ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သူတောင်းဆိုထားတဲ့ကိစ္စ နောက်ဆုံး သတ်မှတ်ရက် စေ့သွားတဲ့ထိ မလိုက်မလျောဘူးဆိုရင် အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေ၊ တံတားတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြင်းပြင်းထန်ထန် သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။
ထရမ့် ခွင့်ပြုပေးထားတဲ့ ရက်သတ်မှတ်ချက်ဟာ ဧပြီ ၆ ရက်နေ့မှာ ရက်စေ့မှာဖြစ်ပြီး အဲဒီနေ့ ကျော်လွန်သွားတဲ့ထိ အီရန်က အမေရိကန် တောင်းဆိုမှုကို မလိုက်လျောဘူးဆိုရင် အီရန်အပေါ် ငရဲမိုး ရွာပစ်မယ်ဆိုတဲ့ သူ့ရဲ့ ကနဦး ခြိမ်းခြောက်မှုကို ဧပြီ ၅ ရက်နေ့မှာ ထရမ့်က လူမှုကွန်ရက်ပေါ် ထပ်မံ ရေးသားထားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဟောမုဇ် ရေလက်ကြားကိစ္စ အီရန်နဲ့ ဆွေးနွေး သဘောတူညီမှုတစ်ခုခု ရရှိဖို့ ကောင်းမွန်တဲ့ အခွင့်အရေးမျိုး ရှိနေဆဲလို့ သူယူဆကြောင်းလည်း ထရမ့်က ဆိုပါတယ်။
ဒါပေမဲ့ အီရန်ဖက်ကတော့ ထရမ့်ရဲ့ ရာဇသံဟာ အကူအညီမဲ့ပြီး စိတ်ပူပန် သောကရောက်နေတဲ့၊ ရူးနှမ်းတဲ့ လေသံ ပေါက်နေကြောင်း လှောင်ပြောင် တုံ့ပြန်ထားပါတယ်။

Public Service Announcement
အီရန်ပစ်ချတာကို ခံခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ် တစ်စီးရဲ့ လေယာဉ်မှူး နှစ်ဦးစလုံးကို ရန်သူ့နယ်မြေထဲကနေ အောင်အောင်မြင်မြင် ကယ်ထုတ်ပြီးချိန်မှာ ထရမ့်ဆီက ခြိမ်းခြောက်စကားသံ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
F-15E တိုက်လေယာဉ် ပျက်ကျပြီး မကြာခင်မှာပဲ လေယာဉ်မှူးကို အမေရိကန် စစ်တပ်က ရှာဖွေ ကယ်ဆယ်ခဲ့ပေမယ့် တွဲဖက် လေယာဉ်မှူးကိုတော့ အီရန်နိုင်ငံ အနောက်တောင်ပိုင်းက တောင်ထူထပ်ရာ ဧရိယာတစ်ခုမှာ အီရန်တပ်တွေနဲ့အပြိုင် ခက်ခက်ခဲခဲ လိုက်ရှာပြီး ကယ်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။
သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthပေါ်မှာတော့ ထရမ့်က အင်္ဂါနေ့ (ဧပြီ ၆)ရက်ဟာ ဓာတ်အားပေး စက်ရုံတွေ နေ့ဖြစ်ကြောင်း၊ အီရန်အနေနဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်မဖွင့်ဘူးဆိုရင် ငရဲဘုံမှာ နေထိုင်ရတဲ့ ဘဝမျိုး ရောက်သွားမှာ ဖြစ်ကြောင်း၊ မယုံရင် စောင့်ကြည့်နိုင်ကြောင်း ရေးသားထားခဲ့ပါတယ်။
အဲဒီ မတိုင်ခင်တုန်းက ထရမ့်ဟာ အမေရိကန် မီဒီယာတွေနဲ့ အင်တာဗျူးတွေ ဆက်တိုက် လုပ်ခဲ့သလို ဧပြီ ၅ ရက်နေ့ ကတည်းက အီရန်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိအောင် ညှိနှိုင်းနိုင်မယ်လို့ သူယုံကြည်ကြောင်း Fox သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
စစ်ပွဲ ရပ်စဲသွားစေနိုင်မယ့် သဘောတူညီမှု တစ်ခုခုကို ခပ်မြန်မြန် မရလာဘူး ဆိုရင်တော့ အီရန်မှာ ရှိသမျှကို ဖောက်ခွဲပြီး ရေနံတွေကို သိမ်းယူဖို့ထိ သူ့အနေနဲ့ စဉ်းစားထားကြောင်းလည်း ထရမ့်က ဆိုပါတယ်။
နောက်တော့ သူဟာ အင်္ဂါနေ့ရဲ့ အရှေ့တိုင်း စံတော်ချိန် ည ၈း၀၀ နာရီမှာ အီရန်အတွက် ရာဇသံ သတ်မှတ်ပေးထားတဲ့ကာလ သက်တမ်းကုန်မယ်လို့လည်း ထပ်မံရေးသားခဲ့ပါတယ်။ ဒါဟာ မူလက သူကြေညာထားတာထက် တစ်ရက်လောက် နောက်ဆုတ်ပေးလိုက်တဲ့ သဘောမျိုး ဖြစ်လာပါတယ်။
အီရန် ဗဟိုစစ်ရေး ကွပ်ကဲမှု ဌာနရဲ့ ဗိုလ်ချုပ်ကြီး အလီ အက်ဘ်ဒိုလာဟီ အလီဘာဒီကတော့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ကြည့်ရတာက အကူအညီမဲ့ပြီး စိတ်လှုပ်ရှား ပူပန်နေတဲ့၊ ဟန်ချက်မညီတဲ့၊ ရူးနှမ်းတဲ့ အပြုအမူမျိုးကို မြင်နေရသလို ဖြစ်နေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ တကယ်တမ်း ငရဲတံခါးက အမေရိကန် သမ္မတ အတွက်သာ ပွင့်လာမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီအတောအတွင်း အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးကတော့ အီရန်ရဲ့ အရပ်ဖက်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































