Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“စစ်ဆင်ရေးတွေ ပိုပြီးတော့ ဆောင်ရွက်ဖို့ ရှိတယ်၊ ပြင်လည်း ပြင်ဆင်ထားတာ ရှိပါတယ်”

နေပြည်တော်တိုင်းစစ်ဌာန၊တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်နဲ့​မေးမြန်းခန်း

နေပြည်တော်တိုင်းစစ်ဌာန၊တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်နဲ့​ စစ်​ရေး​လေ့ကျင့်​နေတဲ့ PDF​တွေ။ ဓါတ်ပုံ-​နေပြည်​တော်PDF

စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်ဝန်းကျင်မှာပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) ​တွေရဲ့ စစ်ဒေသအလိုက် တိုက်ခိုက်မှုတွေက ဒီလပိုင်းပိုများလာပါတယ်။ အထူးသဖြင့် PDF အားကောင်းတဲ့ စစ်ကိုင်း၊မ​ကွေး၊နေပြည်တော်၊ပဲခူး၊မန္တ​လေးတိုင်း​တွေမှာ စစ်တပ်စခန်းတွေသိမ်းပိုက်တာ၊ စစ်တပ်စစ်​ကြောင်း​တွေကို တိုက်ခိုက်​ချေမှုန်းတာ၊စစ်​ကောင်စီ အရာရှိ​ကြီး​တွေရဲ့ယာဥ်တန်း​တွေကိုတိုက်ခိုက်တာစတဲ့ စစ်ဆင်​ရေး​တွေခပ်စိပ်စိပ်လုပ်လာကြပါတယ်။ စစ်တပ်က​ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအာရုံစိုက်​နေချိန်မှာ ​တော်လှန်​ရေးတပ်​တွေက ​မြေပြင်မှာထိုးစစ်ဆင် တိုက်ခိုက်မှု​တွေကိုအရှိန်မြှင့်လာတာဖြစ်ပါတယ်။ဒါကြောင့် လက်ရှိ စစ်​ရေးအ​ခြေအ​နေ​တွေနဲ့ပတ်သက်ပြီး နေပြည်တော်တိုင်းစစ်ဌာန၊တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ် နဲ့ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

-ရဲ​​ခေါင်/People’s Spring

မေး-ပထမဆုံးနေပြည်တော်တိုင်းစစ်ဌာနချုပ်ရဲ့ ဖွဲ့စည်းပုံ အကြောင်းရှင်းပြပေးပါလား။

ဖြေ- ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တပ်တစ်ခု ဖြစ်ပါတယ်၊ တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်တယ်ပေါ့နော်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒီ ကွပ်ကဲမှုနဲ့ပေါ့နော် ကျွန်တော်တို့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းစစ်ဌာနချုပ်မှာ ဗျူဟာသုံးခု ရှိပါတယ်။ ဗျူဟာ (၁၇)၊ ဗျူဟာ (၁၈) နဲ့ ဗျူဟာ (၁၉) ပေါ့နော်။ ကျွန်တော်တို့ ဒီဗျူဟာတစ်ခုစီမှာဆိုလို့ရှိရင် တပ်ရင်းလေးရင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ တပ်ရင်းလေးရင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက်တပ်ရင်းပေါင်းစုစုပေါင်း၁၂ရင်း ရှိပါတယ်ကျွန်တော်တို့တိုင်းစစ်ဌာနချုပ်မှာ။ ဗျူဟာသုံးခု၊ တပ်ရင်း (၁၂) ရင်းနဲ့ပေါ့လေကျွန်တော်တို့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့တိုင်းစစ်ဌာနချုပ် ဖြစ်ပါတယ်ဗျ။

Public Service Announcement

Public Service Announcement

မေး- ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အဆင့်လိုက်ကွပ်ကဲမှုတွေအရ ဆိုရင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရဲ့ပါဝင်မှုကိုပါ ပြောပေးပါ။

