Connect with us

Hi, what are you looking for?

သတင်း

ဒေါ်ကြည်ပြာအမှု အဂတိမတွေ့ဆို​ပေမယ့် မိသားစုဝင်တွေကိုအလုပ်ခန့်တာ အပါအဝင် ညှိစွန်းမှုအချို့ကြောင့် ခင်ပွန်းဖြစ်သူနဲ့ တူနှစ်ဦးကိုအလုပ်မှရပ်နားဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းတို့ အား လူ့အခွင့်အရေးချိုးဖောက်မှု ၊ အလွဲသုံးစားမှုတွေနဲ့ မလျော်ဩဇာသုံးတယ်လို့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားထားမှုကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကနေ့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာအကျဉ်းချုပ်အား CDM တွေနဲ့ ပြည်သူတွေကို အသိပေး ခဲ့ပါတယ်။

■ယခုဖြစ်ရပ်အ​ပေါ်သင်ခန်းစာယူပြီး NUG တစုံလုံးမှာ ဆွေမျိုးနဲ့ မိသားစုဝင်တွေ တရုံးတည်း ရာထူးကြီးယူထားတာမဖြစ်စေဖို့ အပါအဝင် အချက် ၆ချက်လုပ်ဆောင်ဖို့ ဆုံးဖြတ်

■“ထောက်ပို့တွေ CDM တွေကိုအလေးထားလို့ဒီသတင်းစာ ရှင်းလင်းပွဲကို အမြန်ဆုံးဆောင်ရွက်လိုက်ရခြင်းဖြစ်ပါတယ်” စုံစမ်းစစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် ဝန်ကြီးဒေါက်တာဇော်ဝေစိုး

ဖေဖော်ဝါရီ-၂၁၊၂၀၂၆။ထားမြတ်၊ရဲခေါင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းတို့ အား လူ့အခွင့်အရေးချိုးဖောက်မှု ၊ အလွဲသုံးစားမှုတွေနဲ့ မလျော်ဩဇာသုံးတယ်လို့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားထားမှုကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကနေ့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာအကျဉ်းချုပ်အား CDM တွေနဲ့ ပြည်သူတွေကို အသိပေး ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံ့ဝန်ထမ်းCDMဝန်ထမ်း (၅)ဦးပါဝင်တဲ့တိုင်ကြားသူ(၁၂)ဦးအဖွဲ့ကပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို ၂၀၂၅ နိုဝင်ဘာ ၁၉ရက်က တိုင်ကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး ဝန်ကြီး ဦးလွင်ကိုလတ်၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဝန်ကြီး ဂျာထွယ်ပန် နဲ့ အကြံပေးနော်စူစန်နာလှလှစိုး တို့ ပါဝင် ၅ဦး အဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

တိုင်ကြားမှု သုံးလခန့်အကြာ ဖေဖော်ဝါရီ ၁၈ရက်မှာတော့ တိုင်ကြားခံရသူ ဒေါ်ကြည်ပြာကို ချိုသာစွာ​ပြောကြားရန်ပြင်းထန်စွာ သတိပေးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုးပြီး တိုင်ကြားသူတွေနဲ့ တိုင်ကြားခံရသူတွေကို ဖြန့်ဝေခဲ့ပါတယ်။ အဲဒီနေ့ဟာ လူသတ်မှုအပါအဝင် အမှု ၇မှု ဖွင့်လှစ်ခံထားရလို့ NUGက အရေးယူဖို့ လုပ်ဆောင်နေတဲ့ BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီနဲ့ပူး​ပေါင်းသွားလို့ စစ်တပ်ကရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားတဲ့ သတင်းဖြစ်ပေါ်နေချိန်ဖြစ်ပါတယ်။

မကြည်ပြာအမှုကိုသတိပေးကြောင်းသာ ဆုံးဖြတ်ခဲ့မှု အပေါ် တိုင်ကြားသူတွေက လက်မခံသလို ဝေဖန်မှုများစွာရှိလာပြီး CDM အဖွဲ့များကပါ စာထုတ်အပြင်းအထန်ကန့်ကွက်မှုတွေ ရှိလာတဲ့ အခြေအနေမှာ စုံစမ်းရေးအဖွဲ့က အခုလို သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာ ဖြစ်ပါတယ်။

မကြည်ပြာအမှု စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးကတည်းက အမှန်တရားဖော်ထုတ်ရမယ့် ဖြစ်စဉ် ဖြစ်တယ်ဆိုတာ လေးနက်စွာ ခံယူ ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းပွဲ အဖွင့်အမှာစကား ပြောကြားရာမှာ ပြောကြားပြီး ဒါဟာ NUG အတွက်ရော တော်လှန်ရေးအတွက်ရော အရေးကြီးတဲ့ မှတ်ကျောက်တင်မယ့် အမှုအခင်းဖြစ်ကြောင်း ပြောပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုဟာဌာနဆိုင်ရာစစ်ဆေးမှု သဘောဖြစ်ပြီးလျှို့ဝှက်အဆင့်အတန်းတခုအနေနဲ့ စစ်ဆေးခဲ့ရတာဖြစ်ကြောင်းပြောပါတယ်။ဒီအမှုဟာ ပြည်သူစိတ်ဝင်စားမှုရှိမယ့်အမှုဖြစ်ပြီး အစိုးရ အတွက်၊ တော်လှန်ရေးအတွက် ပါဝင်သူအတွက်သိပ်ကို အရေးကြီးတဲ့ အမှု ဖြစ်လို့ လျှို့ဝှက်စစ်မလား၊ ဖွင့်ချစစ်ဆေးမလားဆိုတာ စဉ်းစားခဲ့ကြပေမယ့် တော်လှန်ရေးသမားတွေဟာ ကိုယ့်နာမည်ကိုယ်တောင်ဖော်ဖို့ခက်ခဲချိန် လုံခြုံရေးအရ များစွာ အရေးကြီးချိန် ဖြစ်လို့ ဖွင့်ချ စစ်ဆေးမှု မလုပ်သင့်ကြောင်း ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ခဲ့တာလို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

