တရုတ်က နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုအတွက် အထောက်အထားသစ် တစ်ခုကို အမေရိကန်ဖက်က ထုတ်ပြောလာခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်နေ့တုန်းက တရုတ်ဟာ နျူကလီးယား ဖောက်ခွဲမှု တစ်ခုကို ကမ္ဘာက မသိစေဘဲ စမ်းသပ် လုပ်ဆောင်ခဲ့ဖူးကြောင်း အမေရိကန်က စွပ်စွဲထားပြီး တရုတ်ကတော့ ငြင်းဆိုထားပါတယ်။ ကနဦး စွပ်စွဲမှုမှာ အမေရိကန်က အထောက်အထားတွေ ထုတ်မပြခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လက်နက် ထိန်းချုပ်ရေးနဲ့ နျူကလီးယား လျှော့ချရေး ဌာနခွဲ၊ ဒုတိယ အကြီးအကဲ ခရစ္စတိုဖာ ယာအောက အချက်အလက်သစ် တစ်ခုကို ဖော်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့တုန်းက ကာဇက်စတန်မှာရှိတဲ့ ဝေးလံသီခေါင်ပြီး သေးငယ်တဲ့ တိုင်းတာရေး စခန်းတစ်ခုဟာ ငလျင်ငယ်တစ်ခု လှုပ်ရှားမှုကို ထောက်လှမ်းမိခဲ့ကြောင်း ယာအောက ပြောပါတယ်။ အဲဒီ ငလျင်ဟာ မဂ္ဂနီကျု ၂.၇၅ အဆင့်လောက် ပြင်းအားသာ ရှိတယ်လို့ တိုင်းတာရရှိခဲ့ပေမယ့် တရုတ်ရဲ့ ပင်မ နျူကလီးယား စမ်းသပ်ရေးဇုန် Lop Nurနဲ့ မိုင် ၄၅၀ ဝန်းကျင်လောက် အကွာကို ဗဟိုပြုခဲ့တယ်လို့ သူက ဆိုပါတယ်။
အဲဒီငလျင်လှုပ်မှုဟာ ပြင်းထန်တဲ့၊ တစ်ကြိမ်တည်း ဖြစ်ပေါ်ခဲ့တဲ့ မြေအောက် ပေါက်ကွဲမှု တစ်ခုခုကြောင့်ကလွဲပြီး တခြားဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးကြောင်း ယာအောက ဝါရှင်တန်ဒီစီမှာ Hudson Instituteက ကြီးမှူးကျင်းပခဲ့တဲ့ အစီအစဉ် တစ်ခုမှာ ပြောကြားသွားပါတယ်။ ဒီလို ငလျင်ငယ်မျိုး လှုပ်ခတ်မှုဟာ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု တစ်ခုကြောင့်ဆိုတဲ့ အယူအဆအတွက် ကိုက်ညီမှုတွေလည်း အများကြီး ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Public Service Announcement
အဲဒီကောက်ချက်အပေါ် တခြား ကျွမ်းကျင်သူတွေက လတ်တလောမှာ ထောက်ခံတာ၊ ဝေဖန်တာမျိုး မရှိသေးပါဘူး။ နော်ဝေးနိုင်ငံမှာ အခြေစိုက်ပြီး နျူကလီးယား ဖောက်ခွဲမှုတွေ ဖြစ်နိုင်ခြေကို စောင့်ကြည့်တဲ့ NORSAR အဖွဲ့ရဲ့ ငလျင်ဗေဒဌာန အကြီးအကဲ ဘန်ဒန်ဒိုက အဲဒီတုန်းက ထွက်ပေါ်ခဲ့တဲ့ ငလျင်လှိုင်းတွေဟာ ပေါက်ကွဲမှု တစ်ခုကနေ အစပြုခဲ့တယ်ဆိုတာ ဖြစ်နိုင်ခြေရှိကြောင်း ပြောပါတယ်။ ဒါပေမဲ့ လှိုင်းတွေက အားပျော့လွန်းသလို တိုင်းတာရေး စခန်းတစ်ခုတည်းကပဲ ဖမ်းယူရရှိခဲ့တယ်ဆိုတဲ့ အချက်တွေကိုလည်း သူက ထောက်ပြထားပါတယ်။