ဖြေ-အဆင့်ဆင့်ကွပ်ကဲမှုအရ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ စစ်ရုံးချုပ်ပေါ့နော်။ စစ်ရုံးချုပ် ဒီကမှတစ်ဆင့် စစ်ဆင်ရေးနယ်မြေ သုံးခု သတ်မှတ်ထားတာ ရှိပါတယ်။စစ်ဆင်ရေးနယ်မြေ (၁)၊ (၂)၊ (၃) ပေါ့နော်။ ကျွန်တော်တို့ တိုင်းစစ်ဌာနချုပ်အနေနဲ့ကတော့ စစ်ဆင်ရေးနယ်မြေ (၂) ထဲမှာ ပါပါတယ်။ ဆိုတော့ စစ်ရုံးချုပ်ကနေပြီးတော့ စစ်ဆင်ရေး နယ်မြေ (၂) မှာ ရှိတဲ့ ကျွန်တော်တို့ စစ်ဆင်ရေးမှူးကတစ်ဆင့် ကျွန်တော်တို့ကို စီမံကွပ်ကဲပြီးတော့မှ တိုင်းစစ်ဌာနချုပ်အလိုက် ကျွန်တော်တို့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေပါတယ်။

မေး-လတ်တ​လောစစ်ဆင်​ရေး​တွေမှာ သက်ဆိုင်ရာ တိုင်းအလိုက်၊ ခရိုင်အဆင့်အလိုက်PDF စစ်ဌာနတွေကွပ်ပဲပြီး ​နေရာအများကြီးမှာ တပြိုင်းတည်းလုပ်လာတာမျိုး​တွေ တွေ့ရတယ်။ဒါမျိုးအရင်က မရှိခဲ့ဘူးလို့ထင်တယ်။

ဖြေ-အခု ကျွန်တော်တို့ နိုင်ငံအနှံ့ပေါ့နော် တော်တော်များများမှာ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာရှိတယ်။ တိုင်းစစ်ဌာနချုပ်အလိုက် စစ်ဆင်ရေးတွေ ဆောင်ရွက်နေကြတာရှိတယ်ပေါ့နော်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာဆိုလို့ရှိရင် ဒီလိုစစ်ဆင်ရေးမျိုးဆောင်ရွက်ဖို့အတွက်ကို ကျွန်တော်တို့ သေချာ အချိန်ယူပြီးတော့ ကျွန်တော်တို့ ပြင်ဆင်ခဲ့ရတာ ရှိပါတယ်ဗျ။ ကျွန်တော်တို့ ၂၀၂၅ ခုနှစ် တပ်မှူးကြီးများ ညီလာခံကနေလည်း ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်ဖို့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချခဲ့တယ်။နောက်ပြီး ဒါကို ကျွန်တော်တို့က အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းကနေပြီးတော့ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ပြင်ဆင်ခဲ့တာတွေ ရှိပါတယ်ဗျ။အဓိကကတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ တစ်နိုင်ငံလုံး ကျွန်တော်တို့ စစ်ကောင်စီကိုတော်လှန်တဲ့နေရာမှာကွက်ပြည့်နင်းဗျူဟာ၊ကျွန်တော်တို့ မဟာဗျူဟာအရ၊ ဗျူဟာအရ သွားခြင်းဖြစ်တယ်ပေါ့ ဒီအခု ဆောင်ရွက်ချက်တွေက။

မေး-ဒါဆို ဟန်ချက်ညီ ထိုးစစ်ဆင်မှုတွေကစနေပြီလို့ ပြောရပြီလား။

ဖြေ-ဟုတ်တယ်ဗျ၊ ဟုတ်တယ်။ အဲလို စစ်ဆင်ရေးမျိုးပေါ့နော်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျွန် တော်တို့ ကွက်ပြည့်နင်းတဲ့ စစ်ဆင်ရေးမျိုးဟာ အခု အစပျိုးနေပြီ၊ စနေပြီလို့ ပြောလို့ရပါတယ်ဗျနော်။ အဲဒီမှာ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ် မတော်တွေ ပါမယ်၊ ပကဖ ပါမယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ERO တွေ ပါမယ်ပေါ့နော်။ နောက် ကျွန်တော်တို့ အခြားသော တော်လှန်ရေး မဟာမိတ်တပ်တွေပါတယ်။ ဒီမှာ တစ်ပြိုင်တည်း ကျွန်တော်တို့ လုပ်မယ့် အစီအစဉ်ကို အခုအစပျိုးနေပြီလို့ ကျွန်တော် ပြောလို့ရပါတယ်ဗျ။

