ဖေဖော်ဝါရီ−၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုဖြစ်တဲ့ ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(KSCCSC) ၊ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-SFU)၊ ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(BRCC)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) ၊ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ အဖွဲ့အစည်း(YFCCO) တို့က ဒေါ်ကြည်ပြာတိုင်ကြားခံရတဲ့ကိစ္စ ဝန်ကြီးချုပ်အမိန့်စာအပေါ်လက်မခံတာကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာသပိတ်မှောက်ခဲ့ကြတာပါ။

ဖေဖော်ဝါရီ ၂၁ ရက်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ ဦးဆောင်ပြီး အမှုကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေတွေသတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ အကျဉ်းချုပ်ကိုပါ တပါတည်း ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။

Public Service Announcement
“ကျွန်ုပ်တို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုသည် ပြည်သူ့ နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုအကျိုးကို ရှေးရှု၍လည်းကောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရသည် ပြည်သူများ၏ တောင်းဆိုချက်ကို အလေးအနက်ထားပြီး သတင်းစာရှင်းလင်းပွဲ ပြု လုပ်ကာ စုံစမ်းစစ်ဆေးချက်အစီရင်ခံစာ ထုတ်ပြန်ပေးခြင်းကို ကြိုဆိုသည့်အနေဖြင့်လည်းကောင်းကျွန်ုပ်တို့၏ သပိတ်မှောက်ခြင်းကို ဖျက်သိမ်း၍ သပိတ်လှန်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါ သည်”လို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အများပြည်သူကို ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ အကျဉ်းချုပ်ပါ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စများကို စောင့်ကြည့်သွားမယ်လို့လည်း အသိပေးထားပါတယ်။
သုံးသပ်အကြံပြုချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့လည်း လေးနက်စွာ တိုက်တွန်းလိုကြောင်းနဲ့ ဒီလို အကောင်အထည်ဖော်ရာမှာ ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ရမယ့် ကဏ္ဍများရှိပါက ပူးပေါင်းလုပ် ဆောင်ရန်အသင့်ရှိပါကြောင်း အသိပေးထားပါတယ်။
ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းကောင်စီများဟာ CDM နိုင်ငံ့ဝန်ထမ်းများ အပေါ် ချိုးဖောက်ခံရတဲ့ အခွင့်အရေးများအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဆက်လက် အကာ အကွယ်ပေးသွားမယ်လို့လည်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု ကိစ္စနဲ့ပတ်သက်ပြီး စု့စမ်းစစ်ဆေးရေး အဖွဲ့ရဲ့ ရှင်းလင်းချက် ထုတ်ပြန်ရှင်းလင်းပေးမှု အပေါ် ကြိုဆိုကြောင်း NUG ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကလည်း ဖေဖော်ဝါရီ ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ခေတ္တရပ်နား ထားခဲ့ရသော စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်လုပ်ဆောင်မယ်လို့ အသိပေးခဲ့ပါတယ်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ အနေနဲ့ ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ဖေဖော်ဝါရီ ၁၈ရက် အမိန့်စာ အပေါ် လက်မခံကြောင်း အသိပေးကာ တက္ကသိုလ်ဝင်ခွင့်(စတုတ္ထအကြိမ်)ဆောင်ရွက်ခြင်းလုပ်ငန်းများ ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်ကို ဖေဖော်ဝါရီ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပေမယ့် မကြည်ပြာအမှု စုံစမ်းရေးအဖွဲ့က ဖေဖော်ဝါရီ ၂၁ရက်မှာ စုံစမ်းတွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းလာတဲ့ အပေါ် အခုလို ယာယီရပ်ဆိုင်းထားတဲ့ လုပ်ငန်းတွေ ဖေဖော်ဝါရီ ၂၂ရက်ညနေက စတင်လုပ်ဆောင်မယ်လို့ ပြန်လည်အသိပေးလာတာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ မကြည်ပြာတိုင်ကြားခံရမှု နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေ ထုတ်ပြန်ခဲ့ရာ မကြည်ပြာကို ပြင်းထန်စွာ သတိပေးတာ၊ မကြည်ပြာရဲ့ ခင်ပွန်းနဲ့ တူ ၂ဦးကို တာဝန်က ရပ်ဆိုင်းတာ အပါအဝင် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေရှိကြောင်း ရှင်းလင်း အသိပေးခဲ့ပါတယ်။ မကြည်ပြာ အနေနဲ့လည်း စုံစမ်းရေးအစီရင်ခံစာ တွေ့ရှိချက် ထုတ်ပြန်ရှင်းလင်းတဲ့နေ့မှာပဲ တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုဖို့ စာတင်ပြခဲ့တာပါ။
စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း CDM တွေနဲ့ ထောက်ပို့ ပြည်သူတွေကို အလေးထားလို့ သတင်းစာ ရှင်းလင်းပွဲကို အမြန် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ CDM တွေက တော်လှန်ရေးရဲ့ ထောက်တိုင်ဖြစ်ပြီး CDM တွေမရှိရင် NUG လည်ပတ်ဖို့ မဖြစ်နိုင်ဘူး လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားခဲ့ပြီး ပြည်သူတွေ ၊ ထောက်ပို့တွေ ၊ CDM တွေ နဲ့အတူ NUG က တသားတည်း ရပ်တည်သွားမယ်လို့ အသိပေးခဲ့ပါတယ်။


















































