ဧပြီ-၂၄၊၂၀၂၆/People’s Spring
စစ်တပ်ရဲ့ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်(တပ်မ-၂၂)ရဲ့ တပ်မမှူး ဗိုလ်မှူးကြီးဝေလင်းအောင်ဟာ မြဝတီဒေသရှိ KKPark ကျားဖြန့်စင်တာကို စစ်တပ်ကဟန်ပြရှင်းလင်းစဥ်မှာ မီးခံသေတ္တာတွေ နဲ့ ကားတွေအပါအဝင် ဘတ်ငွေသန်းရာနဲ့ချီသိမ်းယူပြီးနောက် နေရာပြောင်းရွှေ့သွားတယ်လို့ မြဝတီမြို့အခြေစိုက်ခလရ(၂၇၅)တပ်ရင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာနားက KK Park ကျားဖြန့်စင်တာတွေကို စစ်တပ်နဲ့ BGF တို့က ၂၀၂၅ နိုဝင်ဘာလကရှင်းလင်းတယ်ဆိုပြီးတော့ ကျားဖြန့်လုပ်သူတွေကိုထွက်ပြေးခိုင်းပြီး အဆောက်အအုံတွေကိုဗုံးခွဲခဲ့ကြပါတယ်။အဲဒီအချိန်မှာတပ်မ(၂၂) တပ်မမှူးက ကျားဖြန့်စင်တာတွေက မီးခံသေတ္တာတွေနဲ့ ကျားဖြန့်စင်တာတွေရဲ့ တနိဖိုးကြီးကား(လိုင်စင်မဲ့) တွေအပြင်တန်ဖိုးကြီးပစ္စည်းတွေ အားလုံးသိမ်းယူသွားတာလို့ အဲဒီဖြစ်စဉ်အကြောင်းကို သိရှိတဲ့ ခလရ(၂၇၅)တပ်ရင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“KK Parkမှာ တရုတ်တွေထွက်ပြေးစဉ်က မီးခံသေတ္တာတွေ ကျန်တာ နည်းတာ မဟုတ်ဘူး။ KK Parkက ရတာ။ အကောင်းစား မော်တော်ကားတွေဆို မဲဆောက်မှာနေတဲ့ တဆင့်ခံနဲ့ ရောင်းစားခဲ့တယ်။ တန်ဖိုးကြီးပစ္စည်းတွေကို ကားနဲ့ အကုန်သယ်တာ။ ဘတ်တန်ဖိုးဆို သိန်းထောင်ဂဏန်းလောက်တော့ အသာလေးပိုက်သွားတာ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီးဝေလင်းအောင်ဟာ ကရင်နီပြည်၊ လွိုင်ကော်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ကို ပြောင်းရွှေ့သွားတာလို့ စုံစမ်းသိရပါတယ်။
ဝေလင်းအောင်ဟာ တပ်မ(၅၅)ဒုတပ်ရင်းမှူးအနေနဲ့ ရခိုင်ဒေသတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးခဲ့ရပြီးနောက် ကရင်ပြည်နယ်က မြဝတီဒေသတိုက်ပွဲကိုတပ်မ(၂၂)တပ်မမှူးအနေနဲ့ စေလွှတ်ခံရတာ ဖြစ်ပါတယ်။
“အကပ်ကောင်းတော့ တပ်မမှူးလာဖြစ်လာတာ။ အာရှလမ်းမှာတပ်မ (၅၅)က နှစ်ချီကြာတိုက်ခဲ့ရပြီး နောက်ကပ်ပါလာပြီး မျက်နှာရသူဖြစ်လာတာ။ သူ့နောက်မှာယခင်ကဒုချုပ်စိုးဝင်းရှိတယ်။ဒါကြောင့် ထင်တိုင်းကြဲနေတာ”လို့မြဝတီဒေသခံက ပြောပါတယ်။
KK Parkက ရရှိတဲ့ ငွေကြေးတွေကို ဇနီးဖြစ်သူထံ ပို့ဆောင်ပေးခဲ့တာလို့ စုံစမ်းသိရပါတယ်။
စစ်တပ်ဟာ KK Park ကျားဖြန့်စင်တာတွေကို ၂၀၂၅ အောက်တိုဘာနောက်ဆုံးပတ်မှာ ဟန်ပြရှင်းလင်းရေး စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်က ကျားဖြန့်စင်တာရှိတဲ့ ဒေသအချို့ကို ဟန်ပြရှင်းလင်းရေးလုပ်ပြီးနောက် တော်လှန်ရေးတပ်တွေရှိတဲ့ နေရာကို စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၁ရက်ကစတင်ပြီးစစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ လက်တလောမှာ လေးကေ့ကော်ဒေသက မင်းလက်ပံနဲ့ ဖလူးရွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မင်းလက်ပံနဲ့ ဖလူးရွာမှာဘဲ ရှေ့မတိုးနိုင်သေးဘဲ အကျအဆုံးများစွာနဲ့ လန်ကျနေတယ်လို့ ဆိုပါတယ်။
” တပ်မ(၂၂)တပ်မမှူးက အပြင်မှာခိုးဖို့လောက်ပဲ ကျွမ်းတာ။ မီးခံသေတ္တာတွေ ယူတုန်းကဆို အချင်းချင်း ပစ်သတ်တာတွေ ရှိတယ်လို့ ကြားရတယ်။ သတင်းသာမထုတ်တာ။ စစ်ရေးက ဘာမှမလုပ်တက်ဘူး”လို့ မြဝတီမြို့ခံ နောက်ထပ်တစ်ဦးက ပြောပါတယ်။


















































