ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး အနိုင်ရခဲ့တဲ့ ဖုန်ကျိုင်ထိုင်း (BJT) ဦးဆောင်မယ့် ညွန့်ပေါင်း အစိုးရမှာ ဖျူထိုင်းပါတီ (PTP)က ပူးပေါင်းပါဝင်ဖို့ သဘောတူထားကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

PTPဟာ BJT ဦးဆောင်မယ့် ညွန့်ပေါင်းအစိုးရထဲမှာ အင်အားအကောင်းဆုံး မိတ်ဖက်ပါတီအဖြစ် ပူးပေါင်းမယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ PTPနဲ့ BJTတို့ကြား ဒုတိယအကြိမ် ပေါင်းစည်းခြင်းလည်း ဖြစ်ပါတယ်။
အဲဒီပါတီတွေဟာ အရင်က PTP ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအတွက် လက်တွဲခဲ့ဖူးပေမယ့် PTPရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုအပြီး BJTက အစိုးရကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အသံဖိုင်ထဲမှာ ဖေထောင်ထန်ဟာ ထိုင်းစစ်တပ်ကို ပုတ်ခတ် ပြောဆိုထားတာတွေ ပါဝင်ခဲ့တဲ့အတွက် စစ်တပ်နဲ့ နီးစပ်မှုရှိတဲ့ BJTက ဆန္ဒပြတဲ့ အနေနဲ့ နုတ်ထွက်ခဲ့တာပါ။ PTPဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နိုင်ငံရေးအင်အားစု ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ရွေးကောက်ပွဲမှာတော့ BJTက အမတ်နေရာ ၁၉၃ ခု ရရှိခဲ့ပြီး PTPကတော့ တတိယ အများဆုံးအဖြစ် ၇၄ နေရာ ရရှိခဲ့ပါတယ်။ စီးပွားရေးပါတီရဲ့ အမတ်နေရာ ၃ ခု၊ ရုမ်ချိုင်ထိုင်း ပါတီရဲ့ အမတ်နေရာ ၂ ခု၊ ဒီမိုကရေစီသစ်ပါတီ၊ နယူးပါတီ၊ ပြည်သူ့စွမ်းအားပါတီ၊ ထိုင်းစုသာဝီ ပါတီတွေစီက အမတ်နေရာ ၁ ခုစီ ပေါင်းစည်းလိုက်တဲ့အခါ ညွန့်ပေါင်းအစိုးရအတွက် အမတ်နေရာ ၂၇၆ ခု ရရှိထားပါပြီ။ ဒါကြောင့် အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်နေရာ ၂၅၁ ခုကို ကျော်လွန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Public Service Announcement
အဲဒီကိန်းဂဏန်းတွေဟာ ရွေးကောက်ပွဲ ကော်မရှင်ဆီက တရားဝင် မဲရလဒ်တွေ မထုတ်ပြန်ခင် မဲအားလုံးရဲ့ ၉၄ ရာခိုင်နှုန်း ရေတွက်ပြီးချိန် အခြေအနေအပေါ် မူတည်ပြီး တွက်ချက်ထားတာပါ။
BJTရဲ့ အကြီးအကဲဖြစ်သူ လက်ရှိ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုတွေမှာ PTP ပါဝင်လာတာကို ဂုဏ်ယူ ဝမ်းသာမိကြောင်း ပြောပါတယ်။ တရားဝင် မဲရလဒ်တွေကို မကြေညာသေးတဲ့တိုင် ပါတီနှစ်ခုစလုံးက ထိုင်းမှာ အာဏာ လေဟာနယ် ကြာကြာဖြစ်နေမှာကို မလိုလားဘဲ အစိုးရသစ်ကို အမြန်ဆုံး ဖွဲ့စည်းနိုင်ဖို့ ဆန္ဒရှိကြကြောင်းလည်း အနူတင်က ဆိုပါတယ်။
အနူတင်က သူဟာ နောက်ထပ် ပါတီတွေကိုလည်း ညွန့်ပေါင်း အစိုးရထဲ ပါဝင်လာအောင် ထပ်မံဖိတ်ခေါ်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အဲဒီလို ပါတီတွေ အတော်များများ ပေါင်းစည်းခြင်းက အာဏာလွှဲပြောင်းရေး အစီအမံတွေမှာ ချောမွေ့စေမှာဖြစ်တယ်လို့လည်း မှတ်ချက်ပေးသွားပါတယ်။
ရွေးကောက်ပွဲအကြို လူထုဆန္ဒ ကောက်ယူမှု စစ်တမ်းတွေမှာ အနူတင်ရဲ့ BJTဟာ ပြိုင်ဘက် ပြည်သူ့ပါတီ (PP)လောက် လူကြိုက်မများခဲ့ရာက လက်တွေ့ ရလဒ်မှာတော့ အံ့ဩလောက်စရာ အခြေအနေတွေကို ဖန်တီးပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကဲခတ်တွေကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ အမျိုးသားရေး ဝါဒကို အားကောင်းသွားစေခဲ့ပြီး ထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့ BJTအတွက် အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း သုံးသပ်ထားကြပါတယ်။
ကိုးကား: Thai Enquirer
ဓာတ်ပုံ – Thai Enquirer


















































