■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို
ဧပြီ-၁၆၊၂၀၂၆။နေ့သစ်/People’s Spring
သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို တောင်းဆိုထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၁၅ ရက်မှာ မြန်မာနိုင်ငံအနှံ့အပြား အရပ်သား ပြည်သူများကို နည်းမျိုးစုံဖြင့် သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့မင်းအောင်လှိုင်အား PSLF/TNLA မှ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် – TCSN နဲ့ တအာင်းပြည်သူလူထုတို့၏ နိုင်ငံရေး မျှော်မှန်းချက်၊ ရပ်တည်ချက် နှင့် လုံးဝ(လုံးဝ) ဆန့်ကျင်ကွဲလွဲနေတယ်လို့ဖော်ပြပါတယ်။

Public Service Announcement

အကြမ်းဖက်မင်းအောင်လှိုင်ဟာ သမ္မတရာထူး အာဏာရရှိရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဒီမိုကရေစီ နိုင်ငံရေးခေါင်းဆောင် အများအပြားကို ဖမ်းဆီးနှိပ်စက်၊ ထောင်ထဲထည့်ခြင်း၊ တအာင်းပြည်သူလူထုအပါအဝင် မြန်မာနိုင်ငံရှိ အပြစ်မဲ့ ပြည်သူတွေကို နိုင်ငံအနှံ့အပြားမှာ သတ်ဖြတ်နေတာ၊ လေယာဉ်နဲ့ နေ့စဉ်မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး ကလေးငယ်တွေ အပါအဝင် အမျိုးသမီးတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် – TCSN က ထုတ်ပြန်ပါတယ်။
လက်ရှိ PSLF/TNLA ခေါင်းဆောင်တွေ ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကို ကိုယ်ချင်းစာနာ နားလည်ပေးနိုင်သော်လည်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဂုဏ်ပြု သဝဏ်လွှာ ပေးပို့တာဟာ PSLF/TNLAရဲ့ အခြေအနေအရ နိုင်ငံရေး ရပ်တည်ချက်သာဖြစ်ပြီး TCSN နဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး ရပ်တည်ချက်မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် – TCSN က အချက်(၃)ချက်ကို ထုတ်ပြန်တောင်းဆိုထားပါတယ်။
လက်ရှိတအာင်းဒေသအတွင်း တာဝန်ထမ်းဆောင်နေတဲ့ CDM များ၊ တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေ နဲ့ ဒဏ်ရာရနေတဲ့ရဲဘော်တွေအပါအဝင် ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ထားပြီး တော်လှန်ရေး လမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ပြန်လည်ရပ်တည် ပေးဖို့၊ အကြမ်းဖက် မင်းအောင်လှိုင်အဖွဲ့နဲ့ ပူးပေါင်းဆက်သွယ်တာနဲ့ ဂုဏ်ပြုခြင်းကိစ္စရပ်တွေကို ချက်ခြင်းရပ်တန့်ပေးဖို့ နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ပြီး မတူကွဲပြားမှုများက ငြိမ်းချမ်းတဲ့ လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်သွားဖို့ဆိုပြီး တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် TCSNအနေနဲ့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်တဲ့အထိ တော်လှန် ပြည်သူတွေနဲ့ အတူတကွ လက်တွဲသွားမယ်လို့လည်း သဘောထားထုတ်ပြန်လိုက်ပါတယ်။
ဒါအပြင်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် စစ်တပ်က အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့ ဟန်ပြအစိုးရကို ကြိုဆိုဂုဏ်ပြုကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သဝဏ်လွှာပေးပို့မှု လုပ်ရပ်ဟာ တအာင်းလူမျိုး တစ်ခုလုံးရဲ့ သဘောထားမဟုတ်ကြောင်း တအာင်းအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ကလည်း ပြောပါတယ်။
မင်းအောင်လှိုင်ရဲ့ ဟန်ပြအရပ်သားအစိုးရ ကြိုဆိုကြောင်း ဧပြီ ၁၅ရက်မှာ PSLF/TNLAက ထုတ်ပြန်ခဲ့တာဟာ PSLFရဲ့ စစ်ရေး၊နိုင်ငံရေး အကြပ်အတည်းအပေါ် လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်ဖြစ်နိုင်ကြောင်း လတ်တလောမှာ အမည်မဖော်ပြလိုသေးတဲ့ တအာင်းလူမျိုးစုအသိုင်းအဝိုင်းမှာ အရေးပါတဲ့တအာင်းအဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါပေမဲ့ ဒီလို စစ်အာဏာရှင်တွေထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့တဲ့လုပ်ရပ်ဟာ PSLF/TNLA အတွက် နိုင်ငံရေးအရ ရင်းနှီးမှု များပြားတယ်လို့လည်း သူကဆက်ပြောပါတယ်။
” များလွန်းတာမကဘူး။ တော်လှန်ပြည်သူတွေ တောင် ခွင့်လွှတ်နိုင်ပါအုံးမလားတောင် အလွန်စိုးရိမ်နေရပါတယ်။ ဒါက PSLF တဖွဲ့ရဲ့ စာပါပဲ”ဟု တအာင်းအဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။PSLF ရဲ့ ထုတ်ပြန်စာဟာ တအာင်းလူမျိုးတရပ်လုံးရဲ့ သဘောထား မဟုတ်ဘူးလို့လည်း သူက ထပ်လောင်း ပြောပါတယ်။


















































