နိုဝင်ဘာ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)သထုံခရိုင်နဲ့ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း KNU သတင်းရင်းမြစ်က ဒီကနေ့ နိုဝင်ဘာ ၁၈ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ပထမပတ်ကစပြီး စစ်တပ်က KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရှိရာ ကျိုက်ထို၊ရွှေကျင် စတဲ့ဒေသတွေကို ထိုးစစ်ဆင်နေလို့ စစ်ရေးတင်းမာတာ တိုက်ပွဲတွေဖြစ်ပွားတာ ဆက်တိုက်ရှိနေတာပါ။
” ထိုးစစ်က ထိုးနေတုန်းပဲ။ စစ်ရေးအခြေအနေ အသေးစိတ်တော့ ပြောလို့ဘယ်ရမလဲ။ တိုက်ပွဲတော့ ဆက်ဖြစ်တာပေါ့။ သူပစ်ကိုယ်ပစ်ပေါ့။ ရွာသားတွေက အခုက စပါးသိမ်းတဲ့အချိန်ဆိုတော့ ပြသာနာ တခုက အဲဒါပေါ့” လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်တပ်ထိုးစစ်ဟာ အင်အား ထောင်ဂဏန်းလောက် အသုံးပြုလာတာလို့လည်း ပြောပါတယ်။
KNU တပ်မဟာ(၁)နဲ့ တပ်မဟာ(၃) အစပ်သာမက အခြားသော KNU ခရိုင် တပ်မဟာအသီးသီးမှာလည်း တိုက်ပွဲဖြစ်တာ၊ စစ်ရေးတင်းမာတာ၊ စစ်တပ်က လေကြောင်းကြဲတာတွေရှိတယ်လို့ အသိပေးပါတယ်။
” တပ်မဟာ ၇ခုလုံး တိုက်ပွဲရှိတာပဲ။တချို့က ထိုးစစ်၊ တချို့က ထိုးစစ်မဟုတ်ဘူး။ တချို့က သူတို့က လေယာဉ်နဲ့လာပစ်တယ်လေ။ တပ်မဟာ(၅)မှာလည်း ပစ်တယ်။ ဘုရားကျောင်းတလုံးပျက်စီးသွားတယ်။ လူထိတာလည်းရှိတယ်။ ရွာသား ၂ဦးသေတယ်” လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်သတင်းရင်းမြစ်အချို့ကလည်း တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘွားဒဲရွာနဲ့ လောဖလာသေ့ရွာကို စစ်တပ်က နိုဝင်ဘာ ၁၆ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။ ဘုရားကျောင်းပျက်စီးမှုရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။
KNU ဗဟိုကလည်း စစ်တပ်စစ်ကြောင်းဝင်လာလို့ KNU တပ်မဟာ(၃) နယ်မြေ ရွှေကျင်မြို့နယ်အတွင်းရှိ ရွာ ၁၅ရွာမှ ဒေသခံ သုံးထောင်ဦးနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KNU တပ်မဟာ(၁)နဲ့ တပ်မဟာ(၃) တာဝန်ရှိသူတွေကို ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
KNLA ဗဟိုစစ်ဌာနချုပ်ကတော့ တိုက်ပွဲအခြေအနေတွေ သတင်းထုတ်ပြန်တာမရှိပေမဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု သတင်းတွေ ဆက်တိုက်ဖော်ပြလျက်ရှိပါတယ်။ နိုဝင်ဘာ ၁၆ရက်က KNU တပ်မဟာ(၆)နယ်မြေ မြိတ်ထားဝယ်ခရိုင် ကစယ်ဒို(သရက်ချောင်း)မြို့နယ် ဝါ့ကပေါ်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထုနေအိမ်တွေနဲ့ ပစ္စည်းအသုံးအဆောင်တွေ စိုက်ပျိုးပင်တွေပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ချဲတိုက်ရွာကိုလည်း စစ်တပ်က လေကြောင်းဗုံးကြဲလို့ အရပ်သား ၂ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNLA ဗဟို ဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။ အရပ်သား နေအိမ် ၂၆လုံး ပျက်စီးခဲ့ကြောင်းလည်း အသိပေးထားပါတယ်။
နိုဝင်ဘာ ၁၅ရက်က ကစယ်ဒိုမြို့နယ် ဝင်းကဖော်ရွာကို စစ်တပ် လေကြောင်း တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၄ရက် ညပိုင်းကလည်း တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဖားဘဲထာရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း KNLA ဗဟို စစ်ဌာနချုပ်က ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU နယ်မြေအတွင်း အရပ်သား ပြည်သူနေထိုင်ရာတွေကို လေကြောင်း လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။


























































