ဧပြီ−၁၁ ၊ ၂၀၂၆။ဖိုးသား၊ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူ – ရေစကြိုလမ်းပိုင်းမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အရက်ဘီယာတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးရရှိတယ်လို့ Southern YSO PDFက ဒီကနေ့ ဧပြီ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

အခုဧပြီ ၇ ရက်က သိမ်းဆည်းရရှိတဲ့အဲဒီယာဉ်ပေါ်မှာ စုစုပေါင်း အရက်ဘီယာဖာ၂၇၂ ဖာ ပါရှိပြီး ယစ်မျိုးပစ္စည်းတွေဟာ အရာခံဗိုလ် (အငြိမ်းစား)ကျော်လွင်ရဲ့ ဧဒင်နန်းအရက်ဆိုင်ကို ပေးပို့ဖို့ စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ကျော်လွင်က ရေစကြိုမြို့နယ်အခြေစိုက် တပ်ရင်း (၂၅၆၊ ၂၅၇၊ ၂၅၈) တွေထဲမှာတပ်ရင်း (၂၅၇) က အရာခံဗိုလ် (အငြိမ်းစား) ဖြစ်ပြီး၊ စစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိကာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးလို့ ဆိုပါတယ်။

Public Service Announcement
“ဧဒင်နန်း အရက်ဆိုင်ကတပ်ဂိတ်နဲ့ မီတာ ၁၅၀ အကွာမှာ နီးကပ်စွာ တည်ရှိနေပြီး အရပ်အခေါ် စစ်တပ်ဆိုင်လို့လည်း ဆိုပါတယ်။
သယ်ယူခွင့်အချက်အလက်တွေအရ စစ်ကောင်စီနဲ့ ဆက်နွယ်မှု ထင်ရှားနေတာကြောင့် အရက်ဘီယာ (၂၇၂)ဖာကို သိမ်းဆည်းခဲ့ပြီးတော်လှန်ရေးရံပုံငွေအဖြစ် အသုံးပြုသွားမယ်လို့ လည်း သိရပါတယ်။
“ပြည်သူစစ်စစ်ပစ္စည်း သိမ်းယူသည့်အထဲမှာ ပါရှိခဲ့ရင် ကျွန်တော်တို့ Southern YSO PDF ရဲ့ facebook page လာရောက်ဆက်သွယ်ပေးပါ”လို့ တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းက ပြောပါတယ်။
“ပိုင်ရှင်ကိုယ်တိုင်က တပ်ထွက်။ စစ်တပ်နဲ့ပေါင်းစားတာ။ ကားနဲ့လူကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။”လို့ ကိုအောင်မောင်းက ဆိုပါတယ်။
အရက်သေစာတင်ဆောင်လာတဲ့ ကားတွေကို ဖမ်းမိထားပေမဲ့ စစ်ကောင်စီနဲ့ မပတ်သတ်တဲ့ သာမာန်လုပ်ငန်းရှင်တွေရဲ့ အရက်ယမကာတွေ ဖမ်းဆီးခြင်းမရှိဘူးလို့ Southern YSO PDF က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရေစကြိုမြို့မှာ စစ်ကောင်စီက ယခင်နှစ်ပေါင်း ၄၀ ကျော်အတွင်း မရှိခဲ့ဖူးတဲ့ အပြင်အဆင်တွေနဲ့ သင်္ကြန်ကို ခမ်းနားစွာကျင်းပရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အဆိုပါပွဲတော်အတွက် အရက်လိုင်စင်ရ လုပ်ငန်းရှင် ၃ ဦးနဲ့ အကျိုးတူပူးပေါင်းကာ ရန်ပုံငွေများ ကောက်ခံထားပြီး ရောင်းချခွင့်ပြုထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ပွဲတော်တွေ ပြုလုပ်နေပေမယ့်ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ပေါ်တာဆွဲ (စစ်မှုထမ်းရန် လူဖမ်းခြင်း) ဘေးအန္တရာယ်ကို အထူးသတိပြုကြဖို့ Southern YSO PDF က သတိပေးနှိုးဆော်ထားပါတယ်။
ရေစကြိုသင်္ကြန် အခမ်းအနားအတွက် အရက်လိုင်စင်ရ လုပ်ငန်းရှင်တွေဆီက သင်္ကြန်ဖြစ်မြှောက်ရေးအတွက် စစ်တပ်က ငွေကြေးကောက်ယူထားပြီး သင်္ကြန်မဏ္ဍပ်တွေအပြင် အရက်ပါမစ်ရောင်းချခွင့်ဆိုင်ခန်းတွေပါ ပြုလုပ်ပေးထားလို့အသိပေးပါတယ်။
သင်္ကြန်ကာလအတွင်း လူငယ်တွေအနေနဲ့ စစ်တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုကို အထူးသတိပြုဖို့လည်း Southern YSO PDFက တိုက်တွန်းပါတယ်။


















