တိုင်ကြားသူ ၁၂ ဦး၊ကြားသက်သေ၄ဦး၊တိုင်ကြားခံရသူ ၂ဦး၊ကြားသက်သေ ၅ဦး စုစုပေါင်း သက်သေ ၂၃ဦး ရှိခဲ့ပြီး ထွက်ဆိုရာမှာ သက်သောင့်သက်သာ ဖြစ်စေဖို့ ရင်းနှီးစွာနဲ့ ရဲဘော်ရဲဘက် အချင်းချင်းမေးမြန်းစုံစမ်းတဲ့ပုံစံနဲ့ လုပ်ခဲ့ကြောင်း ၊ စစ်ဆေးစဉ် တရားရေး၊ ဥပဒေရေး အကြောင်းအရာအရ အကြံပေးသူတွေရှိသလို ငွေကြေးစစ်ဆေးမှုနဲ့ပတ်သက်ရင် အစိုးရမှာရှိနေတဲ့ စာရင်းစစ်ချုပ်ရုံး၊ ပြင်ပ ကျွမ်းကျင်တဲ့ စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးတာ၊အကြံပြုချက်တွေ ရယူခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။ လူသက်သေ၊ ပစ္စည်းသက်သေ စစ်ဆေးခဲ့ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ သုံးသပ် အကြံပြု အစိရင်ခံစာတွေ ရယူခဲ့ကြောင်း ရှင်းပြပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အသိပေးသတိပေးခဲ့ကြတဲ့ CRPH အဖွဲ့ဝင်များ၊CDM အင်အားစုများ၊ တော်လှန်ရေးအင်အားစုများကိုလည်းအထူးကျေးဇူးတင် ကြောင်း ပြောပါတယ်။တော်လှန်ရေးအတွက် အရေးကြီးတဲ့ ၊NUG အစိုးရပုံရိပ်အတွက်အ​ရေးကြီးတဲ့ကိစ္စတခုဖြစ်တဲ့အတွက် စေ့စပ် သေချာစွာ ဆောင်ရွက်ရတာဖြစ်လို့ အချိန် သုံးလကြာခဲ့တယ်လို့ဆိုပါတယ်။

စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးတဲ့ ဝန်ကြီးချုပ်ကို ဖေဖော်ဝါရီ ၁၉ရက်နေ့က လူချင်းတွေ့ခဲ့ကြောင်း၊ လျှို့ဝှက်ချက်ကို ပြည်သူလူထုကို ပြောပြခြင်းပြု မပြုနဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့ကို တင်ပြရာ ယာယီသမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေရဲ့ သဘောတူညီချက်နဲ့ အခုလိုရှင်းလင်းခဲ့တာဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

အမှုဖြစ်စဉ်ဟာပြည်သူနဲ့ဆိုင်လာတယ် တော်လှန်ရေးနဲ့ ဆိုင်လာတယ် အစိုးရ ပုံရိပ်နဲ့ ဆိုင်လာတဲ့ အတွက် အခုလို ဖွင့်ပြောရတာ ဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။ ပုံမှန်အခြေအနေမှာ တိုင်ကြားသူ ၊ တိုင်ကြားခံရသူ နှစ်ဖက်ကို တွေ့ ရှင်းပြကာ အရေးယူ အပြစ်ပေးခြင်းတွေကို ပြုလုပ် ရမှာ ဖြစ်ပေမယ့် စောင့်လို့မရတဲ့ ကာလ၊ တော်လှန်ရေးအတွက် အရေးကြီးနေလို့ ရှင်းလင်းပွဲလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာကို အကျဉ်းချုပ်ကို ပညာရေးဝန်ကြီး ဂျာထွယ်ပန်က ဖတ်ကြားခဲ့ပါတယ်။တိုင်ကြားချက်ပါ စွပ်စွဲချက်များစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တိုင်ကြားသူတွေရဲ့ မူလတိုင်ကြားချက်၊ ထွက်ဆိုချက်တွေကို စိစစ်ပြီး စွပ်စွဲချက်တွေကို စုစည်းခဲ့ရာ အချက်လေးချက် ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီစွပ်စွဲချက်တွေကတော့ လူ့အခွင့်အရေးချိုးဖောက်မှု၊အလွဲသုံးစားပြုလုပ်မှု၊ဝန်ထမ်းတွေအပေါ် တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်တာနဲ့ စုံစမ်းစစ်ဆေး နေစဉ် တိုင်ကြားသူတစ်ဦးက ထပ်မံတင်သွင်းလာသော စွပ်စွဲချက်အသစ်ဖြစ်တဲ့ ရုံးတွင်းSexual Harassment ပြုလုပ်တာ စတဲ့ စွပ်စွဲချက်တွေဖြစ်ကြောင်း ဖော်ပြပါတယ်။

အလွဲသုံးစားပြုလုပ်မှုစွပ်စွဲချက်မှာ အကျိုးစီးပွားပဋိပက္ခ နဲ့ ဆွေမျိုးကောင်းစား ရေး၊ အဂတိလိုက်စားမှုနဲ့ ငွေကြေးအလွဲသုံးစားမှုများ၊ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှု မရှိတာနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ ရုံးသုံးပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးပြုတာ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ် ထပ်တိုးပေါ်ပေါက်လာတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရုံးတွင်း Sexual Harassment ကိစ္စရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာကွယ် ပေးရေး ဗဟိုကော်မတီ သို့ မှတ်ချက်ပြုပေးပါရန် ဖိတ်ခေါ်ခဲ့ရာ ကော်မတီဝင် ကျွမ်းကျင်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PSHEA (Protection from Sexual Harassment, Exploitation and Abuse Policy) မူဝါဒအရ သဘောထားမှတ်ချက်များ ပေးပို့ခဲ့ကြောင်း အသိပေးပါတယ်။

