မေ-၁၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။
ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းက လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တဲ့အတွက် စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ကူညီထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ စလင်းမြို့နယ်အတွင်းက စိုးမိုးနယ်မြေကျေးရွာတချို့က နေအိမ်တွေဟာ လေပြင်းတိုက်ခတ်ပြီး အိမ်ပြိုတာ၊အမိုးလန်တာနဲ့ သစ်ပင်ပိတာတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကြောင့် ၂၄ နာရီအတွင်း သတင်းပေးပို့တဲ့ ကျေးရွာတစ်ရွာရှိ ပြိုလဲနေတဲ့ နေအိမ် ၂လုံးနဲ့ အခြားထိခိုက်ပျက်စီးတဲ့ နေအိမ် ၄၅ လုံးကို စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ငွေသွားရောက်ပေးခဲ့ကြောင်း စလင်းပအဖအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“ပြိုတဲ့အိမ်၂ လုံး တစ်သိန်း၊ ကျန်၄၅ အိမ်ကို သုံးသောင်းနှုန်းပါ။ အလှူချည်းပိတ်ခံမနေတော့ အများကြီးတော့ မတတ်နိုင်ခဲ့ပါဘူး။ တခြားရွာတွေလည်း မသွားရသေးဘူး။ တခြား ၃ရွာလောက်မှာ နှစ်အိမ် သုံးအိမ်စီ ရှိသေးတယ်။”လို့ စလင်းပအဖအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
အလားတူ ဧပြီ ၂၈ ရက်က လေပြင်းတိုက်ခတ်မှု့ကြောင့် စလင်းမြို့နယ်က ကျေးရွာ ၂ ရွာမှာ နေအိမ်တွေ ပျက်စီးခဲ့လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စလင်းမြို့နယ်ပကဖက သွားရောက်ကူညီပေးခဲ့တယ်လို့ ပကဖအသံက ဖော်ပြပါတယ်။ ကူညီကယ်ဆယ်ရေးကိစ္စတွေ ဆောင်ရွက်ခဲ့ပြီး ပြည်သူတွေကိုလည်း အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတဝန်းမေလ ၁၇ရက်မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့မှာမေလ ၁၇ရက်အထိ မိုးရွာနိုင်ပြီးကချင်
ပြည်နယ်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ရန်ကုန်တိုင်းနဲ့ရောဝတီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ MOHADMက သတိပေးထားပါတယ်။





















































