Connect with us

Hi, what are you looking for?

ဝတ္ထုတို

“လမ်းခွဲ”

အခြေအနေကား အတော်ပင် ဂွကျသော အနေအထားဖြစ်နေသည်။ တအိမ်တည်းနေ တမိုးအောက်ရှိပြီး မျက်နှာချင်းဆိုင်ဖို့ ခက်နေသော အနေအထားပင်။ အာဏာသိမ်းမှုရဲ့ ရိုက်ခတ်မှုက မိသားစုအတွင်းထိပါ သက်ရောက်မှု ကြီးမားခဲ့သည်။

■ မောင်မိုးအေး

အခြေအနေကား အတော်ပင် ဂွကျသော အနေအထားဖြစ်နေသည်။ တအိမ်တည်းနေ တမိုးအောက်ရှိပြီး မျက်နှာချင်းဆိုင်ဖို့ ခက်နေသော အနေအထားပင်။ အာဏာသိမ်းမှုရဲ့ ရိုက်ခတ်မှုက မိသားစုအတွင်းထိပါ သက်ရောက်မှု ကြီးမားခဲ့သည်။

အဖေက တပ်အတွင်းက အရာရှိ၊ အမေက စည်ပင်အရာရှိ၊ သားလုပ်သူ ကျနော်က ကိုယ်ပိုင်လုပ်ငန်းတခု စတင်ရန် ရုန်းကန်နေရသော လူငယ်တဦး။ ညီမလေးက နည်းပညာတက္ကသိုလ် ကျောင်းသူတဦး။

တနိုင်ငံလုံး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြချိန်တွင် ကျနော်တို့ မောင်နှမနှစ်ဦးလည်း ငြိမ်ငြိမ်ထိုင်မနေနိုင်။ စစ်အာဏာသိမ်းမှုသည် မှားသည်၊ တရားမျှတမှုမရှိဟု ယုံကြည်စွာ မှတ်ယူသည်နှင့်အတူ ကျနော်တို့ လူထုနှင့် တသားတည်း ပါခဲ့သည်။

Public Service Announcement

Public Service Announcement

မောင်နှမနှစ်ယောက် တက်တက်ကြွကြွပင် အာဏာသိမ်းမှုဆန့်ကျင်ရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ နေ့ခင်းတွင် သပိတ်စစ်ကြောင်းများတွင် ပူးပေါင်းပြီး ညပိုင်းတွင် CDM support လုပ်ငန်းများနှင့် လုံးပမ်းခဲ့ကြသည်။

မောင်နှမနှစ်ယောက် စိတ်အားထက်သန်သလောက် ဖေဖေနှင့်မေမေက ဆန္ဒပြခြင်း၊ CDM များကို ကူညီထောက်ပံ့ပေးခြင်းများကို လုံးဝ တားမြစ်သည်။ သူတို့ကိုယ်တိုင်လည်း လုံးဝမလုပ်။ တမိုးအောက် အကွဲအပြဲ ထိုကစ သန္ဓေတည်လာခဲ့သည်။

အစပိုင်းတွင် မနှစ်မြို့ လက်မခံသော အမူအရာဖြင့်သာ ပြတတ်သော မိဘနှစ်ပါးက ကျနော်တို့မောင်နှမ လုပ်ရပ်အား ဖြည်းဖြည်းခြင်း ကန့်ကွက်တားဆီးလာကြသည်။

“မင်းတို့အလုပ်တွေကို ရပ်တန်းကရပ်ကြ။ ဒီကိစ္စကြီးက မကြာခင်ပြီးသွားမှာ။ ဆန္ဒပြတဲ့ကောင်တွေကလည်း ကောက်ရိုးမီးပဲ။ စစ်တပ်က မကြာခင် ထိထိရောက်ရောက် ကိုင်တွယ်တဲ့အခါ ခွေးတကောင် ကြောင်တမြီးတောင် လမ်းမပေါ်တွေ့ရမှာ မဟုတ်ဘူး။”

ဖေဖေ့အသံက ဒေါသသံ စွက်လျက်။

“သမီးတို့က ကောက်ရိုးမီးလုပ်နေတယ် ထင်လို့လား။ ဒါက မတရားဘူး။ လက်မခံနိုင်တဲ့ လုပ်ရပ်ပဲ။ သမီးတို့ကတော့ နောက်ဆုတ်မှာမဟုတ်ဘူး”

“အငယ်မ အတော်တတ်နေလား။ နင်တို့ မောင်နှမနှစ်ယောက်ကို ခုလို လူလိုသူလိုဖြစ်အောင် ကျွေးမွေးလာတာ ခုလို ပြန်အာခံဖို့ မဟုတ်ဘူး။ နင်တို့လုပ် တာ နင့်အဖေရော ငါရော ရုံးမှာ မျက်နှာထားစရာမရှိဘူး။ နင်တို့သားသမီးတွေကို ထိန်းဦးဆိုပြီး ပြောခံရတာ ၃/၄ ခါ မကတော့ဘူး။ ထမင်းအိုး ကွဲသွားမယ်။”

မေမေကလည်း ဖေဖေနှင့် တသံတည်းထွက်လာသည်။

အာဏာသိမ်းပြီးကတည်းက မိသားစုအကြား အကွဲအပြဲဖြစ်ခဲ့သည်မှာ မှန်သော်လည်း တခါမျှ ယခုလောက် မတင်းမာခဲ့ဘူးချေ။ မိသားစုအတွင်း တင်းမာမှုပြင်းထန်လာခြင်းသည် ပြင်ပအခြေအနေနှင့် တိုက်ရိုက် အချိုးကျနေသည်မှာ ငြင်းစရာမရှိ။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သပိတ်သမားများကို စစ်တပ်က အကြမ်းဖက်မှုများ ပြင်းထန်လာနေသည်။ တရားလက်လွတ် လူသတ်မှုများကိုပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်လာနေသည်။ CDM သမားများကို သတင်းအနံ့ခံ လိုက်လံဖမ်းဆီးမှုများ လုပ်နေကြသည်။