●စွပ်စွဲချက်များအပေါ် စစ်ဆေးတွေ့ရှိချက်နှင့် သုံးသပ်ချက်များ

စုံစမ်းစစ်ဆေးရေးအဖွဲ့အပါအဝင် ပြင်ပပညာရှင်တွေရဲ့စိစစ်သုံးသပ်အကြံပြုချက်တွေအရ “လူ့အခွင့်အရေးချိုးဖောက်မှု”စွပ်စွဲချက်ဖြစ်တဲ့ ဝန်ထမ်းများအပေါ် ခွဲခြားဆက်ဆံ တာနဲ့ ဝန်ထမ်းအခွင့်အရေးချိုးဖောက်တာမှာဝန်ထမ်းများကို ပြောဆိုမှုကြမ်းတမ်းခြင်း” စွပ်စွဲချက်အပေါ် ဒေါ်ကြည်ပြာ ဟာ နှုတ်အားဖြင့် အပြောအဆို ချိုသာမှုမရှိဘဲ ပြောဆိုဆက်ဆံခဲ့တွေ့ရကြောင်း ဖော်ပြပါတယ်။

“ထိုသို့ပြောဆိုဆက်ဆံခံရခြင်းသည် တော်လှန်ရေးကာလ စိတ်ဖိစီးမှု အမျိုးမျိုး ခံစားနေကြရသော CDM များနှင့် ဝန်ကြီးချုပ်ရုံး ဝန်ထမ်းများ အတွက် စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရမှုများကို ပိုမိုဆိုးဝါးစေနိုင် ကြောင်း သုံးသပ်တွေ့ရှိရပါသည်” လို့ ဖော်ပြထားပါတယ်။

ဒီလိုဖြစ်ရတာဟာအလုပ်မှာအကြီးအကဲဖြစ်တဲ့ ဒေါ်ကြည်ပြာနဲ့ ဝန်ထမ်းတွေ နှစ်ဖက်စလုံးမှာ ခက်ခဲပင်ပန်းလို့ စိတ်ဖိစီးမှုများပြီးတာဝန် ကြီးမားတဲ့တော်လှန်ရေးလုပ်ငန်းခွင်ပုံစံမှာနေထိုင်လုပ်ကိုင်ရခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

စစ်ဆေးမေးမြန်းချက်တွေအရ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေ၊ အထောက်အထားများ မတွေ့ရှိရဟုဆိုပါတယ်။အလုပ်ချိန်ပြင်ပ အလုပ်တာဝန်ပေးတာတွေ စစ်ဆေးတွေ့ရှိရပေမယ့် လက်ရှိတော်လှန်ရေးကာလတွင် လုပ်ငန်းလိုအပ်ချက်အရ အလုပ် သမား အခွင့်အရေးများကို အတိအကျသတ်မှတ်လိုက်နာဖို့ ခက်ခဲတာကြောင့် “ချိုးဖောက်သည်”ဟု သတ်မှတ်ရန် မသင့်ကြောင်း သုံးသပ်ထားပါတယ်။

အလွဲသုံးစားပြုလုပ်မှုတွေနဲ့ ပတ်သက်ပြီးဒေါ်ကြည်ပြာအနေနဲ့ သူ့အမျိုးသားအပါအဝင် ဆွေမျိုးသားချင်း အချို့ အား တစ်ရုံးထဲမှာ ရာထူးတာဝန် ပေးအပ်ထားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

“လက်ရှိ တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေကြရသည့် အခြေအနေ နှင့် လုံခြုံရေး ကျိုးပေါက်မှုအန္တရာယ်များကြောင့် သစ္စာရှိမှုနှင့် ပုဂ္ဂိုလ်ရေးအရ ယုံကြည်စိတ်ချရမှုတို့ကို ဦးစားပေး၍ ထိုသို့ဆောင်ရွက်ခဲ့ရသည်ဆိုသော်ငြားဆွေမျိုးသားချင်းများကို တစ်ရုံးထဲတွင် ခန့်ထားမှုသည် နိုင်ငံတကာက ကျင့်သုံး သော အကျိုးစီးပွားပဋိပက္ခနှင့် ဆွေမျိုးကောင်းစားရေး (Nepotism) သဘော တရားများ၊ မူဝါဒများနှင့် ငြိစွန်းမှုရှိကြောင်း သုံးသပ်ပါသည်။” လို့ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာပါရှိပါတယ်။

အဂတိလိုက်စားမှုနဲ့ ငွေကြေးအလွဲသုံးစားမှုကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တိုင်ကြား သူများအနေဖြင့် နှုတ်ဖြင့် စွပ်စွဲမှုသာရှိပြီး ခိုင်လုံသော သက်သေအထောက်အထား တင်ပြနိုင်ခြင်းမရှိခဲ့ကြောင်း အသိပေးထားပါတယ်။

ဥပမာ -ကားဝယ်ခြင်း၊ ခွေးမွေးခြင်း၊ လက်ဝတ်ရတနာဝယ်ယူခြင်းတို့ဟာနိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ/ မိတ်ဖက်အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေများကို အလွဲသုံးစားပြုလုပ်၍ ဝယ်ယူ ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခြင်း မရှိဟု ဖော်ပြထားပါတယ်။

“ကိုညီညီမင်းက ကိုယ်ပိုင်ဝင်ငွေရှိပါတယ်။သူအဖွဲ့အစည်းတခုမှာ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် သူကိုယ်ပိုင်ဝင်ငွေ ရှိတယ်ဆိုပြီးထွက်ဆိုပါတယ်။ ဆို

တော့ ဒီဟာတွေ အကုန်လုံးကို သူတို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ၀ယ်ယူခြင်း ဖြစ်တယ်ဆိုတာမျိုးပေါ့ ဒီလိုမျိုးထွက်ဆိုထားတာရှိပါတယ်။ ခွေးမွေးတာကလည်း သားသမီးအနေနဲ့ ပေါ့နော် သူတို့ ချစ်လို့ တိရိစ္ဆာန် ချစ်တက်တာ ဖြစ်တဲ့အတွက် မွေးတာဖြစ်ပါတယ်ဆိုတာမျိုး ထွက်ဆိုထားတာရှိပါတယ်” လို့ စုံစမ်းရေးအဖွဲ့ဝင် ဝန်ကြီး ဂျာထွယ်ပန်က သတင်းထောက်တဦးရဲ့ မေးမြန်းချက်အပေါ် ဖြေကြားပါတယ်။