မေး- ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ချက်အရ စစ်တပ်ကို ထိုးနှက်တဲ့ ပြည်သူ့စစ်မဟာဗျူဟာလို့သုံးနှုန်းထားတယ် ။ အဲတာဘယ်လိုမျိုးလဲ။

ဖြေ- ပြည်သူ့စစ်မဟာဗျူဟာဆိုတာကတော့ဗျာ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေပေါ့နော်၊ နေရာအနှံ့၊ နိုင်ငံအနှံ့မှာ ကျွန်တော်တို့က ဒါ ပေါ်ပေါက်လာရေးပေါ့နော်။ ဒါ အခြေခံမဟာဗျူဟာပါ။ နောက်ပြီးတော့ ဒီကနေမှတစ်ဆင့် ကျွန်တော်တို့ ပြောက်ကျားစနစ်နဲ့ ရန်ကုန်ကို အမဲခြွေတဲ့စနစ်၊ တဖြည်းဖြည်း အင်အားဖြုန်းတီး၊ အင်အားချည့်နဲ့စေတဲ့ ဟာမျိုး စစ်ဆင်ရေးမျိုးနဲ့ ကျွန်တော်တို့ ဒီ သွားတဲ့ဗျူဟာပါဗျ။

မေး- လတ်တလော စစ်ရေးဖော်ဆောင်မှုတွေရဲ့ ရည်မှန်းချက်ကရော ဘာဖြစ်မလဲ။

ဖြေ- အဓိကကတော့ ကျွန်တော်တို့ ရည်မှန်းချက်တွေထားရတာပေါ့။စစ်ဆင်ရေးဆောင်ရွက်တဲ့ နေရာမှာ ရည်မှန်းချက်တွေ ထားရတယ်။ ဆိုတော့ ကျွန်တော်တို့ ပထမ ရည်မှန်းချက် တစ်ခုကတော့ ကျွန်တော်တို့က နယ်မြေစိုးမိုးမှုတွေ ရယူဖို့ပေါ့၊ အဓိက နယ်မြေ၊ အခြေခံ နယ်မြေစိုးမိုးမှု ရယူထားဖို့၊ တိုးချဲ့ထားဖို့၊ တိုးချဲ့ဖို့အတွက် စစ်ဆင်ရေး ဆောင်ရွက်တာ ဖြစ်တယ်။ နောက်တစ်ခုကတော့ အခု လုပ်နေတဲ့ စစ်ကောင်စီ လုပ်နေတဲ့ အတု အယောင် ရွေးကောက်ပွဲတွေကို တတ်နိုင်သမျှ ဟန့်တားနိုင်ရေးပေါ့။ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်တာ ဖြစ်တယ်ပေါ့။

မေး- နယ်မြေစိုးမိုးမှုနဲ့ ရွေးကောက်ပွဲဟန့်တားရေးတိုက်ခိုက်ခဲ့မှုတွေအကြောင်းရှင်းပြပေးပါလား။

