Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထုတ်ပြန်ထားတဲ့ အပ်စတိန်းဖိုင်တွေထဲက ဓာတ်ပုံတစ်ဒါဇင်ကျော်ကို အမေရိကန် တရားရေး ဝန်ကြီးဌာန ဖယ်ရှား

အပ်စတိန်းဖိုင်တွေကို ထုတ်ပြန်ပေးနေတဲ့ အမေရိကန် တရားရေး ဝန်ကြီးဌာနပိုင် ဝက်ဘ်ဆိုက်ကနေ ဓာတ်ပုံ တစ်ဒါဇင်ကျော်လောက်ကို ပြန်ဖယ်ရှားသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - U.S. Department of Justice

အပ်စတိန်းဖိုင်တွေကို ထုတ်ပြန်ပေးနေတဲ့ အမေရိကန် တရားရေး ဝန်ကြီးဌာနပိုင် ဝက်ဘ်ဆိုက်ကနေ ဓာတ်ပုံ တစ်ဒါဇင်ကျော်လောက်ကို ပြန်ဖယ်ရှားသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက ဝက်ဘ်ဆိုက်ကနေ ဓာတ်ပုံ ၁၃ ခုထက် မနည်းကို ပြန်ဖယ်ရှားထားတာ တွေ့ခဲ့ရပြီး ဒါဟာ နစ်နာသူတွေဖက်က စိုးရိမ်တကြီး ထောက်ပြ တောင်းဆိုခဲ့တာတွေကြောင့် ဖြစ်တယ်လို့ ဒုတိယ ရှေ့နေချုပ်က ပြောပါတယ်။

အပ်စတိန်း ဖိုင်တွေဆိုတာဟာ လိင်အမြတ်ထုတ်မှု၊ လူမှောင်ခိုမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းကို တရားရုံးမှာ ကြားနာစစ်ဆေးထားတဲ့ မှတ်တမ်းတွေကို ခေါ်တာပါ။ အဲဒီလို စစ်ချက် ယူရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်အပြင် တခြား လူသိထင်ရှား ပုဂ္ဂိုလ်တချို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံ မှတ်တမ်းတွေလည်း ပါဝင်နေပါတယ်။ အပ်စတိန်းဟာ ၂၀၁၉ ခုနှစ်တုန်းက အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့နောက် အပ်စတိန်းဖိုင်တွေကို တရားရေး ဝန်ကြီးဌာနက အစုံအလင် မထုတ်ပြန်ဘဲ ထိန်းသိမ်းထားခဲ့ပါတယ်။

နောက်တော့ ထရမ့်နဲ့ အပ်စတိန်းကြားက ရင်းနှီးမှုကို အကြောင်းပြုပြီး ထရမ့်ကရော အပ်စတိန်းရဲ့ မကောင်းမှုတွေမှာ ပါဝင်ပတ်သက်ခဲ့သလားဆိုတဲ့ ခန့်မှန်းမေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီကလည်း အဲဒီဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြသင့်တယ်လို့ ထရမ့်ရဲ့ အစိုးရကို ဖိအားပေးလာပါတယ်။ အစောပိုင်းမှာ ထရမ့်က ဖိုင်တွေ ထုတ်ပေးဖို့ကို အင်တင်တင် ဖြစ်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လက်ခံ အတည်ပြုပေးခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ တရားရေး ဝန်ကြီးဌာနကနေတဆင့် ဓာတ်ပုံတွေနဲ့ တခြားမှတ်တမ်း အချက်အလက်တွေကို အသုတ်လိုက် ထုတ်ပေးနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံတွေ တော်တော်များများမှာတော့ နစ်နာသူတွေကို ကာကွယ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မျက်နှာတွေကို တည်းဖြတ် ဖုံးကွယ်ထားခဲ့ပါတယ်။ အဲဒီထဲက ဓာတ်ပုံတချို့ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြန်ဖယ်ရှားထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဓာတ်ပုံတွေ ပြန်ဖယ်ရှားမှုဟာ ထရမ့်ရဲ့ ညွှန်ကြားမှုကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒုတိယ ရှေ့နေချုပ် တော့ဒ်ဘလန်ချီက ပယ်ချခဲ့ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့က ထုတ်ပြခဲ့တဲ့ ထောင်နဲ့ချီတဲ့ မှတ်တမ်း ဓာတ်ပုံတွေထဲက အနည်းဆုံး ၁၃ ပုံကို တရားရေး ဝန်ကြီးဌာနက ပြန်ဖယ်ရှားခဲ့တာ ဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြထားခဲ့ပါတယ်။

