Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး စနစ်တွေမှာ ပစ်စရာ ဒုံးကျည်မရှိဘဲ ဖြစ်ခဲ့တယ်လို့ ယူကရိန်း သမ္မတပြော

ယူကရိန်း လက်ခံရရှိနေတဲ့ လေကြောင်းကာကွယ်ရေးဆိုင်ရာ ခဲယမ်းမီးကျောက်တွေဟာ ရုရှားရဲ့ ရန်လိုမှုကို တုံ့ပြန် တားဆီးဖို့ လုံလောက်မှု မရှိကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်း လက်ခံရရှိနေတဲ့ လေကြောင်းကာကွယ်ရေးဆိုင်ရာ ခဲယမ်းမီးကျောက်တွေဟာ ရုရှားရဲ့ ရန်လိုမှုကို တုံ့ပြန် တားဆီးဖို့ လုံလောက်မှု မရှိကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

အနောက်မဟာမိတ် နိုင်ငံတွေဆီကနေ လေကြောင်းကာကွယ်ရေး လက်နက်စနစ်တွေ လက်ခံရရှိထားပေမယ့် ထည့်ပစ်စရာ ဒုံးကျည်တွေ မရှိတာမျိုး ကြုံတွေ့ခဲ့ရတယ်လို့ ဇီလန်စကီးက ဇန်နဝါရီ ၁၆ ရက်နေ့တုန်းက ဝန်ခံခဲ့ပါတယ်။

လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ် တချို့မှာ ပစ်စရာ ဒုံးကျည်မရှိဘဲ ဖြစ်နေခဲ့တဲ့ အကြောင်းကို ရန်သူတော် ရုရှားမသိအောင် လျှို့ဝှက်ထားခဲ့ရကြောင်း၊ အခုလို ထုတ်ပြောတယ် ဆိုတာကလည်း ဒုံးကျည်အသစ်တွေ လောလောလတ်လတ် ထပ်မံ လက်ခံရရှိထားလို့ဖြစ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ယူကရိန်းဆီ ထပ်ရောက်လာတဲ့ လေကြောင်းကာကွယ်ရေး ခဲယမ်းမီးကျောက်တွေ ပမာဏကတော့ အတော်လေး များပြားတယ်လို့ သူက အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပ အရှေ့ပိုင်းမှာ ပြင်းထန်လှတဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံ ဖြတ်သန်းနေရတဲ့ အချိန်မှာ ရုရှားဟာ ယူကရိန်းရဲ့ ဓာတ်အားပေး စနစ်တွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက် ဖျက်ဆီးနေခဲ့ပါတယ်။ ရုရှားဟာ နှစ်တိုင်း ဆောင်းရာသီရောက်တိုင်း ပြည်သူတွေရဲ့ နေအိမ်တွေမှာ အနွေးပေး စနစ်တွေ အလုပ်မလုပ်နိုင်အောင် ဓာတ်အားပေး စနစ်တွေကို တိုက်ခိုက်လေ့ ရှိပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လာတာကြောင့် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာ ကျောင်းတွေကို ဖေဖော်ဝါရီလထိ ပိတ်ထားလိုက်ကြောင်း မြို့တော်ဝန်ရုံးက ကြေညာခဲ့ပါတယ်။ တချို့နေ့တွေမှာ အနုတ် ၁၉ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ အေးခဲနေတဲ့ အခြေအနေမှာ ကိယက်ဗ်ဟာ ဆိုးဆိုးရွားရွား ဓာတ်အားပြတ်တောက်မှုတွေနဲ့ ရုန်းကန်နေရပါတယ်။

ဇီလန်စကီးက မဟာမိတ်တွေ အနေနဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေထဲက ထုတ်နုတ်ပြီး ယူကရိန်းဆီ အတတ်နိုင်ဆုံး မြန်မြန် ထောက်ပံ့ ပေးပို့ကြဖို့လည်း တောင်းဆိုထားပါတယ်။

ရုရှားက ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက ယူကရိန်းဟာ ရန်သူရဲ့ လေကြောင်းအသာစီးယူ စိုးမိုးမှုကို ကြုံခဲ့ရပြီး အဲဒီ အခြေအနေကို တွန်းလှန်ရာမှာ အနောက်မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို လွန်လွန်ကဲကဲ မှီခိုထားရပါတယ်။

ဇီလန်စကီးက ယူကရိန်း အနေနဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ စဉ်ဆက်မပြတ် လက်ခံရရှိနေတဲ့ အခြေအနေမျိုးကို လိုအပ်တယ်လို့ ပြောပါတယ်။ နောက်ပြီး မဟာမိတ်တွေဆီက လက်နက် ခဲယမ်းတွေ လက်ခံယူရတဲ့ လုပ်ငန်းစဉ်မှာ အသက်၊ သွေး၊ ချွေးတွေ အများကြီး ရင်းနှီး ပေးဆပ်ခဲ့ရတာတွေ ရှိခဲ့တယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်း သမ္မတက တချို့နိုင်ငံတွေဟာ အရေးပေါ် လိုအပ်နေတဲ့ ယူကရိန်းဆီ ပေးပို့တာမျိုး မရှိဘဲ အဲဒီ လက်နက်ခဲယမ်းတွေကို စုပြုံ သိုလှောင်ထားတာဟာ မဖြစ်သင့်ဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။ ယူကရိန်းက စစ်တိုက်နေရတဲ့ နိုင်ငံဖြစ်ပြီး အဲဒီ လက်နက်ခဲယမ်းတွေကို လိုအပ်ကြောင်း၊ တခြားနိုင်ငံတွေမှာတော့ အဲဒါတွေကို အရေးတကြီး မလိုအပ်ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။