Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပက ဆွေးမြေ့ပျက်စီးလာနေပြီလို့ ထရမ့်ဝေဖန်

ဥရောပဟာ အားနည်းနုံချာပြီး ဆွေးမြေ့ ပျက်စီးလာနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Politico

ဥရောပဟာ အားနည်းနုံချာပြီး ဆွေးမြေ့ ပျက်စီးလာနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ယူကရိန်း ပဋိပက္ခအရေး၊ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး ဥရောပနဲ့ သဘောထား မတူညီတာတွေအပေါ် ထရမ့်က အခုလိုမျိုး ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့မှာ ထရမ့်က ပြောဆိုခဲ့တဲ့ စကားလုံးတွေကြောင့် အမေရိကန်ဟာ အစဉ်အလာအရ သက်တမ်းအရင့်ဆုံး မဟာမိတ်နိုင်ငံတွေနဲ့ အတွင်းလှိုက် တင်းမာမှုတွေ ပိုမိုကြီးမားလာနေကြောင်း မြင်သာလာစေပါတယ်။

Politico မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထရမ့်က ယူကရိန်း စစ်ပွဲမှာ ရုရှားဟာ အသာစီး ရနေတယ်လို့ ပြောကြားခဲ့သလို ယူကရိန်းမှာ စစ်ဖြစ်နေတဲ့တိုင်အောင် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အနေနဲ့ ရွေးကောက်ပွဲ ကျင်းပပေးသင့်တယ်လို့ ထရမ့်က မှတ်ချက်ပေးထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ သူ့အစိုးရက ထုတ်ပြန်တဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာဆိုတဲ့ အစီအမံထဲမှာ ဥရောပရဲ့ လူဝင်မှု ကြီးကြပ်ရေး အစီအမံတွေကို အတိအလင်း ဝေဖန်ထားခဲ့ပါတယ်။ ဥရောပဟာ လက်ရှိ မူဝါဒတွေကို မပြင်ဘူးဆိုရင် လာမယ့် ဆယ်စုနှစ် တစ်ခုနှစ်ခုအတွင်း မမှတ်မိနိုင်လောက်အောင် ပြောင်းလဲပြီး အစဉ်အလာ ယဉ်ကျေးမှု ဝိသေသတွေ ပျောက်ဆုံးသွားလိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အင်တာဗျူးထဲမှာတော့ အဲဒီသဘောထားကို ထရမ့်က ထပ်လောင်းပြောကြားခဲ့သလို ဥရောပ နိုင်ငံအများစုဟာ ဆွေးမြေ့ပျက်စီးလာနေပြီလို့ ဝေဖန်သွားပါတယ်။ အသက် ၇၉ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီး ထရမ့်ဟာ ရွှေ့ပြောင်း အခြေချမှုတွေအပေါ် ခါးသီးတဲ့ အမြင်မျိုး အမုန်းစကားတွေ ဖြန့်ဝေရင်း လက်ယာစွန်း နိုင်ငံရေး အင်အားစုတွေကြားမှာ လူကြိုက်များလာခဲ့သူ ဖြစ်ပါတယ်။ သူက ရွှေ့ပြောင်း အခြေချသူတွေအပေါ် ငဲ့ညှာလွန်းတဲ့ ဥရောပရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေဟာ ကပ်ဘေးတစ်ခုလို့လည်း စွပ်စွဲခဲ့ပါတယ်။

ဥရောပဟာ နိုင်ငံရေးအရ လူမှန်ကြီးတွေ လုပ်ချင်နေပေမယ့် အဲဒီအခြေအနေကပဲ သူတို့ကို ဆုတ်ယုတ် အားလျော့သွားစေကြောင်း၊ ဥရောပရဲ့ အားနည်းသွားမှုဟာ အဲဒါတွေကြောင့်ဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ ဒါတင် မကသေးဘဲ ဥရောပ ခေါင်းဆောင်ပိုင်းတွေထဲမှာ တကယ့်ကို နုံချာညံ့ဖျင်းတဲ့သူတချို့ ပါဝင်နေတယ်လို့လည်း သူက ဆက်ပြောပါသေးတယ်။

သူက ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စနဲ့ ပတ်သက်လို့ ဥရောပက အမေရိကန်ရဲ့ အမြင်သဘောထားတွေနဲ့ ခြားနားပြီး ရပ်တည်နေတာကိုလည်း ဝေဖန်ခဲ့ပါတယ်။ NATO စစ်မဟာမိတ် အဖွဲ့ဟာ သူ့ကို အဖေခေါ်နေရတယ်လို့လည်း ထရမ့်က ပြောပါတယ်။ ဒါဟာ ဇွန်လတုန်းက ထရမ့်တောင်းဆိုတဲ့အတိုင်း အဖွဲ့ဝင် နိုင်ငံအားလုံး ကာကွယ်ရေး အသုံးစရိတ်တွေ မြှင့်တင်ကြဖို့ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက တောင်းဆိုခဲ့တာကို ရည်ညွှန်းခြင်း ဖြစ်နိုင်ပါတယ်။

ဥရောပ နိုင်ငံတွေက စကားတွေ အဆက်မပြတ် ပြောနေပေမယ့် ရလဒ်တွေကိုတော့ မဖန်တီးနိုင်ကြောင်း၊ စစ်ပွဲက ကြာသထက် ပိုကြာလာနေကြောင်း ထရမ့်က ဝေဖန်ခဲ့ပါတယ်။

ထရမ့်ရဲ့ အင်တာဗျူးထဲက စကားတွေဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စိမ်းကားတဲ့ သဘောထားတွေအပေါ် အချိန်ပြည့် စိုးရိမ်နေရတဲ့ ဥရောပအတွက် နောက်ထပ် ပိုပြီး စိတ်ပူစရာ အချက်ပေး ခေါင်းလောင်းသံမျိုး ဖြစ်လာပါတယ်။

ထရမ့်က ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်နဲ့ ဆွီဒင်နိုင်ငံတွေဟာ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကြောင့် အများပြီး ဖျက်ဆီးခံခဲ့ရပြီးပြီလို့လည်း သူ့ရဲ့ အင်တာဗျူးထဲမှာ စွပ်စွဲသွားခဲ့ပါသေးတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေတပ် သင်္ဘောတွေကို ပြည်ပနိုင်ငံတွေမှာ တည်ဆောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မျိုးဆက်တစ်ခုအတွင်း တစ်ခါလောက်သာ ကြုံနိုင်တဲ့ အပြည့်အဝ နေကြတ်မှု ဖြစ်စဉ်ကို ဥရောပ နိုင်ငံနှစ်ခုကနေ တွေ့မြင်ခဲ့ရပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။