ဒါကြောင့် ဒီငလျင်ငယ်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ သာမန်ဖြစ်စဉ် တစ်ခုလို့လည်း ယူဆကောင်း ယူဆနိုင်ကြောင်း ဒန်ဒိုက ပြောကြားသွားပါတယ်။ ဒီတိုင်းတာမှု ရလဒ်လောက်က သိပ်ကို စုံလင်အားကောင်းတဲ့ အထောက်အထားလို့တော့ သူမယူဆကြောင်း၊ ဒီအချက်တစ်ခုတည်းကို အခြေခံပြီး နျူကလီးယား စမ်းသပ်မှုတစ်ခု လုပ်ခဲ့သလား ဆိုတာကို အတည်မပြုနိုင်သလို ငြင်းလည်း မငြင်းဆိုနိုင်ကြောင်း သူက သုံးသပ်ခဲ့ပါတယ်။
နျူကလီးယား စမ်းသပ်မှု အလုံးစုံ တားဆီးရေး စာချုပ်အဖွဲ့ကလည်း အဲဒီနေ့က ၁၂ စက္ကန့်ခြားပြီး ဖြစ်ပေါ်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှု နှစ်ကြိမ်ကို တိုင်းတာရရှိခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် ငလျင်ရဲ့ အကြောင်းရင်းကိုတော့ အတည်ပြုနိုင်ဖို့ လုံလောက်တဲ့ အခြေအနေ မရှိကြောင်း ပြောကြားထားပါတယ်။
ယာအောရဲ့ စွပ်စွဲမှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အရင်ကတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်ဟာ နျူကလီးယား လက်နက် စမ်းသပ်ခဲ့ကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်က လုံးဝ အခြေအမြစ် မရှိဘူးလို့ ငြင်းဆိုခဲ့ဖူးပါတယ်။
ကမ္ဘာ့ နျူကလီးယား အင်အားကြီး လက်နက် နိုင်ငံတွေဟာ နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှုတွေ မလုပ်ခဲ့တာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီးပါပြီ။ အမေရိကန်ရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုဟာ ၁၉၉၂ မှာဖြစ်ပြီး တရုတ်က တရားဝင် ကြေညာပြီး နျူကလီးယားလက်နက် စမ်းသပ်ခဲ့တာက ၁၉၉၆ ခုနှစ်မှာပါ။ နှစ်နိုင်ငံစလုံးဟာ နျူကလီးယား လက်နက် စမ်းသပ်မှု အလုံးစုံ တားမြစ်ရေး စာချုပ်ကို ကနဦးအဆင့်မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် သတ်မှတ်ချက်တွေကို အသက်ဝင်စေမယ့် နောက်ဆက်တွဲ အတည်ပြု စာချုပ်မှာတော့ တရားဝင် လက်မှတ် မထိုးခဲ့ပါဘူး။
ကမ္ဘာပေါ်မှာ နျူကလီးယား လက်နက် စမ်းသပ်မှုကို နောက်ဆုံး လုပ်ဆောင်ခဲ့တာ မြောက်ကိုရီးယား ဖြစ်ပါတယ်။ ၂၀၁၇ စက်တင်ဘာ ၃ ရက်နေ့တုန်းက မြောက်ကိုရီးယားရဲ့ ပွန်ဂျီရီ နျူကလီးယား စမ်းသပ်ရေး ဧရိယာမှာ သာမိုနျူကလီးယား လက်နက်တစ်ခု စမ်းသပ် ဖောက်ခွဲခဲ့တာကြောင့် မဂ္ဂနီကျု ၆.၃ အဆင့်ရှိတဲ့ ငလျင်တစ်ခုပါ လှုပ်ခတ်ခဲ့ပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Getty Images


















































