ဧပြီ-၁၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက တစ်ရက် ၈ နာရီ မီးပြတ်မယ်လို့ကြေညာခဲ့ပေမယ့် ဒီရက်ပိုင်းမှာ ၁၂ နာရီအထိ ပြတ်နေတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အရင်က နံနက် ၉နာရီကနေ ည ၉ နာရီကြားကို ၄ နာရီ မီးပေး ၊ ၄ နာရီ မီးပျက်နဲ့ တစ်ရက်ကို ၈နာရီ မီးဖြတ်နေတာပါ။

Public Service Announcement
လက်ရှိမှာတော့ နံနက် ၅ နာရီကနေ ည ၁ နာရီအတွင်း ၄ နာရီခြား တစ်ကြိမ် မီးပေးနေတာကြောင့် တစ်ရက်ကို ၁၂ နာရီ မီးပြတ်နေတာပါ။
စစ်တပ်က သူတို့ရဲ့ တရားမဝင် ရွေးကောက်ပွဲ ကာလမှာ လျှပ်စစ်မီးကို ၂၄ နာရီ အပြည့် ပေးခဲ့ ပေမယ့် စစ်တပ်လွှတ်တော်စတင်ချိန်မှာပဲ အလှည့်ကျစနစ်တွေနဲ့ မီးပေးဖို့ ပြန်လုပ်ဆောင်လာကြတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေရာသီရောက်ရှိချိန်တိုင်း ဓာတ်အားလျော့ကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လျှပ်စစ်မီးအပြည့်အဝမရကြတာပါ။
ဒ့ါအပြင် တချို့ဒေသတွေမှာ မီးမပေးနိုင်တာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့်လို့ စစ်တပ်က ကြေညာချက်ထုတ် ပြန်လေ့ရှိပါတယ်။

















































