ဗြိတိန်နဲ့ အမေရိကန်ကြား ပိုမို ညီညွတ်ကြဖို့ အမေရိကန် လွှတ်တော် မိန့်ခွန်းမှာ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်က တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။
အီရန်စစ်ပွဲ ကိစ္စကို အကြောင်းပြုပြီး အမေရိကန်နဲ့ ဗြိတိန် အစိုးရတွေကြား တင်းမာမှုတချို့ ရှိနေချိန်မှာ ချားလ်စ်ဘုရင်ရဲ့ ၄ ရက်ကြာ သံတမန် ခရီးစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စစ်တိုက်ခဲ့တဲ့နောက် ဗြိတိန် အပါအဝင် ဥရောပ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေက အမေရိကန်ရဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဗြိတိန်နဲ့ NATO မဟာမိတ် နိုင်ငံတွေကို အတိအလင်း ဝေဖန်ခဲ့သလို NATO မဟာမိတ် အဖွဲ့ထဲကနေ အမေရိကန် နုတ်ထွက်ဖို့တောင် စဉ်းစားနေကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။
ဧပြီ ၂၈ ရက်နေ့က အမေရိကန် လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ချားလ်စ်ဘုရင်က အစဉ်အလာ မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်နဲ့ အမေရိကန်ကြား ဆက်လက် သွေးစည်းနေဖို့ တိုက်တွန်းခဲ့ပါတယ်။
မျက်မှောက်ကာလမှာ ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေဟာ နိုင်ငံတစ်ခုတည်းက ကိုင်တွယ်ဖို့အတွက်ဆိုရင် အရမ်းကြီးမားလွန်းနေတယ်လို့ ချားလ်စ်ဘုရင်က ပြောပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ သဘောမတူတာတွေ၊ အမြင်ကွဲပြားတာတွေ ရှိနေရင်တောင်မှ စည်းလုံးနေဖို့၊ သံတမန်ရေး သဘောတူညီချက်တွေကို လေးစား လိုက်နာနေဖို့ လိုအပ်တယ်လို့ ချားလ်စ်ဘုရင်က ပြောပါတယ်။

Public Service Announcement
ဗြိတိန်ရဲ့ လက်အောက်ခံ ဘဝကနေ အမေရိကန်နိုင်ငံ လွတ်လပ်ရေး ရလာမှု နှစ်ပေါင်း ၂၅၀ ပြည့် ကာလမှာ ချားလ်စ်ဘုရင်ဟာ ဝါရှင်တန်ဒီစီ မြို့တော်ဆီ ရောက်လာခဲ့တာပါ။ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ခါးသီးမှုတွေနဲ့ စတင်ခဲ့ပေမယ့် အဲဒီအချက်ကြောင့်တော့ လက်ရှိ ခိုင်မာအားကောင်းနေတဲ့ ဆက်ဆံရေးက လျော့ပါးမသွားခဲ့ဘူးလို့ ချားလ်စ်ဘုရင်က ဆိုပါတယ်။
လက်ရှိ မဟာမိတ် ဆက်ဆံရေးဟာ ဆက်လက် တည်တံ့နေပြီး နှစ်နိုင်ငံစလုံး တူတူညီညီ ဆုပ်ကိုင်ထားတဲ့ စံတန်ဖိုးတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဆန္ဒပြုကြောင်းလည်း သူက ပြောပါတယ်။
နောက်ပြီး ချားလ်စ်ဘုရင်က NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အရေးပါမှုကိုလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ အလေးအနက် ထည့်သွင်း သတိပေးသွားခဲ့ပါတယ်။ NATOရဲ့ စုဖွဲ့မှုမှာ အမေရိကန် စစ်အင်အား၊ ကျွမ်းကျင်မှုနဲ့ မိတ်ဖက်ဆက်ဆံရေးတွေဟာ အသည်းနှလုံး နေရာက ပါဝင်နေတယ်လို့လည်း သူက အသိအမှတ် ပြုခဲ့ပါတယ်။
နောက်ပြီး နိုင်ငံရဲ့ လွတ်လပ်ရေး ဆက်လက် တည်တံ့နေနိုင်အောင် ရဲရဲရင့်ရင့် ကြိုးစားတိုက်ခိုက်နေတဲ့ ယူကရိန်းကို ကူညီဖို့၊ စစ်မှန်ပြီး အဓွန့်ရှည်မယ့် ငြိမ်းချမ်းရေးတစ်ရပ် ပိုင်ဆိုင်လာစေဖို့ မယိမ်းမယိုင် ဆက်လက် အကူအညီ ပေးနိုင်ရေးကိုလည်း ချားလ်စ်ဘုရင်က တိုက်တွန်းသွားခဲ့ပါတယ်။
ချားလ်စ်ဘုရင်နဲ့ ကြင်ရာတော် ကယ်မီလာတို့ကို သေနတ် ၂၁ ချက် ပစ်ဖောက်ပြီး တခမ်းတနား ကြိုဆိုခဲ့ချိန်တုန်းကတော့ ထရမ့်ဟာ ဗြိတိန်-အမေရိကန် ရင်းနှီးတဲ့ ဆက်ဆံရေးကို ချီးကျူးထောမနာစကား ပြောခဲ့ပါတယ်။ လွတ်လပ်ရေး ရယူခဲ့ပြီးနောက်ပိုင်း ရာစုနှစ်တွေအတွင်း အမေရိကန်အတွက် ဗြိတိန်ထက်ပိုပြီး နီးကပ်တဲ့ မိတ်ဆွေမျိုး မရှိခဲ့ဘူးလို့ ထရမ့်က ဆိုပါတယ်။
ဗြိတိန် တော်ဝင်စုံတွဲကို ကြိုဆိုတဲ့ အခမ်းအနားမှာ အမေရိကန် တိုက်လေယာဉ် ၄ စီးကလည်း အိမ်ဖြူတော်ပေါ်က ဖြတ်ပျံပြီး အလေးပြုခဲ့ပါတယ်။
နှစ်နိုင်ငံ သံတမန်ရေး အသိုက်အဝန်းကတော့ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာအပေါ် ဗြိတိန်ရဲ့ တိုက်ရိုက် ဝေဖန်မှုတွေကြောင့် တင်းမာမှုတချို့ ဖြစ်ပေါ်နေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ချားလ်စ်ဘုရင်ရဲ့ ခရီးစဉ်က ကုစားမှုတစ်ခု ဖြစ်လာစေဖို့ မျှော်လင့်နေကြပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Getty Images

















































