အီရန်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်က ဗုံးကြဲခဲ့တဲ့ ဖြစ်ရပ်ကို ဥပမာ ပေးခဲ့ပါတယ်။ ပြီးတော့ အဲဒီစကားကို ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ် ရှေ့မှောက်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိဟာ မတ်လ ၁၉ ရက်နေ့တုန်းက အိမ်ဖြူတော်ကို ရောက်လာပြီး ထရမ့်နဲ့ ဆွေးနွေးတွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ခေါင်းဆောင်နှစ်ဦးက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ တကအိချိအတွက် မျက်နှာအထားရ ခက်စေမယ့် စကားကို ထရမ့်က ပြောသွားခဲ့တာပါ။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်ဟာ မဟာမိတ် အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်နိုင်ငံကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့ပါတယ်။ ကြိုတင် သတိပေးတာတွေ မရှိဘဲ စတင်တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က တကအိချိ အရှေ့မှာပဲ ပုလဲဆိပ်ကမ်း ကိစ္စကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
အီရန်ကို ဘယ်အချိန် စတင်တိုက်ခိုက်မလဲ ဆိုတာကို အမေရိကန်က ဘယ်သူ့ကိုမှ ကြိုမပြောခဲ့ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ရန်သူကို အံ့ဩသွားအောင် အငိုက်ဖမ်းချင်လို့ ဖြစ်ကြောင်း၊ အဲဒီလို အငိုက်ဖမ်းမှု အကြောင်းကို ဂျပန်ထက် ဘယ်သူကမှ ပိုမသိနိုင်ကြောင်း ထရမ့်က ပြောကြားခဲ့သလို ပုလဲဆိပ်ကမ်းအကြောင်း ဘာကြောင့် မပြောသလဲလို့ ဂျပန်ဖက်ကို မေးခွန်းထုတ်တဲ့ သဘောမျိုး ဆိုခဲ့ပါတယ်။

Public Service Announcement
ထရမ့်ရဲ့ စကားကြောင့် တကအိချိရဲ့ မျက်နှာက နည်းနည်း အိုးတိုးအမ်းတမ်း ဖြစ်သွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ၁၉၄၁ ခုနှစ်တုန်းက ဂျပန်ရေတပ်ဟာ ဟာဝိုင်ယီ ကျွန်းမှာရှိတဲ့ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်း ရေတပ်စခန်းကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ပြီး တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၂၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အမေရိကန်လည်း ဒုတိယ ကမ္ဘာစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ထရမ့်ကိုတော့ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုအပြီး နောက်ထပ် ၅ နှစ်လောက် အကြာမှာ မွေးဖွားခဲ့ပါတယ်။
ထရမ့်က အီရန်ကို ကြိုတင် အသိမပေးဘဲ အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာက စစ်ရေးအရ ကြီးမားတဲ့ အားသာချက်မျိုး ဖြစ်စေခဲ့ပြီး ရည်မှန်းထားတဲ့ ပစ်မှတ်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ထရမ့်က တကအိချိနဲ့ တွေ့ဆုံချိန်မှာ ဂျပန်ဟာ အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး အမေရိကန်ရဲ့ အကူအညီ တောင်းခံမှုအတွက် ရှေ့ထွက်လာပေးတယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ ဂျပန်ရဲ့ ရွေးချယ်မှုဟာ NATOနဲ့ မတူဘူးလို့ ထရမ့်ကပြောပြီး အမေရိကန်ရဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေကိုပါ သွယ်ဝိုက် ထိုးနှက်ခဲ့ပါသေးတယ်။
ထရမ့်နဲ့ တကအိချိတို့ မတွေ့ဆုံခင်မှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ နယ်သာလန်တို့က ဟောမုဇ် ရေလက်ကြားမှာ သင်္ဘောတွေ ပုံမှန် ပြန်လည် ဖြတ်သန်း ခုတ်မောင်းနိုင်ရေးအတွက် သင့်တော်တဲ့ အားထုတ်မှုတွေနဲ့ ပူးပေါင်းပေးဖို့ အသင့်ရှိနေကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်တောင်းဆိုသလို ဟောမုဇ် ရေလက်ကြားဆီ စစ်သင်္ဘောတွေ စေလွှတ်ပေးမယ်လို့တော့ ဥရောပ နိုင်ငံတွေက ကတိပေးမထားပါဘူး။
ဂျာမနီ၊ အီတလီ၊ လူဇင်ဘာ့ဂ်တို့လို နိုင်ငံတွေက စစ်သင်္ဘောတွေ လွှတ်ပေးမှာ မဟုတ်ကြောင်း အတိအလင်း ပြောထားပြီး ဗြိတိန်နဲ့ ပြင်သစ်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေတွေကို ပြန်ပြီး ဆန်းစစ် သုံးသပ်နေဆဲလို့ပဲ မယုတ်မလွန် မှတ်ချက်ပေးထားကြပါတယ်။
တကအိချိကလည်း ဟောမုဇ်ကို ဖြတ်သန်းသွားမယ့် အရပ်ဖက် ရေယာဉ်တွေကို ခြံရံ စောင့်ရှောက်ပေးဖို့ စစ်သင်္ဘောတွေကို ဂျပန်က စေလွှတ်မှာ မဟုတ်ကြောင်း သူ့ရဲ့ အိမ်ဖြူတော် ခရီးစဉ် မတိုင်ခင်မှာ အတည်ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ ဥပဒေတွေနဲ့ ကိုက်ညီတဲ့ လုပ်ပိုင်ခွင့်တွေထဲကနေ အကောင်းဆုံး ဘယ်လို ကူညီ ဖြေရှင်းနိုင်မလဲ ဆိုတာကို သူ့အစိုးရက အဖြေရှာသွားမယ်လို့ မတ်လ ၁၇ ရက်နေ့မှာ တကအိချိက ပြောကြားထားခဲ့ပါတယ်။
ကိုးကား: Japan Times


















