ဝန်ကြီး ဦးလွင်ကိုလတ်ကလည်း အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ နားကပ်တရံဝယ်တာ၊ ခွေးမွေးတာ၊ ကားဝယ်တာတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်ကို အခုလို ရှင်းပြပါတယ်။

“ဒါတွေနဲ့ပတ်သက်ပြီး နှုန်းထားတွေလည်း ကျနော်တို့ မေးခဲ့တာ ရှိပါတယ်။ ဒီနှုန်းထားတွေမေးခဲ့တာရှိသလိုပဲ ဒါတွေနဲ့ပတ်သက်ပြီး မကြည်ပြာတို့ ကိုညီညီမင်းတို့ ရှေ့ပိုင်းမှာ ရှာခဲ့တဲ့ ငွေကြေး အရင်းအမြစ်ရယ် လက်ရှိ အခြေအနေမှာလည်း ကိုညီညီမင်းက အလုပ်ရှိပါတယ်။ အဲဒီတော့ သူအလုပ်ရှိနေတဲ့ ဝင်ငွေအရင်းအမြစ်ရယ်နဲ့ ချိန်ဆကြည့်မယ်ဆိုရင် ဒီဝယ်ယူမှုတွေက သူတို့ရဲ့ ဝင်ငွေအရင်းအမြစ်နဲ့ ဝယ်ယူနိုင်တဲ့ ပမာဏတွေဖြစ်တယ်ဆိုတာတော့ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ သီးခြားပေါ့ ငွေကြေး သန်းပေါင်းများစွာ တန်တဲ့ တခြား ပိုင်ဆိုင်မှုတွေ ဆရာကြီးဇော်လည်း ပြောခဲ့တယ်ပေါ့ တိုက်တွေကားတွေဒီလိုမျိုး အဆမတန် ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တွေ့ခဲ့တာမရှိပါဘူး”လို့ ဦးလွင်ကိုလတ်က မီဒီယာရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

စွပ်စွဲခံရသူ ဒေါ်ကြည်ပြာဘက်က တင်သွင်းတဲ့ သက်သေ (၄) ဦးတို့က ဘဏ္ဍာရေး ဆိုင်ရာ စာရင်းဇယားတွေနဲ့ စာရင်းစစ်အစီရင်ခံစာ တင်ပြခြင်းတို့ကို ဆောင်ရွက် နိုင်ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ အသိပေးပါတယ်။

စာရင်းစစ် (ပြင်ပ)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စာရင်းစစ်ချုပ်ရုံးရဲ့ သဘောထားမှတ်ချက်နဲ့ အကြံပြုချက်များအရလည်း ငွေကြေးအလွဲသုံးစား ပြုလုပ်ကြောင်း၊ အဂတိလိုက်စားကြောင်း ခိုင်လုံတဲ့ အချက်တွေ မတွေ့ရဟု အစီရင်ခံစာမှာ ပါရှိပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလည်း သတင်းရှင်းလင်းပွဲမှာ မေးမြန်းမှုနဲ့ပတ်သက်ပြီး အခုလို ရှင်းပြခဲ့ပါတယ်။

“ငွေစာရင်းနဲ့ပတ်သက်လို့ စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူတွေရော ပြင်ပ စာရင်းစစ်တွေကိုရောပို့တဲ့အခါမှာ ရရှိ သုံးစွဲ ဆိုပြီးတော့ ဒါတွေ ထုတ်ပြန်ရတာ ရှိတယ်။ စာရင်းတွေအတိအကျနဲ့ ထုတ်ပြရတယ်လို့ သိရတယ်။ အဲဒီ စာရင်းတွေအရ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်။ ပြုလုပ်ခဲ့ပြီးတော့ လိုအပ်ချက်တွေကို အပြန်အလှန် မေးတယ် မမေးဘူးဆိုတာ မသိဘူးပေါ့ စာရင်းစစ်အဖွဲ့တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ခဲ့ကြတယ်ဆိုတာ ကျနော်တို့ သိတယ်။ အဲဒီလို လုပ်ပြီးတဲ့အခါမှာ ထွက်ပေါ်လာချက်အရတော့ ငွေရေး ကြေးရေးဆိုင်ရာ အဂတိလိုက်စားမှုတော့ မတွေ့ခဲ့ရဘူးဆိုတာ ဖော်ပြထားတာ ရှိတယ်” လို့ ဝန်ကြီး ကပြောပါတယ်။

ဒါပေမဲ့ဝန်ကြီးဌာနလုပ်ငန်းအားလုံးမှာ စာရင်းဇယား အတိအကျ ထားတာ အပါအဝင် လုပ်သင့်လုပ်ထိုက်တဲ့ ငွေရေးကြေးရေးဆိုင်ရာ အကြံပြုချက်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပြီး အချုပ်အားဖြင့်တော့ အလွဲသုံးစားမှု အဂတိလိုက်စားမှု မမြောက်ဘူးဆိုတာ ကိုဖော်ပြထားတာတွေ့ရကြောင်း ရှင်းလင်း ဖြောကားပါတယ်။

တိုင်ကြားသူ၊ တိုင်ကြားခံရသူနဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်များအရ “ဝန်ထမ်းတွေအပေါ်နဲ့ တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုး ခြယ်လှယ် ဆောင်ရွက်နေမှုများ”ဟူသော စွပ်စွဲချက်နဲ့ခိုင်လုံသောသက်သေအထောက်အထားနဲ့ စစ်ဆေးတွေ့ရှိချက် မပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သို့​သော်ရုံးတွင်း Sexual Harassment ကိစ္စ တိုင်ကြားချက်နဲ့ပတ်သက်ပြီး တိုင်ကြားခံရသူ ဦးညီညီမင်းဟာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု မဟုတ်ပေမယ့် အချို့စွပ်စွဲချက်တွေဟာNUG ရဲ့ PSHEA Policy (Protection from Sexual Harassment, Exploitation and Abuse Policy) နဲ့ ငြိစွန်းဖောက်ဖျက်မှု ရှိကြောင်း စစ်ဆေး တွေ့ရှိရတယ်လို့ အသိပေးပါတယ်။

