ဟားမားစ် ပြောက်ကျားတွေ အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း အပြီးတိုင် လက်နက်စွန့်လွှတ်ဖို့ အစ္စရေးက သတိပေး ပြောကြားလိုက်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ အဓိက အကြံပေး တစ်ဦးဖြစ်တဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုဆီ ဖျုချ်စ်က ဟားမားစ် အနေနဲ့ နှစ်လတာ ကာလအတွင်း လက်နက်တွေ အပြီးတိုင် မစွန့်လွှတ်ဘူးဆိုရင် အစ္စရေးက အဲဒီ ရည်မှန်းချက် ပြည့်မြောက်အောင် မစ်ရှင်တွေ ဆက်လုပ်သွားမယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။
အစောပိုင်းမှာ နေတန်ညာဟုက ဂါဇာ ကမ်းမြှောင်ဒေသ အခြေစိုက် ဟားမားစ် ပြောက်ကျားတွေ အနေနဲ့ ကိုင်ထားတဲ့ AK-47 မောင်းပြန်ရိုင်ဖယ် သေနတ်တွေကို စွန့်လွှတ်ဖို့ လိုပြီလို့ ပြောခဲ့သလို ဖျုချ်စ်ကလည်း အလားတူ သဘောထား မှတ်ချက်မျိုး ပေးခဲ့တာ ဖြစ်ပါတယ်။
ဂါဇာမှာ လောလောဆယ် အမေရိကန် ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်ရပ်ထားပေမယ့် နှစ်လအတွင်း ဟားမားစ်က အပြီးတိုင် လက်နက် မစွန့်ဘူးဆိုရင် အစ္စရေးက စစ်ပွဲကို ပြန်စနိုင်တယ်ဆိုတဲ့ သဘောမျိုး ဖျုချ်စ်က ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ရက်ပေါင်း ၆၀ သတ်မှတ်ကာလကို ဘယ်နေ့က စတင်ရေတွက်သလဲ ဆိုတာကိုတော့ သူက တိတိကျကျ မပြောခဲ့ပါဘူး။

Public Service Announcement
ဟားမားစ်တွေ လက်နက်အပြီးချဖို့ ရက်ပေါင်း ၆၀ လောက် အချိန်ပေးသင့်ကြောင်း အမေရိကန် အစိုးရက အကြံပြုထားတာဖြစ်ပြီး အစ္စရေးကလည်း လေးစားလက်ခံခဲ့တယ်လို့ သူက ဆိုပါတယ်။
ဟားမားစ်တွေက လက်နက်တွေ စတင်စွန့်လွှတ်ရင်တောင်မှ အစ္စရေးဟာ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ယုံကြည် စိတ်ချနိုင်မလဲ ဆိုတာကို အလေးအနက် ပြန်ဆန်းစစ်သွားမယ်လို့လည်း ဖျုချ်စ်က ပြောကြားသွားပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့တုန်းကတော့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ဟားမားစ်ဟာ အဓိက လက်နက်ကြီးတွေသာ မကဘဲ လက်ထဲမှာ ကိုင်ထားတဲ့ လက်နက်ငယ်တွေ၊ AK-47 ရိုင်ဖယ်တွေကအစ အလုံးစုံ စွန့်လွှတ်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီလက်နက်ငယ်တွေကိုပဲ အောက်တိုဘာ ၇ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ဟားမားစ်တွေက အသုံးချခဲ့တာ ဖြစ်တယ်လို့ နေတန်ညာဟုက ထောက်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တုန်းက ဟားမားစ်တွေဟာ အစ္စရေးနယ်စပ်ကို အငိုက်ဖမ်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အစ္စရေး နိုင်ငံသား ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို လူပေါင်း ၂၅၀ လောက်ကို ဂါဇာကမ်းမြှောင်ဒေသဆီ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့်ပဲ ဂါဇာမှာ ၂ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ စစ်ပွဲကြီး အစပြုလာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Times of Israel
ဓာတ်ပုံ – AP


















































