မေ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။
မေလ ၄ရက်ညနေမှာ KTLA ရဲဘော် ၃၇ဦး KNLAနဲ့ ပြန်လာပူးပေါင်းတာလို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ပဒိုစောအယ်နားက ” မှန်ပါတယ်။ သူတို့ကို ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

Public Service Announcement
KNLA ထံ ပြန်ပူးပေါင်းလာတဲ့ KTLAတပ်ဖွဲ့ဝင်တွေထဲမှာ တပ်ရင်းမှူးတစ်ဦး ပါဝင်တယ်လို့လည်း ပဒိုစောအယ်နားက အတည်ပြုပါတယ်။
ကရင်သတင်းရင်းမြစ်အချို့ကလည်း KTLA ရဲဘော်တွေ KNLAထံ ပူးပေါင်းလာတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ဖော်ပြထားတာတွေ့ရပြီး အလင်းဝင်လာသူတွေထဲမှာ တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး တစ်ဦး၊ ဒု တပ်ခွဲမှူး နှစ်ဦး၊ တပ်စုမှူး သုံးဦး ပါဝင်တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။ ပူးပေါင်းလာသူကို ဦးဆောင်တာက တပ်ရင်းမှူး ဗိုလ်မျူး ဖိုးအယ့်ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ပြန်လည်ပူးပေါင်းလာတဲ့ KTLAတပ်ဖွဲ့ဝင်ဟာ KTLA ဆာကဆော တပ်မဟာတပ်ရင်း(၂) ထားဝယ်ခီး(ထီးခီး)တပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ကော်လာဖိုး ဦးဆောင်တဲ့ KTLAဟာ KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို မကြာခဏ ခြုံခိုတိုက်ခိုက်မှု တွေ လုပ်ဆောင်နေလို့ KNLAနဲ့ တော်လှန်ရေးရဲဘော်တွေ ကျဆုံးထိခိုက်မှု မကြာခဏ ရှိခဲ့ပါတယ်။
ဒါကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLA တပ်ဖွဲဟာ စစ်အုပ်စုလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ အဖွဲ့၊ စစ်ကောင်စီ ရဲ့ မိတ်ဖက်အဖွဲ့အစည်း ဖြစ်တယ်လို့ KNLAက သတ်မှတ်ကြေညာထားပါတယ်။
KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတဲ့ ဗိုလ်ကော်လာဖိုးဟာ အရင် စစ်အစိုးရလက်ထက်က စစ်အုပ်စုထံကို ၂ကြိမ် အလင်းဝင်ခဲ့ဖူးတဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ပေါ်ပေါက်လာကာ တပ်မဟာ(၄)ကို ခြုံခိုတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်ခဲ့တာပါ။


















