လိင်အမြတ်ထုတ်မှု တိုင်ကြားချက်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး နော်စူစန်နာလှလှစိုးက စစ်ဆေးမှု အခြေအနေကို ရှင်းပြခဲ့ပါတယ်။

“PSHEAက စတိုင်တဲ့စာထဲမှာ ကျမတို့ မတွေ့ရဘူး။ နောက်ပိုင်းတော့ ထပ်တိုင်တဲ့ ကိစ္စလေးတရပ်ဖြစ်ပါတယ်။ ကျမတို့လည်း အဲဒီတိုင်ကြားမှု ရရချင်း ဒီကေ့စ်ကို NUG ရဲ့ PSHEA ကော်မတီကို ပို့ပေးတယ်။ ပို့ပေးပြီးတော့ သူတို့ရဲ့ မှတ်ချက်ကို တောင်းယူခဲ့ပါတယ်။ အဲဒီမှာလည်း သူတို့လည်း ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် ဆွေးနွေးအစည်းအဝေးလုပ်ပြီး ကျမတို့ကို မှတ်ချက်တွေ ပြန်ပြီးတော့ ပို့ပေးပါတယ်။ ဘယ်လိုကျူးလွန်လဲလို့ မေးထားတယ် ထင်ပါတယ်နော်။ ဒီ Screenshoot တခုပေါ့နော် ကျမတို့ကို တိုင်တဲ့သူက Screenshoot တခုပို့ပေးတယ်။ အပြန်အလှန်ပေါ့ ရေးကြတယ်။ အပြန်အလှန်လည်း အီမိုဂျီတွေပို့ကြတယ်ပေါ့နော်။ ဆိုတော့ အဲဒီ Screenshoot တခုနဲ့ တင်တာဆိုတော့ အဲဒီမှာ ကျွမ်းကျင်သူကလည်း ဒီဟာကို ကြည့်ပြီး နံပါတ်(၁) ဒီလိုမျိုး Message တွေ ပို့နေတဲ့အချိန်ဟာ ဦးညီညီမင်းဟာ အထက်အရာရှိ ဖြစ်ပြီးတော့ တိုင်ကြားတဲ့သူက လက်အောက် ဝန်ထမ်းဖြစ်တယ်။ အဲဒီတော့ အထက်အရာရှိကနေပြီးတော့ Superpower သုံးပြီးတော့ ဒီလိုမျိုးရေးတယ်။ ဟိုဘက်က ဘာပဲ ပြန်ပြောပြန်ပြော ပေါ့လေ အဲဒီလိုမျိုးရေးတဲ့အတွက်ကြောင့် စိတ်နှလုံး ညိုးနွမ်းမှု ဖြစ်တဲ့အတွက်ကြောင့် ဒါကို PSHEAနဲ့ ငြိပါတယ်လို့ PSHEA ကော်မတီက သတ်မှတ်ပေးလိုက်ပါတယ်” လို့ နော်စူစန်နာလှလှစိုးကရှင်းပြပါတယ်။

ဒါကြောင့် နှုတ်ဖြင့် ဖြစ်စေ စာဖြင့် ဖြစ်စေ သတိပေးအရေးယူဖို့ဆုံးဖြတ်ခဲ့တာလို့အသိပေးပါတယ်။ဒေါ်ကြည်ပြာရဲ့ ခင်ပွန်းနဲ့ မိသားစုဝင် ၂ဦးကို တာဝန်ရပ်ဆိုင်းဖို့ ပါဝင်တဲ့ အရေးယူမှု လုပ်ဖို့ ဆုံးဖြတ်စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေအရ အစိုးရ အနေနဲ့ ဒေါ်ကြည်ပြာကို သတိပေးတာ၊ ဒေါ်ကြည်ပြာ ခင်ပွန်းနဲ့ တူ ၂ဦးကို တာဝန်ရပ်ဆိုင်းတာ၊ တိုင်ကြားမှုမှာ ပါတဲ့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း ၄ဦးဟာ စုံစမ်းရေးကာလမှာ လိုက်နာရမယ့် ကျင့်ဝတ် ဖောက်ဖျက်လို့စာနဲ့သတိပေးတာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒေါ်ကြည်ပြာကိုအဂတိလိုက်စားမှုနဲ့ အစိုးရ အတွင်း လွှမ်းမိုးချယ်လှယ်မှုဆိုင်ရာ တွေမှာ စွပ်စွဲပြစ်တင်ဖို့ လုံလောက်သော အကြောင်း မတွေ့ရှိပေမယ့် ဆက်ဆံရေးအားနည်းချက်နဲ့ မိသားစုဝင်များအား ခန့်အပ် ဆောင်ရွက်ခြင်း အားနည်းချက်များ တွေ့ရှိရလို့ ပြင်းထန်စွာ သတိပေးသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။

အပြောအဆို အနေအထိုင်နဲ့ပတ်သက်ပြီး ပြင်းထန်စွာ သတိပေး အသိပေးရတဲ့ အခြေအနေကိုလည်း ဒေါက်တာဇော်ဝေစိုးက အခုလို ရှင်းပြခဲ့ပါတယ်။

“ကျနော်တို့ နားလည်တယ်။ အားလုံးသိတဲ့အတိုင်းပဲ ဒီအချိန်မှာ ရှေ့တန်းမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ CDM တွေရော အပါအဝင်ပေါ့နော် ချို့ချို့ငဲ့ငဲ့နဲ့ တော်လှန်ရေးကို လုပ်နေရတဲ့ အချိန်မှာ အားလုံးသိပြီးသား ကျနော်တို့ဆို ထမင်းစားတဲ့ဟာကို ဓာတ်ပုံမရိုက်ခိုင်းဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ရဲဘော်တွေကိုအားနာလို့။ဒါကြောင့် ပြင်းထန်စွာ အသိပေးတယ် သတိပေးတယ် ဆိုတဲ့အထဲမှာ ဒါတွေ ပါမှာ ဖြစ်ပါတယ်။ အနေအထိုင် အပြောအဆိုကအစ ဒီနေ့ တော်လှန်ရေးဟာ အားလုံးပါဝင်နေတဲ့ တော်လှန်ရေးဟာ ဆင်ခြင်ကြရမှာဖြစ်တယ်။ ခုနလိုကိစ္စ တွေတင်မကဘူး အားလုံးပေါ့ကျနော်တို့ ဒီနေ့ တော်လှန်ရေးထဲမှာ ရှိနေတဲ့ သူတွေဟာ အားလုံးဆင်ခြင်ကြရမှာ။ ရဲဘော်တွေက ရှေ့တန်း ကတုတ်ကျင်းထဲမှာ အဝတ်အစားတောင် လဲချိန်မရဘဲနဲ့ တိုက်ပွဲဝင်နေတဲ့အချိန် ကျနော်တို့တတွေ အဝတ်အစားတွေ ထည်လဲ ဝတ်နေလို့ မရဘူးဆိုတဲ့အကြောင်း အဲဒါကြောင့် ပြင်းထန်စွာ သတိပေးတဲ့အထဲမှာ အနေအထိုင် အပြောအဆိုက အစ သတိပေး အသိပေးသွားမှာဖြစ်တယ်ဆိုတဲ့ အကြောင်း ကျနော်ပြောချင်တာ” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

