ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စဟာ တဖြည်းဖြည်း တိုးတက်မှုတွေ ရရှိလာနေပေမယ့် တစ်ဖက်မှာလည်း ဖြတ်ကျော်ရမယ့် အဟန့်အတားတချို့ ကျန်နေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား ၄ နှစ်နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် အဓိက ကြားဝင်စေ့စပ်ပေးနေသူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ဖလော်ရီဒါမှာ တွေ့ဆုံပြီး စစ်ရပ်စဲရေး ဖြစ်နိုင်ခြေ အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးစလုံးက အဲဒီ ဆွေးနွေးမှုတွေဟာ ထူးခြား ကောင်းမွန်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပြီး ထရမ့်ကတော့ နောက်ဆုံးအဆင့် မျှော်လင့်ချက်တွေ အထမြောက်ဖို့ဆိုရင် ဖြတ်သန်းရမယ့် အတားအဆီး တစ်ခုနှစ်ခု ကျန်နေဆဲလို့ ဆိုပါတယ်။
ဖြေရှင်းလို့ မရသေးတဲ့ အဓိက အကျဆုံး ပြဿနာကတော့ ပိုင်နက်နယ်မြေ ပိုင်းခြားသတ်မှတ်ရေး ဖြစ်တယ်လို့ ထရမ့်က အတည်ပြုသွားပါတယ်။

Public Service Announcement
ထရမ့်ပိုင်ဆိုင်တဲ့ မာအာလာဂို စံအိမ်ကြီးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ဇီလန်စကီးက အမေရိကန် အစိုးရက အကြံပြုထားတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် ၂၀ ထဲက ၉၀ ရာခိုင်နှုန်းလောက်အတွက် ညှိနှိုင်းပြီးစီးနေပြီလို့ ပြောပါတယ်။ ထရမ့်က စစ်ကာလအပြီး အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေက ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့ ဆွေးနွေးနေတဲ့ အစီအမံတွေကလည်း ၉၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ထရမ့်က ဆိုပါတယ်။
သူနဲ့ ထရမ့်တို့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန်နဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေဟာ နောက်တစ်ပတ်လောက် အကြာမှာ ထပ်တွေ့ပြီး စစ်ရပ်ဆိုင်းရေးနဲ့ ပတ်သက်လို့ လိုအပ်မယ့် နောက်ဆက်တွဲ ကိစ္စတွေကို ထပ်ဆွေးနွေးမယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့၊ တိုးတက်တဲ့၊ အများကြီး တန်ဖိုးရှိတဲ့ သဘောတူညီမှုတွေကို ရရှိလာခဲ့တယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ယူကရိန်းကို စတင်ကျူးကျော်ခဲ့ပြီး လောလောဆယ် ယူကရိန်းနိုင်ငံရဲ့ ပိုင်နက် ၂၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပါတယ်။
စစ်ပွဲကို ရပ်ဆိုင်းစေချင်ရင် ယူကရိန်း အရှေ့ပိုင်းမှာရှိတဲ့ ဒွန်းညက်စ်ခ်နဲ့ လူဟန့်စ်ခ် ပြည်နယ်တွေ ပါဝင်ဖွဲ့စည်းထားရာ ဒွန်းဘက်စ် ဒေသ တစ်ခုလုံးကို ပေးရမယ်လို့ ရုရှားက တောင်းဆိုထားပြီး အဲဒီကိစ္စဟာ အဓိက မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှု ဖြစ်နေဆဲလို့ ထရမ့်က ဝန်ခံခဲ့ပါတယ်။ ရုရှားဟာ အဲဒီ ဒေသထဲက နယ်မြေတွေကို သိမ်းယူထားသလို နောက်ထပ် လပိုင်းတွေ အကြာမှာ နယ်မြေအသစ်တွေ ထပ်ရသွားဖွယ် ရှိနေကြောင်းလည်း ထရမ့်က ပြောပါတယ်။
လက်ရှိမှာတော့ ရုရှားဟာ ဒွန်းညက်စ်ခ်ပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ လူဟန့်စ်ခ်ပြည်နယ် တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ပွဲကို ရပ်ဆိုင်းချင်ရင် ဒွန်းဘက်စ်မှာ လက်ကျန် ရှိနေတဲ့ ထိန်းချုပ်နယ်မြေ အနည်းအကျဉ်းကို ယူကရိန်းက စွန့်လွှတ်ပေးရမယ်လို့ ရုရှားက ဖိအားပေး တောင်းဆိုနေပါတယ်။ ယူကရိန်းကတော့ အဲဒီဧရိယာတွေကို အထူးစီးပွားရေးဇုန်အဖြစ် ပြောင်းလဲသင့်တယ်ဆိုတဲ့ အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံထားပေမယ့် ယူကရိန်း တပ်တွေကပဲ လုံခြုံရေးယူခွင့် ရသင့်ကြောင်း ပြောဆိုထားပါတယ်။
ကိုးကား: BBC


















































