Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စည်းမျဉ်းတွေနဲ့ ထိန်းကွပ်ထားတဲ့ ကမ္ဘာ့အခင်းအကျင်းက ပြိုလဲနေပြီလို့ ဂျာမနီ အဓိပတိပြော

စည်းမျဉ်းတွေနဲ့ ထိန်းကွပ်ထားတဲ့ ကမ္ဘာ့အခင်းအကျင်းမျိုးက ဆက်ပြီး တည်တံ့မနေတော့ကြောင်း ဂျာမနီ နိုင်ငံ ခေါင်းဆောင်က သတိပေး ပြောကြားသွားပါတယ်။

စည်းမျဉ်းတွေနဲ့ ထိန်းကွပ်ထားတဲ့ ကမ္ဘာ့အခင်းအကျင်းမျိုးက ဆက်ပြီး တည်တံ့မနေတော့ကြောင်း ဂျာမနီ နိုင်ငံ ခေါင်းဆောင်က သတိပေး ပြောကြားသွားပါတယ်။

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ မြူးနစ် လုံခြုံရေး ညီလာခံရဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အဖွင့်မိန့်ခွန်းမှာ ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်က အခုလို ထည့်သွင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ အင်အားကြီးသူတွေက ခြယ်လှယ်လိုတဲ့ မူဝါဒမျိုးတွေ ခေတ်ကောင်းလာချိန်မှာ နိုင်ငံတွေရဲ့ လွတ်လပ်မှုဟာ အာမခံချက် မရှိတော့ဘူးလို့ သူက ညီလာခံ တက်ရောက်လာတဲ့ တခြား ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေကို ပြောပါတယ်။

မားဇ်က ဥရောပ နိုင်ငံတွေ အနေနဲ့ ကြုံလာနိုင်တဲ့ အခြေအနေတိုင်းအတွက် လိုအပ်လာမယ့် ရင်းနှီးပေးဆပ်မှုတွေကို ကြိုပြင်ထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဥရောပဟာ အစဉ်အလာ မဟာမိတ် အမေရိကန်နဲ့လည်း နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲလာနေတယ်လို့ ဝန်ခံသွားပါတယ်။ NATO စစ်မဟာမိတ် အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်တဲ့ ဂရင်းလန်ကျွန်းကို စစ်ရေးအပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ သိမ်းယူနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့တဲ့ ကိစ္စအပြီး သီတင်းပတ်တချို့ အကြာမှာ မြူးနစ် လုံခြုံရေး ညီလာခံကို ကျင်းပခဲ့တာပါ။ နောက်ပိုင်းမှာတော့ ထရမ့်က ဂရင်းလန်ကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းယူမယ့် ကိစ္စကို လောလောဆယ် လက်လျှော့ထားတဲ့ သဘောမျိုး လေသံပြန်ပြောင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ညီလာခံ တက်ရောက်သူတွေထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုလည်း ပါဝင်ပြီး မားဇ်ရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပထဝီဝင်နိုင်ငံရေး ခေတ်သစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

အခုနှစ် ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း ၅၀ လောက် တက်ရောက်ကြပြီး ဥရောပ ကာကွယ်ရေးနဲ့ အနာဂတ် အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေး ကဏ္ဍတွေကို ဆွေးနွေးကြမှာပါ။

မားဇ်ဟာ ကမ္ဘာကြီးရဲ့ စည်းမျဉ်းအခြေပြု ထိန်းညှိရပ်တည်မှု ပုံစံဟာ ပြိုကျနေကြောင်း သူ့ရဲ့ မိန့်ခွန်းထဲမှာ အကြိမ်တချို့ ထည့်သွင်း သတိပေးခဲ့ပါတယ်။ အကောင်းဆုံး အခြေအနေမှာတောင် အဲဒီ ပုံစံဟာ ပြီးပြည့်စုံမှုတော့ မရှိခဲ့ကြောင်း၊ ဒါပေမဲ့ အခုတော့ ဒီပုံစံဟာ ဆက်လက် တည်ရှိမနေဘဲ ပျောက်ဆုံးနေပြီဖြစ်ကြောင်း မားဇ်က ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပ ကြားမှာလည်း မကျေလည်မှု၊ နက်ရှိုင်းတဲ့ အမြင်ကွဲမှုမျိုးက ရှိနေကြောင်း၊ ဒီအကြောင်းကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကိုယ်တိုင် လွန်ခဲ့တဲ့တစ်နှစ်က မြူးနစ်လုံခြုံရေး ညီလာခံမှာ ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ကြောင်း၊ သူပြောတဲ့ စကားက မှန်ကန်ခဲ့ကြောင်း၊ အမေရိကန်ကို တကျော့ပြန် ကြီးမြင့်စေမယ်ဆိုတဲ့ လှုပ်ရှားမှုဟာ ဥရောပအတွက် မဟုတ်ကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာဟာ ဥရောပမှာသာ ကျန်ခဲ့ပြီး ကျန်တဲ့ ပြောဆိုမှုတွေဟာ လူ့ဂုဏ်သိက္ခာနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို ဆန့်ကျင်တဲ့ အခြေအနေဆီ ဦးတည်သွားကြောင်း၊ ဥရောပဟာ ကုန်သွယ်ခွန် စည်းကြပ်မှုတွေ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒတွေကို မယုံကြည်ဘဲ လွတ်လပ်တဲ့ ကုန်သွယ်မှုကိုပဲ ယုံကြည်ကြောင်းလည်း မားဇ်က ပြောကြားသွားပါတယ်။

ဒါပေမဲ့ မားဇ်က ဆယ်စုနှစ်တွေနဲ့ချီ တည်တံ့ခဲ့တဲ့ မိတ်ဖက် ရပ်တည်မှုကို လက်မလျှော့လိုဘဲ ပြန်လည် ကုစားပြင်ဆင်ဖို့၊ အတ္တလန္တိတ်ဖြတ်ကျော် ယုံကြည်မှုကို ပြန်လည် အသက်သွင်းဖို့ အမေရိကန်ကို မေတ္တာရပ်ခံ တိုက်တွန်းသွားခဲ့ပါတယ်။

သူက ဥရောပ နိုင်ငံတွေအတွက် နျူကလီးယား ကာကွယ်ရေး အစီအမံ ကိစ္စကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ ဆွေးနွေးခဲ့ကြောင်းလည်း ထည့်သွင်း ပြောဆိုသွားပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ ပြင်သစ်ဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင်တွေထဲမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နိုင်ငံလည်းဖြစ်ပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – EPA

ဆက်စပ်သတင်းများ