ဖြေ- ကျွန်တော်တို့ဒီရေတာရှည်စစ်တောင်းမြစ်ဝှမ်းဒေသမှာရှိတဲ့ကျွန်တော်တို့တပ်တွေ ဆောင်ရွက်ခဲ့တဲ့ ဟာမျိုးပေါ့။ ရွာသစ် စခန်းသိမ်းတိုက်ပွဲတို့၊ ကျွန်တော်တို့ ဒီ အုန်းပင်စု စခန်းသိမ်းတိုက်ပွဲတို့၊ ဆွာမကြီး စခန်းသိမ်း နယ်မြေရှင်းလင်းရေး၊ ဒီစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဲရုံတွေကို ဒါ ကျွန်တော်တို့ နှောင့်ယှက်ပြီးတော့ နယ်မြေရှင်းလင်းပြီးတော့မှ ဖျက်ဆီးခဲ့တဲ့ အဲဒီ မဲမပေးနိုင်အောင်ပေါ့နော်။ ကျွန်တော်တို့ ဒီ စစ်ကောင် စီ ဒီဘက် အရှေ့ဘက်ကမ်းမှာ၊စစ်တောင်းမြစ်ဝှမ်းအရှေ့ဘက်ကမ်းမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲမဖြစ်မြောက်ရေးပေါ့၊ ဒါတွေ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ ရှိပါတယ်။နောက်တစ်ခု ဥပမာပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဆောင်ရွက်ခဲ့တဲ့ကျွန်တော်တို့ ဒီစစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ပါဝင်တဲ့ ယာဉ်တန်းကို မြို့သစ်နားမှာ အဲဒီ ယာဉ်တန်းကို ကျွန်တော်တို့ ဟန့်တား တိုက်ခိုက်ခဲ့တာ ရှိတယ်ပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ ဒီ သူတို့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဒုတိယပိုင်းကို ကျွန်တော် နှောင့်ယှက်ဟန့်တားတဲ့ စစ်ဆင်ရေးမျိုး ဖြစ်ပါတယ်။ဒါ ကျွန်တော် ဥပမာ ပြောပြတာပေါ့နော်။ ဒီထက်လည်း ပိုပြီးတော့ ဒီလိုမျိုးတွေဆောင်ရွက်ဖို့ ပေါ့၊ကျွန်တော်ရှိပါတယ်၊စစ်ဆင်ရေးတွေပိုပြီးတော့ ဆောင်ရွက်ဖို့ ရှိတယ်၊ ပြင်လည်း ပြင်ဆင်ထားတာ ရှိပါတယ်။

မေး- လက်တ​လောစစ်ဆင်​ရေး​တွေမှာ နေပြည်တော်က ထွက်လာတဲ့ စစ်တပ်ယာဥ်တန်းကိုတိုက်ခိုက်နိုင်ခဲ့တာတွေ့ရတယ်။ဒီလိုတိုက်ခိုက်နိုင်ခဲ့တာက ဘယ်လိုအားသားချက်မျိုး ဖြစ်လာစေတာလဲ။

ဖြေ-ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်တော်များများက ပေါ့နော်။ တော်လှန်ရေးအဖွဲ့အစည်းတော်တော်များများကတော့ ကျွန်တော်တို့ ERO ဒေသတွေမှာပေါ့၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာကျွန်တော်တို့က တည်ဆောက်ရတာ များတယ်ပေါ့နော်။အဲဒီကနေတစ်ဆင့် ကျွန်တော်တို့ အတွေ့အကြုံတွေ သူတို့နဲ့တွဲပြီးအတွေ့အကြုံတွေယူပြီးစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပြီး အခုဆိုရင် ကျွန်တော်တို့က အဓိက စစ်ကောင်စီရဲ့ပင်မနယ်မြေတွေဖြစ်တဲ့ စစ်ဆင်ရေးနယ်မြေတွေကို ကျွန်တော်တို့ ရောက်ရှိနေပြီ။တစ်နိုင်ငံလုံးအနှံ့လည်း ကျွန်တော်တို့ကရောက်ရှိနေပြီဖြစ်တဲ့အတွက်အခုလိုစစ်ဆင်ရေးတွေဆောင်ရွက်နိုင်တာဖြစ်တယ်ပေါ့။ ဒါကတော့ ကျွန်တော်တို့ရဲ့အားသာချက်ပါ။ကျွန်တော်တို့ အဓိက အားသာချက်တစ်ခု ပြောရမယ်ဆိုရင်တော့ ပြည်သူလူထု ထောက်ပံ့မှုပေါ့၊ ကျွန်တော်တို့ ပြည်သူလူထု ထောက်ပံ့မှုကတော့ ရောက်တဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူလူထုက အခုအချိန်ထိ ကျွန်တော်တို့ကို ထောက်ပံ့တယ်၊ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ အများကြီးရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ စစ်ဆင်ရေးတွေအောင်မြင်တယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခုက ကျွန်တော်တို့ စိတ်ဓာတ်ပေါ့၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ရဲ့ ဒီ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက အခုအချိန်အထိပေါ့နော်၊ကျွန်တော်တို့စိတ်ဓာတ်ကို အမြင့်ဆုံး တော်လှန်လိုတဲ့ စိတ်ဓာတ်ကို အမြင့်ဆုံးထားနိုင်တဲ့စိတ်ဓာတ်ရှိတဲ့အတွက် စစ်ဆင်ရေး ဆောင်ရွက်တဲ့နေရာမှာ မြန်မြန်ဆန်ဆန် အောင်မြင်တယ်လို့ ကျွန်တော်ထင်မြင်မိတယ်။

