Connect with us

Hi, what are you looking for?

ဆောင်းပါး

ပိုပြီးခက်ခဲလာတဲ့ စက်သုံးဆီ

မတ်လဆန်းက စတင်ခဲ့တဲ့ စက်သုံးဆီအကျပ်အတည်း ရက်သတ္တပတ် ၂ ပတ်ကျော်လာတဲ့အချိန်မှာတော့ မန္တလေးမြို့မှာ စက်သုံးဆီအကျပ်အတည်းဟာ ပိုမိုဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

နေခန့်/People’s Spring

မတ်လနှောင်းပိုင်းရဲ့ အပူရှိန်ပြင်းတဲ့ မန္တလေးမြို့ရဲ့ နွေနေ့လယ်ခင်းမှာ ဆိုင်ကယ်နဲ့လှည့်လည်ရောင်းချတဲ့ ရွှေရင်အေးသည်အမျိုးသမီးတစ်ဦးဟာ ချွေးဒီးဒီးကျပြီး ဆိုင်ကယ်ကို တွန်းလာခဲ့တယ်။ နွေဆို မန္တလေးမြို့ပေါ်တက်ပြီး ရွှေရင်အေးလာရောင်းကြသူတွေဟာ တွန်းလှည်းနဲ့ အများဆုံး ရောင်းကြတာဖြစ်ပေမဲ့ သူမကတော့ ဆိုင်ကယ်နဲ့ ရောင်းချနေတာပါ။ ဒီကနေ့မှာတော့ သူ့ဆိုင်ကယ်ထဲက စက်သုံးဆီပြတ်သွားတဲ့အတွက်၊ ဝယ်လို့လည်းမရတာကြောင့် နေပူကြီးထဲတွန်းနေရတာဖြစ်ပါတယ်။

မတ်လဆန်းက စတင်ခဲ့တဲ့ စက်သုံးဆီအကျပ်အတည်း ရက်သတ္တပတ် ၂ ပတ်ကျော်လာတဲ့အချိန်မှာတော့ မန္တလေးမြို့မှာ စက်သုံးဆီအကျပ်အတည်းဟာ ပိုမိုဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တန်းတွေဟာ ယခင်ကထက် ရှည်လျားစွာ တန်းစီနေကြရပြီဖြစ်ပါတယ်။ ယာဥ်တန်းတွေဟာ ဆီဆိုင်အလိုက် မန္တလေးအခေါ် လေးပြကနေ ၇ ပြခန့်အထိ ရှိနေပြီး တစ်မိုင်နီးပါးလောက်အထိ တန်းစီနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီနေ့ပိုဆိုးတယ်။ မနက် ၇ နာရီကစပြီး ညနေ၅ နာရီအထိဓါတ်ဆီ တောက်လျှောက်ထည့်နေတာတောင် ဒီအတန်းကြီးက မလျော့ဘူး။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မော်တော်ယာဥ်တွေဟာ ညဦးပိုင်းကတည်းက ဆီဆိုင်ရှေ့ညအိပ်တန်းစီနေရကြောင်း မော်တော်ယာဥ်သုံးစွဲသူတွေက ပြောပါတယ်။

စစ်ကောင်စီက စက်သုံးဆီရောင်းချမှုအပေါ် ထပ်မံကန့်သတ်မယ့်၊ တစ်ပတ် နှစ်​ကြိမ်အထိပဲ ရောင်းချပေးတော့မယ်ဆိုတဲ့ ကြေညာချက် မတ်လ ၂၂ ရက်က ထပ်မံ ထွက်ပေါ်လာပြီးနောက် မန္တလေးမြို့မှာ ဆီတန်းစီရတဲ့ ယာဉ်တန်းတွေ အရင်ထက် ပိုမိုများပြားလာတာဖြစ်ကြောင်း မြို့ခံတွေ​က ပြောပါတယ်။

“အနည်းဆုံး ၃ နာရီပဲ။ ၂ နာရီလောက်နဲ့ရရင် ကံကောင်းလို့”လို့ သုံးဘီးယာဥ်မောင်းတစ်ဦးက ညီးတွားပါတယ်။