တိုင်ကြားချက်မှာ ဒေါ်ကြည်ပြာက ခွေးမွေးနေ့လုပ်တာ၊ ကားဝယ်တာတွေ လုပ်ဆောင်ခဲ့မှု စွပ်စွဲချက်နဲ့ပတ်သက်ပြီး သတင်းမီဒီယာရဲ့ မေးမြန်းချက်အပေါ် အခုလို ဖြေကြားခဲ့တာပါ။

ဒေါ်ကြည်ပြာရဲ့ခင်ပွန်းဦးညီညီမင်းအနေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု မဟုတ်ပေမယ့် အစိုးရရဲ့ မူဝါဒနဲ့ ကျင့်ဝတ်များအပေါ် ဖောက်ဖျက်သဖြင့် ပြင်းထန်စွာသတိပေးသွားဖို့ ၊ဦးညီညီမင်းနဲ့ မိသားစုဝင် (တူတော်စပ်သူ) ၂ ဦးအားတာဝန်မှ ရပ်ဆိုင်းသွားဖို့လည်းဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။

ဒါအပြင်တိုင်ကြားသူတွေဟာ အစိုးရဌာနတွင်း တိုင်ကြားမှုနဲ့ စုံစမ်းစစ်ဆေးရေးကာလ အတွင်း လိုက်နာစောင့်စည်းရမည့် ကျင့်ဝတ်အား အကြိမ်ကြိမ် ဖောက်ဖျက်ခဲ့ခြင်း ကြောင့်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ဌာနအသီးသီးမှာ လက်ရှိတာဝန် ထမ်းဆောင်နေသော ဝန်ထမ်း ၄ ဦးအား စာဖြင့် သတိပေးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

●ဒေါ်ကြည်ပြာတိုင်ကြားခံရမှု သင်ခန်းစာယူပြီး NUG တရပ်လုံးမှာ အချက် ၆ချက် ဖော်ဆောင်ဖို့ ဆုံးဖြတ်

အမျိုးသားညီညွတ်ရေးအစိုးရတရပ်လုံးအနေဖြင့် တော်လှန်ရေးကာလအတွင်း ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်တွေ အမှုအခင်းတွေနဲ့ အခု ဖြစ်စဉ်တို့အပေါ် သုံးသပ်ပြီး ငွေကြေးစီမံခန့်ခွဲမှုပိုင်း ကျွမ်းတဲ့ ဝန်ထမ်းခန့်ဖို့၊ ဝန်ထမ်း အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ လျှော့ချနိုင်ဖို့၊ဆွေမျိုး မိသားစုဝင်တွေကို တရုံးတည်း ရာထူးကြီး ယူထားတာ မဖြစ်စေဖို့၊ အိမ်နဲ့ ရုံးအား သီးခြားခွဲထားဖို့၊ အဂတိလိုက်စားမှု ကင်းလွတ်ကျဆင်းရေး စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးခြင်းခံယူဖို့ ၊ ရုံးပိုင်၊ အဖွဲ့အစည်းပိုင် ငွေစာရင်း အမှတ်များနဲ့ အသုံးပြုဖို့ စတာတွေကို ဆုံးဖြတ်ခဲ့တာပါ။

ဘဏ်အကောင့်နဲ့ပတ်သက်ပြီး တော်လှန်ရေးအစမှာ ဝန်ကြီးဌာန အကောင့်အနေဖြင့်ဖွင့်လှစ်မရ၍ ပုဂ္ဂိုလ်ရေးအကောင့်တွေကို လိုအပ်ချက်အရ အသုံးပြုခဲ့ရတာကိုလည်းရှင်းပြပါတယ်။

“ဒီထဲမှာ ပြောလို့မဖြစ်ဘူး ။ လုံခြုံရေးအရရော ကျင့်ဝတ်အရရော ။ ဘယ်မှာ ထားခဲ့ရတယ်ဆိုတာ အားလုံး အသိပေးဖြစ်ပါတယ်။ အဖွဲ့အစည်းအကောင့်ဖွင့်လို့မရဘူးဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ဒါကြောင့် ပုဂ္ဂိုလ်ရေးအကောင့်ဖွင့်ခဲ့ရတာ” လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

အခုအချိန်မှာSDBဘဏ်ရှိလာပြီးNUG Pay လည်းရှိလာပြီဖြစ်လို့ က်ညီတဲ့ငွေကြေးထားရှိမျိုးဖြစ်အောင်ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

“အစိုးရအနေဖြင့် ဖြစ်စဉ်များအပေါ် သင်ခန်းစာယူလျက် သမာသမတ်ကျသော ဆုံးဖြတ်ချက်များချမှတ်ကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ယူ တာဝန်ခံအပ်ပါသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် တော်လှန်ရေးတလျှောက် အားနည်းချက် များ အမှားများကို သင်ခန်းစာယူလျက် အကောင်းဆုံးအဖြေများကို ဆက်လက်ရှာဖွေ ကျင့်သုံး တည်ဆောက်ကာ ရည်မှန်းချက်များ အမြန်ဆုံး ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်”လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဦးလွင်ကိုလတ်ကလည်း ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သင်ခန်းစာယူကာ စုံစမ်းရေးအဖွဲ့ တွေ့ရှိချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ရှိတယ်လို့လည်း အသိပေးခဲ့ပါတယ်။