“စစ်တပ်က ကြီးစိုးပြီး လုပ်ချင်တိုင်း လုပ်နေလို့ကတော့ သမိုင်းတပတ်လည်ပြီး နိုင်ငံက လူမွေးလူရောင် ပြောင်မှာမဟုတ်ဘူး”

ကျနော်လည်း မခံချင်စိတ်နှင့် ပြောလိုက်သည်။

“အေး စစ်တပ်ကပေးတဲ့ ကျွေးတဲ့ ထမင်းစားပြီး မင်း အခုလို လူဖြစ်လာတာလည်း မမေ့နဲ့”

ဖေဖေက ချက်ခြင်းတုန့်ပြန်သည်။

မိသားစုအကြား ယုံကြည်ချက်ခြင်း ဘယ်လိုမျှ ညှိမရတော့သည့် အနေအထားက ပိုထင်ရှားလာသည်။ စကားဆက်ပြောလည်း မထူးတော့သည့် အနေအထားမို့ ရှောင်ထွက်ရန်သာ ပြင်ရတော့သည်။

ဖေဖေ့ရဲ့ အမိန့်သံကတော့ ထိုနေ့ညအတွက် ပဲ့တင်ထပ်နေခဲ့သည်။

“အေး ငါ့အိမ်မှာနေရင်တော့ ငါ့စည်းမျဉ်းပဲ။ ဆန္ဒပြတဲ့ကိစ္စ CDM ထောက်ပံ့ကိစ္စတွေ နင်တို့ မောင်နှမနှစ်ယောက် ရပ်တန်းကရပ်။ ဒါပဲ”

ထိုနေ့ကတည်းက မျက်နှာချင်းမဆိုင်ဘဲ ရှောင်နေခဲ့လိုက်ကြပြီး တအိမ်တည်းနေပြီး စကားမပြောဖြစ်ကြတော့။ မိသားစုအကြား အခြေအနေသည် တခဏတာ စိတ်ဆိုး စိတ်ကောက်သော အခြေအနေမဟုတ်။ ယုံကြည်ချက်ခြင်းကွဲ၍ ရင်ကြား ပြန်စေ့မရသော အခြေအနေဖြစ်လာသည်။ ဝေးကွာလာမှုက တနေ့တခြား ပိုပိုလာခဲ့သည်။

ဒီလိုနှင့်ပင် စစ်ကောင်စီကလည်း သူ့ရဲ့အကြမ်းဖက်လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာခဲ့သည်။ သပိတ်သမားများကို ကားနှင့်တိုက်ဖမ်း တိုက်သတ်သည်များကို ရက်ရက်စက်စက်ကို ကျူးလွန်လာသည်။ ကျည်အစစ်နှင့် ပစ်ခတ် သတ်ဖြတ်လာသည်။ အကြောက်တရားဖြင့်သာ နှိပ်ကွပ်တတ်သော ဖက်ဆစ်လုပ်ရပ်တို့မှာ တနေ့တခြား သိသာလာတော့သည်။

တနေ့တခြား ဆိုးဝါးလာသော ဖိနှိပ်မှုများအကြား မခံချင်စိတ်သာ တိုးလာရတော့သည်။

“ငါတို့ ဘာလုပ်ရမလဲ”

ဒီလိုနှင့် အိပ်မပျော်ညတွေသာ …

ဒီလိုနှင့် မေလအတွင်း ရောက်လာခဲ့သည်။

မှတ်မှတ်ရရ ထိုနေ့က တနင်္ဂနွေနေ့။ မနက်ခင်း မိုးလင်းခါနီးထိ ကျနော်မှာ အတွေးပေါင်းစုံနှင့် နွေရာသီ အပူတို့ကြောင့် အိပ်မပျော်။ ၄:၁၅ ခန့်တွင် တံခါးခေါက်သံ ခပ်ဖွဖွကို ကြားလိုက်ရသည်။

တံခါးဖွင့်လိုက်တော့ အပေါက်ဝတွင် အငယ်မ။ ကျောပိုးအိတ်ကလေးကို လွယ်လျက်။

“……”

စကားများများ ပြောစရာမလိုဘဲ သိလိုက်သည်။

အငယ်မက ကျနော့်ကို တင်းကျပ်စွာ ဖက်ထားပြီး နှုတ်ဆက်သည်။

“ကိုကြီး လိုက်လာမလား စဉ်းစားပါ။ ငယ်လေးသွားနှင့်မယ်။ ငယ်လေးတို့ကို မွေးပေးတဲ့ မိဘတွေကို ငယ်လေးတို့ ရွေးချယ်ခွင့်မရှိဘူး။ သို့သော် အမှန်တရားကိုတော့ ငယ်လေးတို့ ရွေးလို့ရတယ်။”

ကျနော့်မှာ ပြန်ဖြေစရာ စကားမရှိခဲ့။ ညီမလေး မျက်ဝန်းအစုံကတော့ ရွှန်းရွှန်းလက်လျက်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​မောင်မိုး​အေး” ရေးဖွဲ့တဲ့ “လမ်းခွဲ’ ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...