မေး- စစ်တပ်ရဲ့အားသားချက်တွေကရောဘာ​တွေလို့သုံးသပ်မိလဲ။

ဖြေ-စစ်ကောင်စီအနေနဲ့ကတော့ ဒီ လူသားအရင်းအမြစ်တွေ ပေါ့နော်၊ အတင်းအဓမ္မ စုဆောင်းတာ ရှိတယ်ပေါ့။ စစ်မှုမထမ်းမနေရ ဥပဒေ အသုံးပြုပြီးတော့ အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့ဟာမျိုးတွေနဲ့ အင်အားသစ်တွေ စုဆောင်းတာ ရှိတယ်။ နောက်တစ်ခုကတော့ ဒီ နည်းပညာ၊ သူတို့ ပိုက်ဆံရှိတော့ နည်းပညာဝယ်ယူရေးမှာ သူတို့ အရေးသာတာပေါ့။ အဓိကဒရုန်းတွေဒရုန်းအသစ်တွေ၊ နည်းပညာအသစ်တွေ သူတို့ဝယ်ခွင့်ရခဲ့တာပေါ့။ဒါကတော့ တဒင်္ဂအနေနဲ့ကတော့ အရေးသာသလို ရှိတာပေါ့။ ရေရှည်မှာတော့ ကျွန်တော်တို့ ဒါတွေ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်ပေါ့နော်။ အဓိက ဘာလဲဆိုတော့ အင်အားသစ်စုဆောင်းတဲ့ နေရာမှာကျွန်တော်တို့လက်ရှိကျွန်တော်တို့ လူငယ်တွေ အများစုပေါ့၊ လူငယ်တွေ အများစုဟာ ဒါ ကျွန်တော်တို့ ပြည်တွင်းမှာ လေ့လာသလောက်ဆို သိပ်မကျန်တော့ဘူးပေါ့။ ဆိုတော့ အင်အားသစ် စုဆောင်းတဲ့ နေရာမှာလည်း သူတို့ အတိုင်းအတာ တစ်ခု ရှိမှာပေါ့၊နောက်တစ်ခုက နည်းပညာ၊ ဒရုန်းနဲ့ ပတ်သက်တဲ့ နည်းပညာပေါ့၊ ဒါနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ အချိန်တစ်ခုလေး ပေးပြီး ကျွန်တော်တို့ အခု ပြင်ဆင်နေတာ ရှိတယ်ပေါ့။ ဒါကို ကောင်တာ (Counter) လုပ်ဖို့ ပြင်ဆင်နေတာ ရှိတယ်။ ဒါတွေလည်း နောက်ပိုင်း ကျွန်တော်တို့ အဆင်ပြေလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တော့်အမြင်ကတော့ စစ်ကောင်စီရဲ့ အရေးသာမှု တဒင်္ဂလေးတော့ ရှိလိမ့်မယ်။ဒါကို သည်းခံပြီး ကျွန်တော်တို့ ကျော်ဖြတ်ဖို့ လိုမယ်။

မေး-အာဏာသိမ်းစစ်ခေါင်းဆောင် အပါအဝင် စစ်တပ်ထိပ်ပိုင်းအရာရှိတွေ နေထိုင်တဲ့ နေပြည်တော် ဒေသ နဲ့ ပတ်သက်ပြီးရော ဘာပြောချင်လဲ။

