သက်ငယ် မုဒိမ်းမှုနဲ့ လူမှောင်ခိုမှု တရားခံ ဂျက်ဖရီ အပ်စတိန်းနဲ့ သူနဲ့ကြားမှာ ဘာပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်က အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ အပ်စတိန်းဟာ မယ်လာနီယာရဲ့ ခင်ပွန်းဖြစ်သူ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ဖူးပါတယ်။ အပ်စတိန်းကို စစ်ဆေးခဲ့တဲ့ အမှုဖိုင်တွေထဲမှာလည်း ထရမ့်ရဲ့ နာမည်ကို ရည်ညွှန်းထားတာတွေ ပါဝင်တာကြောင့် ထရမ့်ဟာ အပ်စတိန်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို သိရှိခဲ့သလားဆိုတဲ့ သံသယ မေးခွန်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမဲ့ ထုတ်ပြန်ထားတဲ့ စစ်ဆေးချက် မှတ်တမ်းတွေမှာတော့ အဲဒီ စွပ်စွဲချက်ကို အတည်ပြုပေးမယ့် ဘယ်လို အထောက်အထားမှ မတွေ့ရပါဘူး။
ဧပြီ ၉ ရက်နေ့မှာတော့ အိမ်ဖြူတော်မှာ သမ္မတကတော်က ရုတ်တရက် ဆန်ဆန်ပဲ သူဟာ အပ်စတိန်းနဲ့ ဘာပတ်သက်မှုမှ မရှိတဲ့အကြောင်း ထုတ်ပြောသွားပါတယ်။ သူက ဘာကြောင့် ဒီစကားကို ပြောရသလဲ ဆိုတာကိုလည်း ရှင်းမပြခဲ့ပါဘူး။ ဒါပေမဲ့ အပ်စတိန်းအမှုမှာ သူ့နာမည်ကို ပတ်သက်ဆက်နွှယ်အောင် လိမ်ညာ အားထုတ်မှုတွေ ရှိနေတယ် ဆိုတာမျိုးတော့ မယ်လာနီယာက ထည့်ပြောသွားပါတယ်။
ကျက်သရေယုတ်တဲ့ အပ်စတိန်း ကိစ္စတွေကို သူနဲ့ အတင်းအကျပ် ချိတ်ဆက် ပြောဆိုချင်နေတဲ့ မုသားတွေ မှန်သမျှကို ရပ်တန်းက ရပ်ဖို့လိုကြောင်း၊ သူ့အကြောင်း လိမ်ညာပြောဆိုနေသူတွေဟာ ကျင့်ဝတ်သိက္ခာနဲ့ လေးစားမှု ကင်းမဲ့သူတွေသာဖြစ်ကြောင်း မယ်လာနီယာက ဆိုပါတယ်။ သူက ဘယ်သူတွေကို တိုက်ရိုက် ရည်ညွှန်းသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Public Service Announcement
ဆလိုဗေးနီးယားနွယ်ဖွား အသက် ၅၅ နှစ်အရွယ် သမ္မတကတော်ဟာ အရင်က နယူးယောက်မှာ ခင်ပွန်းဖြစ်သူ ထရမ့်၊ ပြီးတော့ အပ်စတိန်းတို့နဲ့အတူ ဓာတ်ပုံ တွဲရိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူနဲ့ အပ်စတိန်းတို့ကြား ပတ်သက်မှု တစ်ခုခု ရှိတယ် ဆိုတာကိုတော့ မယ်လာနီယာက ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။
မဟုတ်မမှန် ဖန်တီးထားတဲ့ ဓာတ်ပုံတွေနဲ့ စွပ်စွဲချက်တွေကို သုံးပြီး သူနဲ့ အပ်စတိန်းကြား ပတ်သက်မှုတွေ ရှိခဲ့ပါတယ်ဆိုပြီး သတင်းဖြန့်မှုတွေကို လူမှုကွန်ရက်ပေါ်မှာ တွေ့နေရကြောင်း၊ အွန်လိုင်းပေါ်မှာ တွေ့သမျှ အကြောင်းအရာတွေနဲ့ ပတ်သက်ရင် သေချာ စဉ်းစားပြီးမှ ယုံကြည်စေလိုကြောင်း၊ အပ်စတိန်းနဲ့ သူနဲ့ကြား ပတ်သက်မှုရှိကြောင်း စွပ်စွဲထားသမျှကတော့ လုံးဝဥဿုံ မှားယွင်းကြောင်း မယ်လာနီယာက ကြေညာခဲ့ပါတယ်။
မယ်လာနီယာက အပ်စတိန်းဟာ သူ့ရဲ့ သားကောင်တွေအပေါ် အမြတ်ထုတ်မှုတွေ ရှိနေခဲ့တယ် ဆိုတာကို လုံးဝ မသိခဲ့သလို ဘယ်တုန်းကမှ ကြံရာပါ မဟုတ်ခဲ့ကြောင်း၊ သူဟာ အပ်စတိန်းရဲ့ လေယာဉ်ပေါ် လိုက်မစီးခဲ့ဖူးသလို အပ်စတိန်းရဲ့ ကိုယ်ပိုင်ကျွန်းကိုလည်း သွားမလည်ခဲ့ဖူးကြောင်းပြောကြားသွားပါတယ်။ ပြီးတော့ အပ်စတိန်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး သူ့ကို နာမည်တပ် စွပ်စွဲမှု တစ်ခုခုကို ဘယ်တုန်းကမှ မခံခဲ့ရဖူးဘူးလို့လည်း သမ္မတ ကတော်က ဆိုပါတယ်။
သူက အပ်စတိန်းရဲ့ သားကောင် ဖြစ်ခဲ့သူတွေ အနေနဲ့လည်း သူတို့ရင်ဆိုင် ဖြတ်သန်းခဲ့ရတာတွေကို လူထုဆီ အသိပေး မျှဝေနိုင်မယ့် အခွင့်အရေး ရဖို့အတွက် လွှတ်တော်က စီစဉ်ပေးသင့်ကြောင်းလည်း တိုက်တွန်းသွားခဲ့ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Reuters, AP


















































