မေ-၉၊၂၀၂၆။ သတိုး/People’s Spring
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။
“အခုလို နှစ် (၉၀) ပြည့် အချိန်မှာတော့ အဲဒီအဆင်မပြေမှုတွေနဲ့ မကျေလည်မှုတွေအားလုံးကို ချန်ထားခဲ့ချင်ပါပြီ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ အမှားအယွင်းတွေရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ သက်ဆိုင်သူအားလုံးကို လေးလေးနက်နက် တောင်းပန်အပ်ပါတယ်။ ဗကသများအဖွဲ့ချုပ်အပေါ်ရှိတဲ့ အမှားအယွင်းတွေ အားလုံးကိုလည်း ခွင့်လွှတ်ပြီး ချန်ထားခဲ့ပါပြီ။ မိတ်ဆွေတွေကြား ပဋိပက္ခတွေ အဆင်မပြေတာတွေကို ဆက်လက် သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ်ဆိုတဲ့ တိုက်ပွဲဝင်စိတ်ကိုပဲ ဗကသရဲ့ မျိုးဆက်သစ်အားလုံးကို လက်ဆင့်ကမ်းခဲ့ချင်ပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစု အားလုံးအနေနဲ့လည်း ဒီလိုညီညွတ်ရေးစိတ်ဓာတ်နဲ့ ပြင်ဆင်စုစည်းနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖြတ်သန်းခဲ့ရတဲ့ နှစ် ၉၀ ကာလမှာ မြန်မာပြည်ရဲ့ ပြင်းထန်လွန်းတဲ့ တော်လှန်ရေးအခြေအနေနဲ့ သူတို့ရဲ့ မရင့်ကျက်မှုတွေကြောင့် တော်လှန်ရေးတာဝန်တွေလုပ်ဆောင်ရင်း မိတ်ဖက်အဖွဲ့အစည်းတွေ ခေတ်ပြိုင်အဖွဲ့အစည်းတွေ လူထုလူတန်းစားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကြားမှာ အထိအရှတွေ၊ ပွတ်တိုက်မှုတွေ၊ အားပြိုင်မှုတွေနဲ့ မကျေလည်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
“အဖွဲ့အစည်းတခုအနေနဲ့ ပေးဆပ်စွန့်လွှတ်ရမှုတွေနဲ့ ရထားတဲ့ ဒဏ်ရာတွေက များတယ်ဆိုပေမဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံတော်သစ်တရပ် ဖြစ်ထွန်းပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတဲ့အတွက် တာဝန်မကျေသေးဘူးလို့ပဲ ခံယူပါတယ်။” လို့ ဗကသအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
အဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အဲဒီအတွက် ဘယ်လို စွန့်လွှတ်ပေးဆပ်ရမှုမျိုးမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားဖို့ အသင့်ဖြစ်နေတယ်လို့လည်းဆိုပါတယ်။
“ဗကသများအဖွဲ့ချုပ်ရဲ့ အလံတော်ကို တမိနစ်၊ တစက္ကန့် သယ်ဆောင်ခဲ့သူကအစ ဘဝတလျှောက်လုံး သယ်ဆောင်ခဲ့သူအလယ် ကျဆုံးကွယ်လွန်ပြီးချိန် ဘဝတွေ၊ အမည်နာမတွေ၊ ဂုဏ်သိက္ခာတွေနဲ့ ဆက်လက်သယ်ဆောင်သူများအဆုံး ရဲဘော်များအားလုံးရဲ့ ဂုဏ်ကျေးဇူးကို အလေးအမြတ် ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ အဲဒီ ရဲဘော်တွေမရှိဘဲ ဗကသများအဖွဲ့ချုပ်ဆိုတာ မရှိနိုင်လို့ပါပဲ။” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။




















































