Connect with us

Hi, what are you looking for?

သတင်း

DKSH က ထိုင်းမှ အိုဗာတင်း ထုတ်ကုန်တွေ ဖြန့်ဖြူး ရောင်းချတာကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာ

အောက်တိုဘာ နောက်ပိုင်း တင်သွင်းလာတဲ့ အိုဗာတင်း ထုတ်ကုန်တွေအတွက် ကုမ္ပဏီမှာ တာဝန် မရှိ

နိုဝင်ဘာ ၁၈၊ ၂၀၂၆။ ဇော်ဝင်း / People’s Spring

ထိုင်းနိုင်ငံကနေ တင်သွင်းနေတဲ့ အိုဗာတင်း ထုတ်ကုန်တွေ ဖြန့်ဖြူး ရောင်းချတာကို ရပ်ဆိုင်းလိုက်ပြီလို့ DKSH (Myanmar) Limited က ကြေညာပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၁၈ ရက်) ထုတ် သတင်းစာမှာ ကြေညာချက်အရ Ovaltine (အိုဗာတင်း) ထုတ်လုပ်တဲ့ AB Food & Beverages Thailand Ltd နဲ့ DKSH Myanmar Limited အကြား ထားရှိခဲ့တဲ့ ဖြန့်ချိရေး သဘောတူစာချုပ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ရပ်စဲခဲ့တာလို့ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လ အောက်တိုဘာလကုန်မှစပြီး အိုဗာတင်း ထုတ်ကုန်တွေကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး မြန်မာပြည် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည် ဈေးကွက်အတွင်း နောက်ဆုံး ဖြန့်ဖြူးထားတဲ့ အိုဗာတင်း ထုတ်ကုန်တွေက Batch No. 260320 / EXP: 19 Mar 2028 ထုတ်ကုန်တွေ ဖြစ်တယ်လို့ DKSH က ဆိုပါတယ်။

ဒါကြောင့် အောက်တိုဘာလ နောက်ပိုင်းမှာ တခြား လမ်းကြောင်းတွေကနေ ဝယ်ယူရရှိတဲ့ Ovaltine ထုတ်ကုန်တွေ၊ အခြား Distributor သို့မဟုတ် Supplier တွေထံကနေ ဝယ်ယူထားတဲ့ အိုဗာတင်း ထုတ်ကုန်တွေကို DKSH ကနေ ဖြန့်ဖြူး ရောင်းချထားတဲ့ ထုတ်ကုန်တွေလို့ သတ်မှတ်မှာ မဟုတ်ဘဲ ကုမ္ပဏီအနေနဲ့ တာဝန်ရှိမှာ မဟုတ်ဘူးလို့ အသိပေးပါတယ်။

ကုမ္ပဏီ၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကိုမှ DKSH ကုမ္ပဏီရဲ့ အမည်၊ အမှတ်တံဆိပ်၊ Logo (လိုဂို) နဲ့ အခြား သက်သေခံ အမှတ်အသားတွေ အသုံးပြုဖို့ ခွင့်ပြုထားတာ မရှိဘူးလို့လည်း သတိပေးထားပါတယ်။

ဒါကြောင့် အောက်တိုဘာလ နောက်ပိုင်း ဈေးကွက်အတွင်း ရောင်းချရာမှာ ခွင့်ပြုချက် မရှိဘဲ DKSH နဲ့ ပတ်သက်တာ အသုံးပြု ရိုက်နှိပ်ပြီး Ovaltine ထုတ်ကုန်တွေကို ဖြန့်ဖြူး ရောင်းချရင် တည်ဆဲ ဥပဒေနဲ့ အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခု ရက်ပိုင်းထဲမှာ ပြည်တွင်း အခြေစိုက် နိုင်ငံတကာ ကုမ္ပဏီတွေ အပါအဝင် ပြည်တွင်း ကုမ္ပဏီတွေလည်း လုပ်ငန်း ရပ်ဆိုင်းတော့မယ်လို့ နေ့စဉ်ထုတ် သတင်းစာတွေကနေ ဆက်တိုက် ကြေညာထားပါတယ်။

ဒါ့အပြင် ဂျပန် ကုန်သွယ်ရေး ကုမ္ပဏီကြီး Itochu Corporation လက်အောက်က Isuzu မော်တော်ယာဉ် လုပ်ငန်း၊ စင်ကာပူ အစိုးရ လက်အောက်ခံ မြို့ပြ စီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ၊ ကမ္ဘာ့ အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေး အကြံပေး ဝန်ဆောင်မှု လုပ်ငန်း ကွန်ရက်ကြီး PricewaterhouseCoopers (PwC) က မြန်မာက ထွက်ခွာမယ်လို့ အခုလပိုင်းထဲမှာ ကြေညာထားပါတယ်။

လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unilever ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်း ရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့ ဈေးကွက်ကနေ ထွက်ခွာတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