရေးပေါ် အခြေအနေ ကြေညာထားရတဲ့ လမ်ဒေါင် ပြည်နယ်ထဲမှာတော့ တံတားတစ်စင်းဟာ အောက်ခြေတိုင် တစ်ခု ရေစီးနဲ့ ပါသွားရာက တခြမ်းစောင်းသွားတာကို တွေ့ရပါတယ်။
နာထရန်မှာတော့ နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းထိ ရေမကျသေးဘဲ အိမ်တွေ၊ ဆိုင်တွေထဲမှာ ၃ ပေလောက်ထိ ရေဝင်နေဆဲပါ။ မြို့ခံ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကတော့ ပရိဘောဂတွေ ပျက်စီးမှာကို စိုးရိမ်ပေမယ့် ဘာမှ မတတ်နိုင်ကြောင်း၊ လောလောဆယ် အသက်ဘေး မကြုံရတာကိုပဲ ကျေးဇူးတင်ရမှာဖြစ်ကြောင်း ပြောပါတယ်။
မိုးလေဝသ ပညာရှင်တွေကတော့ ဗီယက်နမ် အလယ်ပိုင်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့ထိ မိုးအသင့်အတင့်ကနေ သည်းသည်းထန်ထန် ဆက်လက် ရွာသွန်းနိုင်ခြေတွေ ရှိနေဆဲလို့ သတိပေးထားပါတယ်။
ကိုးကား: DW



















