အောက်လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အပ်စတိန်းဖိုင်တွေ ထုတ်ပြန်ရေး တွန်းအားပေးနေတဲ့ ကော်မတီထဲက ဒီမိုကရက်တစ် အင်အားစုတွေကတော့ ဓာတ်ပုံတွေ ပြန်ဖယ်ထုတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်နေပါတယ်။ ဖယ်ထုတ်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ ထရမ့်နဲ့ တည်းဖြတ်ဖုံးကွယ်မထားတဲ့ အမျိုးသမီး တချို့ရဲ့ ပုံလည်း ပါဝင်ခဲ့ပါတယ်။

တရားရေး ဝန်ကြီးဌာနကတော့ ထရမ့်ရဲ့ ဓာတ်ပုံကို ဖယ်ထုတ်ခဲ့တာဟာ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးက အဲဒီပုံကြောင့် နစ်နာသူတွေ ထိခိုက်သက်ရောက်မှုတွေ ကြုံရနိုင်ကြောင်း အသိပေးခဲ့တဲ့အတွက် သူတို့ကို ကာကွယ်ပေးဖို့ ဖယ်ရှားခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

နောက်ပြီး ဓာတ်ပုံတွေကို ဖယ်ထုတ်ထားတာဟာ ယာယီသဘောသာဖြစ်ပြီး အထူး သတိကြီးကြီးနဲ့ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ နောက်တော့ ထရမ့်ပါဝင်တဲ့ ဓာတ်ပုံကို ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဝက်ဘ်ဆိုက်မှာ ပြန်တင်ထားပြီး ကျန်တဲ့ ဓာတ်ပုံတွေကိုတော့ အဲဒီနေ့ ညနေပိုင်းထိ ပြန်မတွေ့ရသေးပါဘူး။

ဘလန်ချီက ဓာတ်ပုံတွေကို ဖယ်ရှားဖို့ ထရမ့်က အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ရယ်စရာကောင်းတယ်လို့ တုံ့ပြန်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ သမ္မတနဲ့ ဘာမှ မပတ်သက်ဘူးလို့လည်း ဆိုပါတယ်။ အရင်ကတည်းက ထရမ့်ဟာ သူနဲ့ အပ်စတိန်းတို့ အတူယှဉ်တွဲ ရှိနေတဲ့ ဓာတ်ပုံတွေ ဒါဇင်နဲ့ချီ အသိပေး ထုတ်ပြန်ခွင့် ပြုထားပြီး ဖြစ်တယ်လို့လည်း ဘလန်ချီက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သက်ငယ် မုဒိမ်းမှုနဲ့ လူမှောင်ခိုမှု တရားခံ ဂျက်ဖရီ အပ်စတိန်းနဲ့ သူနဲ့ကြားမှာ ဘာပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျူလီယန် အပ်စတိန်းရဲ့ အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး လွှတ်တော်ရဲ့ စစ်ဆေးကြားနာမှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ သမ္မတ ကတော်ဟောင်း ဟီလာရီ ကလင်တန်က ခံယူခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် တော်ဝင် မိသားစုရဲ့ မင်းသားဟောင်း၊ ချားလ်စ်ဘုရင်ရဲ့ ညီတော် အန်ဒရူး မောင့်ဘက်တန် ဝင်ဆာဟာ အပ်စတိန်း အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံလိုက်ရပါတယ်။

နိုင်ငံတကာ

အငြင်းပွားစရာတွေ ဖြစ်ပေါ်စေခဲ့တဲ့ အပ်စတိန်းဖိုင်ပေါင်း အရေအတွက် သန်းနဲ့ချီပြီး အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ အပ်စတိန်း ဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အမိန့်ထုတ်ပေးခဲ့တဲ့နောက်ပိုင်း အရေအတွက် အများဆုံး ထုတ်ပြန်မှုလည်း ဖြစ်လာပါတယ်။