ဖေဖော်ဝါရီ-၁၅၊၂၀၂၆။အိမ်သွင်/People’s Spring
ကျောက်ဖြူမြို့နယ်ကမင်းပြင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်တဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူအချို့ကပြောပါတယ်။
ဖေဖော်ဝါရီလ၁၅ ရက်၊ညနေ ၆ နာရီခန့်မှာဗုံးကြဲတာဖြစ်ပြီးသေဆုံးတာက သားအမိတွေဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီလ၁၂ရက်ညကလည်းကျောက်တော်နဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ၇ဦး သေဆုံး ၁၆ဦးဒဏ်ရာရခဲ့ပါသေးတယ်။

Public Service Announcement
ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ရဲတပ်ရင်း(၃၂)အပါအဝင် စစ်တပ် တပ်စွဲထားတဲ့နေရာတချို့ကိုAAကတိုက်ခိုက်နေပါတယ်။ တိုက်ပွဲတွေပြင်းထန်နေစဉ်မှာစစ်တပ်က အရပ်သား
တွေကို ပစ်မှတ်ထား ဗုံးကြဲတာ၊ ဖမ်းဆီးတာတွေလုပ်နေတယ်လို့ AAက သတိပေးချက်ထုတ်ထားပါတယ်။
“ကျောက်ဖြူကို စစ်တပ်က အင်အားတော်တော်များများ ပြည်မကနေ ပို့တယ်။ လေကြောင်း၊ရေကြောင်းနဲ့ ပို့တာ။တိုက်ပွဲတွေက ဆက်ဖြစ်နေပြီး စစ်ရေးအကြောင်းတော့မသိပါ”လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ရက်က ဗုံးကြဲတဲ့မင်းပြင်ရွာကရေဒါစခန်းအနီးမှာ၂၀၂၅ ခုနှစ်နိုဝင်ဘာလ၁၄ရက်နေ့က တိုက်ပွဲအတွင်း စစ်တပ်အထိနာခဲ့ပါတယ်။ ရေ
ဒါစခန်းရှေ့မှာဝါဒဖြန့်ချီဖို့ဓာတ်ပုံရိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ကျော်ကို AAကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အားလုံးနီးပါးသေဆုံးခဲ့တာပါ။
ဒါအပြင် စစ်တပ်က ၂၀၂၆ ဇန်နဝါရီ ၂၄ ရက်နေ့ခင်းပိုင်းကလည်း ဇင်ချောင်းတိုက်နယ် ၊မူရွင်းရွာမှာစစ်ဘေးရှောင်တွေခိုလှုံနေတဲ့စာသင်ကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ် ။
AAကကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီးအရှိန်မြှင့်ခဲ့တာပါ။ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းတွေကို သိမ်းယူနိုင်တဲ့အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့ပါတယ်။ အဲဒီကာလမှာ စစ်ကောင်စီကလေကြောင်း ကနေအင်အားဖြည့်ပြီး AA ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်သလို ပင်လယ်ထဲကနေလည်း ရေတပ်က ပစ်ခတ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမြေပြင်စစ်ကြောင်းတွေထိုးလာပြီး AA ထိန်းချုပ်ထားတဲ့စခန်းအချို့ကိုပြန်လည်သိမ်းယူသွားခဲ့ပါတယ်။
သြဂုတ်လနဲ့စက်တင်ဘာလဆန်းမှာတော့တိုက်ပွဲတွေတချို့ပြန်ပြင်းထန်လာပြီး စခန်းတချို့ကို AAကပြန်သိမ်းခဲ့ပါတယ်။ လက်ရှိမှာ ကျောက်ဖြူမြို့၊ လိပ်ခမော်၊ သပြုတောင်၊ ပျားတဲ၊ကုလားဘာ ရွာနဲ့ မလကျွန်းအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တစ်ပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ ယခင်ကထက် ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ လေကြောင်းနဲ့ ရေကြောင်းရန်ကို ပိုမို သတိရှိကြဖို့ AAက ဖေဖော်
ဝါရီလ ၁၃ရက်မှာ ထုတ်ပြန်ထားပါတယ်။
(၂၀၂၆ ဇန်နဝါရီ ၂၄ ရက်နေ့ခင်းပိုင်းကလည်း ဇင်ချောင်းတိုက်နယ် ၊မူရွင်းရွာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့စာသင်ကျောင်းကိုစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲပြီးနောက်အပျက်အစီးတွေကိုတွေ့ရစဥ်။အဆိုပါဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။
ဓါတ်ပုံ-AA Infodesk )

















