ဖြေ-ကျွန်တော်တို့ ဗျူဟာစစ်ဌာနချုပ်ရဲ့ အဓိက တာဝန်က နေပြည်တော် ဝိုင်းပတ် ချေမှုန်း ဖြတ်တောက်ရေးပဲ။ ဒါကတော့အဓိကတာဝန်ဖြစ်တယ်။ ဒီနေပြည်တော်ဟာဆိုလို့ရှိရင် အခု စစ်ကောင်စီ ဒီခေါင်းဆောင် ထိပ်ပိုင်းခေါင်းဆောင်တွေ ကျွန်တော်တို့ နေထိုင်တယ်၊ ပြီးရင် ပင်မ အမိန့်ပေးဌာနချုပ်တွေ ရှိတယ်၊ ပြီးတော့ ပင်မရုံးတွေပေါ့နော်၊ အဓိက ဝန်ကြီးဌာနရုံးတွေ ရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ ဒီနယ်မြေမှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ နောက်အချိန်တွေမှာ ပိုပြီးတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ ရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ ဒီနယ်မြေမှာရှိတဲ့ ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီနဲ့ မပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့နဲ့ စစ်ကောင်စီတပ်တွေ ရှိတဲ့နေရာတွေမှာလည်း ခပ်ဝေးဝေးနေဖို့ဒါတွေကိုတော့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ပြောကြားလိုပါတယ်။

မေး-စစ်တပ်ကတော့ ရွေးကောက်ပွဲကို လိုသလို ရလဒ်ထွက်​အောင်လုပ်မယ်ဆိုတာ အများကသိထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်ပုံဖော်မယ့်နိုင်ငံရေး၊စစ်ရေးအရ ပြည်သူ့တော်လှန်ရေးက ဘယ်လို ဆက်ဖြစ်နိုင်တယ်လို့ထင်လဲ။