“ ဒီအတိုင်းဆက်သွားနေလို့မရဘူးဆိုတာဒီအခြေအနေက ကျနော်တို့ကို လည်းလက်တွေ့ သင်ခန်းစာ ပေးခဲ့ပြီးပြီဖြစ်တယ်” လို့သူကဆိုပါတယ်။

■အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ရာထူးကနေ ယာယီရပ်နားထားဆဲဖြစ်

အစီရင်ခံစာ ဖတ်ကြားအပြီး သတင်းမီဒိယာတွေရဲ့ မေမြန်းမှုကိုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဝေစိုး အပါအဝင်စုံစမ်းစစ်ဆေးရေး အဖွဲ့ ဝင်တွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမှု စစ်ဆေးစဉ်ကနေ ယခု အချိန်ထိဒီအမှုအခင်းနဲ့ ပတ်သက်တဲ့ တိုင်ကြားခံရသူတွေအပြင် တိုင်ကြားထားသူတွေကိုပါ ရာထူးတာဝန်တွေကနေ ယာယီရပ်နားထားခဲ့တာလို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ယခုထက်ထိလည်း ပြန်မခန့်ရသေးပါဘူး။ ယာယီရပ်နားထားဆဲဖြစ်ပါတယ်”လို့ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။

●စစ်ကောင်စီထံ ဗိုလ်နဂါး အညံ့ခံတဲ့နေ့မှာ ဝန်ကြီးချုပ်အမိန့်စာ ဖြန့်ဝေမှုလွဲမှားခဲ့ဟု ဝန်ခံစုံစမ်းရေးလုပ်ငန်းစဉ်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တာဝန်ပေးတဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ထံ တင်ပြဖို့၊ အစိုးရ အဖွဲ့ကို တင်ပြဖို့ ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး တိုင်ကြားသူ တိုင်ကြားခံရသူတွေကိုရှင်းပြဖို့ရှိပြီး လိုအပ်ပါက မီဒီယာကို ထုတ်ပြန်ဖို့ရှိတာ လုပ်ငန်းစဉ်သဘောတရား ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ဒါတင်မကသေးဘူး အပြန်အလှန် နှစ်ဖက် ချေပချင်တာတွေလည်း ရှိနိုင်တယ်။ဒါနဲ့ပတ်သက်ပြီး နောက်ဆက်တွဲတွေလည်း ရှိနိုင်တယ်ဆိုတော့ ဒါကို ကျနော်တို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်ပင်တခု အောက်သွားတဲ့ သဘောဖြစ်တယ်လို့ ကျနော်တော့ဒါကိုဖြေချင်ပါတယ်”လို့သူကပြောပါတယ်။

အမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး အားလုံးက သိချင်နေတဲ့ အခြေအနေမျာ တချို့ ဆုံးဖြတ်ချက်တွေ ရောသွားတာလို့ ပြောပါတယ်။

“တကယ်တော့ ဗိုလ်နဂါးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တတွေဟာ အားလုံးသိတဲ့အတိုင်းပဲ ဒီနေ့ တော်လှန်ရေးမှာ ကျနော်တို့ တတွေ တော်လှန်ရေးရဲ့ အရှိန်အဟုန်က နိုင်ငံရေးအရရော စစ်ရေးအရရော အရှိန်အဟုန်တခု ရနေတဲ့ အချိန် အားလုံးသိတဲ့အတိုင်း နိုင်ငံရေးအရ စစ်ရေးအရ အဆင့်တခု တက်ဖို့ ပြောင်းနေတဲ့အချိန် ကျနော်တို့ ဖွဲ့စည်းတည်ဆောက်မှုတွေ လုပ်လာခဲ့တာ လေးနှစ်ကျော်လာတဲ့ အချိန်မှာ နောက်ထပ် အဆင့်တခု တက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဗိုလ်နဂါးရဲ့ သတင်းဟာ ကျနော်တို့ တော်လှန်ရေးအတွက်တော့ ဒါ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ပြောတာပါကျနော်တို့ တော်လှန်ရေးဘက်က အားဖြစ်စေတဲ့အချိန်မှာ ဒီလိုဟာမျိုးကို ကြေညာမိတာဟာ လွဲမှားတဲ့ သဘောဖြစ်တယ်ဆိုတာကိုတော့ကျနော်တော့ဒီနေရာမှာ အစိုးရအဖွဲ့ကိုယ်စား ဝန်ခံချင်တယ်” လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဝန်ကြီး ဦးလွင်ကိုလတ်ကလည်း ဖြည့်စွက်ဖြေကြားခဲ့ရာ စုံစမ်းရေးအဖွဲ့က တွေ့ရှိချက်တွေကို ဝန်ကြီးချုပ်ထံ တင်ပြရာတွင် ဝန်ကြီးချုပ်က အရေးယူဆောင်ရွက်မှုများကို အကြံပြုချက်ပါအတိုင်း တောက်လျှောက် လုပ်ဆောင်နေကြောင်း ပြောပါတယ်။

“ဒီစာတွေနဲ့ ပတ်သက်လို့ရှိရင် ရောထွေးမှုတော့ အနည်းအကျဉ်းဖြစ်တယ်။ တကယ်တော့ မေးခွန်းမှာ မေးတဲ့ စာဟာ ပက်ဗလစ်စတိတ်မန့်မဟုတ်ခဲ့ပါဘူး။ သက်ဆိုင်ရာ တိုင်ကြားသူတွေဆီကို ပို့ခဲ့တာပါ။ မကြည်ပြာကိုစာနဲ့ ပြင်းထန်စွာသတိပေးတယ်ဆိုတဲ့ဟာကို သက်ဆိုင်ရာ မကြည်ပြာဆီ ပို့တယ် တိုင်ကြားတဲ့သူတွေဆီပို့ခဲ့တာပါ။ အဲဒီဟာက အပြင်ကို ပေါက်ထွက်သွားတဲ့ သဘောပါ” လို့ ဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။

