မေ-၈၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးမြို့က သုဿန်တွေမှာ မနက်ဖြန် မေလ ၉ရက်ကစပြီး မီးသင်္ဂြိုလ်ခ နှစ်ဆတက်မယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
မနက်ဖြန် မေ ၉ ရက်ကစတင်ပြီး မန္တလေးမြို့က သုဿန်တွေမှာ မီးသင်္ဂြိုလ်စရိတ်ကို ယခင် လူကြီးတစ်ဦး ၁၂၀၀ဝ ကျပ်ကနေ ၂၄၀၀၀ ကျပ်၊ ကလေးတစ်ဦး ၆၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ်သို့ ပြောင်းလဲလိုက်တယ်လို့ သုဿန်တာဝန်ရှိသူတွေက ပြောကြားလိုက်ကြောင်း နာရေးကူညီနေသူတွေက ပြောပါတယ်။
“မသာစရိတ် လုံလောက်စွာ ထည့်သွားနိုင်ရန်အတွက် ( ခါတိုင်းစျေး မှတ်နေမှာ စိုးလို့ပါ။) လေးစားစွာ ထပ်ဆင့် အသ်ိပေး လိုက် ရပါတယ် ခင်ဗျာ”လို့ မန္တလေးမြို့က ပရဟိတသမားဖြစ်တဲ့ ကိုစိုး (မနောကြာဖြူ၊ မန္တလေး)က လူမှုကွန်ရက်မှာ ရေးသားပါတယ်။

Public Service Announcement
“သေဖို့တောင် စျေးကြီးပေးသေကြရတော့မှာ”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးတွေ ပြတ်တောက်နေတာကြောင့် ရုပ်အလောင်းထည့်တဲ့ အအေးခန်းကို ဓါတ်အားပေးဖို့အတွက်လည်း စက်သုံးဆီကို စျေးကြီးပေးကာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။
“ဆီဆိုင်ကို နာရေးမီးစက်အတွက်ဆိုတာကို ရောင်းပေးလို့ မရဘူးလို့ ပြောတယ်။ အပြင်ကနေပဲ စျေးကြီးပေးပြီး ဝယ်ရတယ်”လို့ ပြီးခဲတဲ့ ရက်ပိုင်းက မိသားစုဝင်တစ်ဦးကွယ်လွန်ခဲ့သူ မန္တလေးမြို့က နာရေးရှင်တစ်ဦးက ပြောပါတယ်။
သုဿန် မီးသင်္ဂြိုလ်စက်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တော်စည်ပင်ရဲ့ သန့်ရှင်းရေးဌာနက ကိုင်တာဖြစ်ပြီး စည်ပင်ဟာ ဒီနှစ်ဘဏ္ဍာနှစ်ကစပြီး အခွန်အရပ်ရပ်ကို အဆင်မတန် မြင့်တက်ခဲ့တာဖြစ်ပါတယ်။
မန္ဆလေးတိုင်းက ပျော်ဘွယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်က သုဿန်တွေမှာလည်း မီးသင်္ဂြိုလ်ခတွေ ပြီးခဲ့တဲ့ မတ်လကတည်းက မြင့်တက်ခဲ့လို့ နွမ်းပါးတဲ့နာရေးရှင်တွေ အခက်အခဲဖြစ်ခဲ့ကြောင်း သိရပါတယ်။


















