ဖြေ-ကျွန်တော်တို့ ဒီ ရွေးကောက်ပွဲ ပြီးလို့ တော် လှန်ရေး ပြီးသွားမှာမဟုတ်ဘူး။ ဒီ ရွေးကောက်ပွဲ ပြီးသွားလို့ တော်လှန်ရေး ရပ်သွားမှာလည်း မဟုတ်ဘူး။ ဒါ ကျွန်တော် ပြောချင်တာ။ အဓိက စစ်အာဏာရှင် အမြစ်ပြတ်ရေးပဲဗျ။အခု သူတို့ ရွေးကောက်ပွဲ လုပ်နေကြတယ်၊ အတုအယောင် ရွေးကောက်ပွဲတွေ လုပ်နေကြတာပေါ့။ ဒီ ရွေး ကောက်ပွဲတွေက ကျွန်တော်တို့က နိုင်ငံအနှံ့ လုပ်လို့မရဘူး။ လုပ်လို့မရအောင်လည်း ကျွန်တော်တို့ ဒီ တော်လှန်ရေးတပ်တွေဟာ ကျွန်တော်တို့ ဟန့်တားထားတာ ရှိတယ်ပေါ့။ ဒါက အထင်အရှား ရှိပါတယ်။ နယ်တော်တော်များများမှာ လုပ်လို့မရပါဘူး ရွေးကောက်ပွဲကို။ ဒါပေမဲ့လည်း သူတို့ ပြီးအောင် လုပ်လိမ့်မယ်ပေါ့ဗျာ၊ ပြီးအောင် လုပ်လိမ့်မယ်။ အဲဒီအပေါ်မှာ ကျွန်တော် ပြောချင်တာကတော့ ပြီးသွားလို့ရှိရင်လည်း ဒါ ပြည်သူလူထုကတော့ ပြည် သူလူထုကတော့ ထောက်ခံမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း အတင်းအကျပ် သူတို့က ထောက်ခံတယ်ပြောပြီး လုပ်ကြမှာပဲပေါ့နော်။ အဓိက ဘာလဲဆိုတော့ နိုင်ငံတကာ ထောက်ခံမှု သူတို့ ရဖို့ ခက်လိမ့်မယ်ပေါ့။ ဒါကတော့ ကျွန်တော် ပြောချင်တယ်ပေါ့။ နိုင်ငံတကာ ထောက်ခံမှုရအောင် သူတို့ အခက်အခဲပေါင်းစုံ ကြုံရလိမ့်မယ်။ ဒါကို သူတို့ ကျော်ဖြတ်ရလိမ့်မယ်လို့ ကျွန်တော် မြင်တယ်။ နောက်တစ်ခုက အဓိက ဒီ ရွေးကောက်ပွဲကလည်း စစ်အာဏာရှင် ဒီ အသက်ဆိုးရှည်အောင် လုပ်တဲ့ ရွေးကောက်ပွဲကြီး ဖြစ်နေတာပေါ့။ ဒါကိုလည်း ကျွန်တော်တို့က တရားဝင်မှုအရဆိုရင် လုံးဝ အသိအမှတ်ပြုစရာ အကြောင်းမရှိဘူး။ ဒီအပေါ်မှာ ကျွန်တော်တို့က ဒါ ဆက်လက်ပြီးတော့ စစ်ရေးအရဆိုရင်တော့ ဆက် လက် အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်ဗျ၊ ရှေ့ဆက်ပြီးတော့ပေါ့နော်။ အဲဒီမှာ ရာဇဝတ်မှု ကျူးလွန်တဲ့ ဒီ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေ ရာဇဝတ်မှု ကျူးလွန်ခဲ့တာ ရှိတယ်၊ အာဏာကို အတင်းအကျပ်ပေါ့ ပြည်သူ့အာဏာကို ဒီ သိမ်းခဲ့တာ ရှိတယ်ပေါ့၊ ပြည်သူ့အာဏာကို သိမ်းခဲ့တာ ရှိတယ်။ ပြည်သူ တင်မြှောက်တဲ့ အစိုးရကို ကျွန်တော်တို့ ဖမ်းဆီးပြီးတော့မှ မတရား ဖမ်းဆီးခဲ့တာ ရှိတယ်ပေါ့နော်။ ဒါတွေကိုတော့ ကျွန်တော်တို့က ဒါ သူတို့ ပြန်ပြီးတော့ ဒါ ရင်ဆိုင်ရလိမ့်မယ်ပေါ့နော်။ ဒါကိုတော့ သူတို့ ပြန်ပြီး ဥပဒေအရ ရင်ဆိုင်ရလိမ့်မယ်။ ဒီလိုဖြစ်အောင်လည်း ကျွန်တော်တို့ကြိုးစားသွားမယ်။

မေး – ဖြည့်စွက် ဖြေကြားလိုတာရှိရင်​ပြော​ပေးပါလား ။

ဖြေ-ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့ တော်လှန်ရေးဟာ ငါးနှစ်ပြည့်တော့မယ်။ ငါးနှစ်ပြည့်တော့မယ့်ထဲမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုတော့ ရနေတယ်။ ဒီထက် ပိုပြီးတော့ အောင်မြင်စေချင်တယ်၊ ဒီထက် ပိုပြီး မြန်မြန်ဆန်ဆန် ဒီ စစ်အာဏာရှင် ဖြုတ်ချနိုင်ဖို့ ဆိုလို့ရှိရင်တော့ မြန်မြန်ဆန်ဆန်နဲ့ ဖြုတ်ချနိုင်ဖို့ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေ အားလုံးဟာ အမိန့်ပေး တစ်ခု၊ အမိန့်ပေး COC တစ်ခု၊ အမိန့်ပေးစနစ် တစ်ခုတည်း အောက်ကနေ သွားမယ်ဆိုလို့ရှိရင်တော့ ပိုပြီးတော့ ကျွန်တော်တို့ ပိုမြန်ဆန်လိမ့်မယ်လို့ ယူဆတယ်။ဒါကြောင့်မို့လို့ ဒီထက်မကပူးပေါင်းဆောင်ရွက်မှုပိုပြီးတော့ စည်းလုံးညီညွတ်မှုရှိရမယ်လို့မေတ္တာရပ်ခံချင်ပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။