မန္တလေးမြို့ပေါ်က စက်သုံးဆီဆိုင်ကြီးအချို့မှာလည်း စက်သုံးဆီပြတ်လပ်တယ်ဆိုပြီး ဆိုင်ပိတ်ထားတာတွေရှိလာကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆီရရှိဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းနေရခြင်းကြောင့် မြို့တွင်းယာဉ်သွားလာမှုမှာ ပုံမှန်ထက် လျော့နည်းနေပြီး လမ်းမအချို့မှာခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လက အောင်ဇမ္ဗူ၊ စမ်းရေမိုးတို့နဲ့ ဇာတ်ပွဲသံသောသောညံခဲ့တဲ့ မန္တလေးမြို့ဟာ စက်သုံးဆီဂယက်မှာတော့ ငြိမ်သက်တိတ်ဆိတ်သွားခဲ့တာဖြစ်ပါတယ်။

“အကြောင်းကိစ္စမရှိရင် မထွက်တော့ဘူး။ ကားနဲ့တော့ဆီထုတ်ထွက်တယ်။ ဆိုင်ကယ်ထဲပြောင်းထည့်ပြီး ဆိုင်ကယ်နဲ့ပဲထွက်တော့တယ်”လို့ ချမ်းမြသာစည်မြို့နယ်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ညနေ ၅ နာရီကို လူမရှိဘူး။ အရင်က ညီမတို့လမ်းတလျှောက် တအားစည်ပြီး ယာဥ်သွားယာဥ်လာပြည့်ကျပ်နေတာ။ အခုလူကိုမရှိတော့ဘူး။ ဆိုင်လည်း လူကိုမလာတော့ဘူး”လို့ ပြည်ကြီးတံခွန်မြို့နယ်နေ စားသောက်ဆိုင်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အသွားအလာနည်းပါးသွားတဲ့အတွက် မန္တလေးမြို့က စားသောက်ဆိုင်တွေ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွေ၊ ရှော့ပင်းမောလ်တွေမှာ အရောင်းအဝယ် ကျဆင်းသွားခဲ့တယ်လို့ ဆိုင်တာဝန်ရှိသူတွေက ပြောပါတယ်။အထူးသဖြင့် နေ့လယ်ခင်းပိုင်းတွေမှာဆိုင်တွေထဲဝန်ထမ်းတွေကလွဲလို့ တိတ်ဆိတ်နေခဲ့တယ်လို့ ဆိုင်တာဝန်ရှိသူတွေက ဆိုပါတယ်။

“ရောင်းအားလည်း သိသိသာသာကျသွားတယ်။”လို့ မန္တလေးမြို့တွင်းက လက်ဖက်ရည်ဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လိုင်စင်မဲ့ယာဥ်တွေကို ရောင်းချခွင့်မပြုတာကြောင့် လိုင်စင်မဲ့ဆိုင်ကယ်အသုံးပြုနေရတဲ့ အခြေခံ လက်လုပ်လက်စားအလုပ်သမားတွေဟာ စက်သုံးဆီကို ခက်ခက်ခဲခဲ စျေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ အလုပ်သ

မားတွေက ပြောပါတယ်။ “ဝစ်သောက်(လိုင်စင်မဲ့) ရောင်းမပေးတော့ အပြင်ကနေဝယ်ရတာ။ ဒါတောင်လိုသလောက်ဝယ်မရဘူး။ တော်တော်ရှားနေပြီ။တစ်ဘူးတစ်သောင်းပေးရတယ်”လို့ ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက လာမယ့် ဧပြီ ၁ ရက်နေ့ကနေစပြီး မိမိယာဥ်နံပါတ်အလိုက် စက်သုံးဆီရောင်းချပေးတဲ့စနစ် ပြောင်းလဲဦးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြန်ပါတယ်။ ကားတစ်စီးဟာ တစ်လကို (၆) ရက် သာ သတ်မှတ်ရက်အတိုင်း ဝယ်ယူခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်နှစ်လီတာ ဝယ်ယူခွင့်ရမယ်ဆိုတာတော့ မသိရသေးပါဘူး။

အခြေခံလူတန်းစားအလုပ်သမားတွေကတော့ ဆိုင်ကယ်ဆီပြတ်ရင် အချင်းချင်း ခြေကန်တွန်းပေးတာ၊ လမ်းလျှောက်ပြန်ကြတာတွေနဲ့ ဖြတ်သန်းနေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။