စုံစမ်းရေးအဖွဲ့မှာ တင်ပြခဲ့တဲ့ အကြံပြုချက်တွေ သုံးသပ်ချက်တွေ နဲ့ပတ်သက်ပြီး ဌာနတွင်း သတိပေးစာတွေထုတ်ပြန်ရမှာတာဝန်က ရပ်နားဖို့ စာထုတ်ရမယ့် ကိစ္စတွေ နောက်ဆက်တွဲလုပ်ဆောင်ရမှာတွေ ကျန်ရှိနေသေးဟု အသိပေးပါတယ်။

“ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ် ထဲက အတွင်းစာထုတ်တဲ့စာက အပြင်ကို ပေါက်သွားတဲ့ သဘောဖြစ်ပါတယ်။ ကျနော်တို့ ဒါကို အပြင်ကို ကြေညာချက် အနေနဲ့ ထုတ်တာ မဟုတ်ဘူး” လို့ ဦးလွင်ကိုလတ်က ​ပြောပါတယ်။

ဝန်ကြီးချုပ်ရုံးအနေနဲ့ စာတွေ ဆက်ထွက်ဖို့ ရှိနေတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ဖြည့်စွက် ဖြေကြားပါတယ်။

●CDMတွေနဲ့ ထောက်ပို့ ပြည်သူတွေကို အလေးထားလို့ သတင်းစာရှင်းလင်းခဲ့တာလို့ အသိပေး

တော်လှန်ရေးအောင်မြင်ဖို့ အတွက် တော်လှန်ရေးရဲ့ ထောက်တိုင် CDMတွေက များစွာ အရေးကြီး ကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ CDM တွေဟာ တော်လှန်ရေး တပ်ဦးက ပါဝင်နေတာဖြစ်ပြီး CDM တွေရဲ့ ပေးဆပ်မှု စွန့်လွှတ်မှုနဲ့ တော်လှန်ရေး လက်ရှိ အခြေအနေရောက်လာတာလို့ ပြောပါတယ်။

“CDM တွေမရှိရင် ဝန်ကြီးဌာနတွေ လည်ပတ်ဖို့ မဖြစ်နိုင်သလို NUG လည်ပတ်ဖို့ မဖြစ်နိုင်ဘူး။ CDM တွေ ဒါကြောင့် ဒါသိပ်အရေးကြီးတယ်။ ဒီနေ့ တော်လှန်ရေးမှာ CDM အရေးကြီးတယ်။ NUG ပြိုလဲသွားလို့လည်း မဖြစ်ဘူး။ CDM တွေ ပြိုလဲသွားလို့လည်း မဖြစ်ပါဘူး” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး အထူးအလေးထားကြောင်းသူကဆိုပါတယ်။

“ဒီနေ့ တော်လှန်ရေး CDM တွေရယ် NUG ရယ် တော်လှန်ရေးရယ်ဟာ တသားတည်းဖြစ်ပါတယ်လို့ ဒီနေရာမှာ ဖြေချင်တယ်။ ကျနော်တို့ တတွေ ဘာကြောင့် CDM လုပ်ခဲ့တာလည်းဆိုတော့ အမှန်တရားအတွက် ဓမ္မအတွက် လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် အမှန်တရားနဲ့ ဓမ္မကို ရရှိဖို့အတွက် CDM တွေနဲ့အတူတူတသားတည်း ရပ်တည်သွားမှာ ဖြစ်တယ်။ ရပ်တည်ကြရမှာလည်းဖြစ်ပါတယ်။ ထောက်ပို့နဲ့ပတ်သက်ပြီး ဒါလည်း အရေးကြီးပါတယ်” လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

CDM ဆိုတာ ဝန်ထမ်းတွေမှ မဟုတ်ပါဘူး ပြည်သူတွေ ကိုယ်တိုင်လည်း CDM လုပ်ခဲ့ကြတာဖြစ်ကြောင်း ပြောပါတယ်။

“ဒီပြည်သူတွေရဲ့ CDM အား ဒီပြည်သူတွေရဲ့ ပံ့ပိုးမှု အားနဲ့ ဒီနေ့ တော်လှန်ရေးက ဒီနား ရောက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ထောက်ပို့တွေ CDM တွေကို အလေးထားလို့ ဒီသတင်းစာ ရှင်းလင်းပွဲကို အမြန်ဆုံးဆောင်ရွက်လိုက်ရခြင်းဖြစ်ပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ထောက်ပို့တွေ ပြည်သူတွေ CDM တွေနဲ့အတူတူ အမျိုးသားညီညွတ်ရေးအစိုးရရော တော်လှန်ရေး တစုံလုံး ရော တသားတည်း ရပ်တည်သွားမယ်လို့ အသိပေးပါတယ်။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း “ ကျနော်တို့က အဓိက ပြည်သူအလေးထားတယ်။ ပြည်သူ့အသံအမှန်တွေကို ကျနော်တို့ ကြိုဆိုတယ်။ပြည်သူ့အသံ အမှန်တွေကို ကျနော်တို့က မျှော်လင့်သလိုပဲ ပြည်သူကိုလည်း ကျနော်တို့ ရဲ့ လုပ်ရပ်အမှန်တွေကို ရှင်းပြဖို့က တာဝန်ရှိတယ်ဆိုတာ အပြည့်အ၀ လက်ခံတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ ကြိုးပမ်းမှု တစိတ်တဒေသ သာဖြစ်ပြီးတော့ ဆက်လက်ဆောင်ရွက်စရာတွေကိုလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုတွေထဲက ပြည်သူများနဲ့ လက်တွဲပြီး တော့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ မပြိုကွဲဘဲနဲ့ ညီညွတ်နေဖို့က အဓိကဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

CDM အပါအဝင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွေ့ အကောင်အထည်ဖော်ပြဖို့ လိုအပ်လို့ အတက်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ကြောင်းဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားပြီး သိလ၊ သမာဓိ ၊ သိက္ခာကို အရင်းတည်ကာ အထောက်အထား ခိုင်ခိုင်လုံလုံ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆောင်ရွက်သွားကြဖို့ရှိတယ်လို့လည်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။