ဂျူလီယန် အပ်စတိန်းရဲ့ အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး လွှတ်တော်ရဲ့ စစ်ဆေးကြားနာမှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ သမ္မတ ကတော်ဟောင်း ဟီလာရီ ကလင်တန်က ခံယူခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကလင်တန်ဟာ အမေရိကန် အောက်လွှတ်တော်ရဲ့ အပ်စတိန်းဖိုင်များဆိုင်ရာ ကြားနာစစ်ဆေးရေး ကော်မတီ ရှေ့မှောက်မှာ ဟီလာရီက ထွက်ချက် ပေးခဲ့တာဖြစ်ပြီး သူဟာ အပ်စတိန်းနဲ့ လုံးဝ မသိကျွမ်းခဲ့ဘူးလို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ အပ်စတိန်း ဆိုတာဟာ ၂၀၁၉ ခုနှစ်တုန်းက ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ သက်ငယ်မုဒိမ်းမှု၊ လူမှောင်ခိုမှု တရားခံဟောင်း နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပါတယ်။ အပ်စတိန်း ဖိုင်တွေကတော့ အပ်စတိန်း အမှုနဲ့ တခြား ဆက်စပ် အကြောင်းအရာတွေကို စုစည်းထားတဲ့ မှတ်တမ်းတွေပါ။
အဲဒီ အပ်စတိန်းဖိုင်တွေထဲမှာ ဟီလာရီရဲ့ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဘီလ်ကလင်တန်၊ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဗြိတိန်တော်ဝင်မိသားစုဝင်တွေ၊ နိုင်ငံတကာက ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးသမားတွေ အကြောင်းပါ ပါဝင်ခဲ့တာကြောင့် လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ ဒါ့အပြင် အမေရိကန်မှာ ပြိုင်ဘက် နိုင်ငံရေး ပါတီနှစ်ခုက အပ်စတိန်းဖိုင်တွေကို အကြောင်းပြုပြီး အပြန်အလှန် စွပ်စွဲ ထိုးနှက်မှုတွေ ရှိနေတာကြောင့်လည်း ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။
ကလင်တန် ဇနီးမောင်နှံဟာ အရင်က အပ်စတိန်း အရှုပ်တော်ပုံကိစ္စ လွှတ်တော်မှာ လာရောက်ဖြေရှင်း ထွက်ဆိုဖို့ကို ငြင်းဆိုခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ လက်ခံ သဘောတူခဲ့ကြပါတယ်။ ဟီလာရီက သူအရင်ကလည်း အကြိမ်ကြိမ် ပြောဖူးထားပြီး ဖြစ်တဲ့အတိုင်း အပ်စတိန်းနဲ့ မသိကျွမ်းခဲ့ပါဘူးလို့ ထပ်လောင်း ပြောဆိုသွားပါတယ်။

Public Service Announcement
ကြားနာမှု ပြီးတဲ့နောက် လွှတ်တော်ရှေ့မှာ ဟီလာရီက သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ရာမှာလည်း တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပြီး သူ့အနေနဲ့ အမှန်တရား ထွက်ပေါ်လာဖို့ မျှော်လင့်တယ်လို့ သဘောထား မှတ်ချက် ပေးသွားခဲ့ပါတယ်။ ကလင်တန် ပြီးရင်တော့ နောက်တစ်ရက်မှာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတဟောင်း ကလင်တန်က လွှတ်တော်ရဲ့ ကြားနာမှုကို ခံယူမှာ ဖြစ်ပါတယ်။
ဟီလာရီကတော့ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော် ကြားနာမှု ကော်မတီ အနေနဲ့ သမ္မတ ထရမ့်ကိုလည်း ခေါ်ယူ မေးမြန်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလို ကြားနာမှုမျိုးဟာ လူပုဂ္ဂိုလ်တစ်ယောက်၊ ပါတီတစ်ခုကို တစ်ဖက်သတ် ကာကွယ်ပေးထားလို့ မရဘူးလို့ ဟီလာရီက ဆိုပါတယ်။
အပ်စတိန်း အရှုူပ်အထွေးနဲ့ ပတ်သက်လို့ နစ်နာခဲ့သူတွေ၊ စော်ကားခံခဲ့ရသူတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုကို ရှာဖွေပေးဖို့ အမေရိကန် အစိုးရမှာ တာဝန်ရှိပေမယ့် အကြီးအကျယ် ပျက်ကွက်နေခဲ့တယ်လို့လည်း ဟီလာရီက စွပ်စွဲခဲ့ပါတယ်။
ထရမ့်နဲ့ အပ်စတိန်းတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ နှစ်ဦးသား အဆက်အသွယ် ပြတ်သွားကြောင်း၊ အပ်စတိန်းရဲ့ ဒုစရိုက်မှုတွေ အကြောင်းကို သူလုံးဝ မသိခဲ့ကြောင်း ထရမ့်က အကြိမ်ကြိမ် ပြောကြားထားဖူးပါတယ်။ အပ်စတိန်း ဖိုင်တွေထဲမှာ ထရမ့်ရဲ့ နာမည်ကို ရည်ညွှန်းတဲ့ အကြောင်းအရာတွေ အများအပြား ပါဝင်ခဲ့ပေမယ့် ထရမ့်က သူ့ရဲ့ ကြံရာပါ ဖြစ်ခဲ့တယ်ဆိုတဲ့ လုံလောက်တဲ့ အထောက်အထားတော့ မတွေ့ခဲ့ရပါဘူး။
ကိုးကား: BBC
ဓာတ်ပုံ – EPA


















































