Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖရိက နှစ်နိုင်ငံက အီဘိုလာ ကူးစက်မှုတွေကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO ကြေညာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

ကွန်ဂိုနဲ့ ယူဂန္ဓာ နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါအခြေအနေဟာ နိုင်ငံတကာ အဆင့်ထိ စိုးရိမ်ရမယ့် ခြိမ်းခြောက်မှု ဖြစ်လာကြောင်း မေလ ၁၇ ရက်နေ့မှာ WHOက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဘွန်ဒီဗျူဂို ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အဲဒီရောဂါဆိုးဟာ ကမ္ဘာ့ ကပ်ရောဂါအဆင့် အရေးပေါ် အခြေအနေ ကြေညာရမယ့် အတိုင်းအတာတော့ မဟုတ်သေးဘူးလို့လည်း WHOက ဆိုပါတယ်။

ကုလသမဂ္ဂ (UN)ရဲ့ အကြီးမားဆုံး ကျန်းမာရေး အေဂျင်စီကြီးဖြစ်တဲ့ WHOက အီဘိုလာ ကူးစက်မှုတွေကြောင့် လူ ၈၇ ဦး သေဆုံးပြီး နောက်ထပ် ဓာတ်ခွဲ အတည်ပြုလူနာ ၈ ဦးနဲ့ သံသယလူနာ ၂၄၆ ဦး ရှိနေကြောင်း ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ကွန်ဂိုရဲ့ အီတူရီပြည်နယ်နဲ့ ယူဂန္ဓာရဲ့ ကမ်ပါလာမြို့တော်တို့ဟာ လောလောဆယ် ရောဂါကူးစက်မှု အန္တရာယ် နယ်မြေတွေ ဖြစ်နေပါတယ်။ ယူဂန္ဓာမှာ သေဆုံး၊ ကူးစက်သူတွေဟာ လတ်တလော ကွန်ဂိုကို ခရီးသွားရောက်ခဲ့သူတွေ ဖြစ်တယ်လို့လည်း WHOက ပြောပါတယ်။ ကွန်ဂိုရဲ့ မြို့တော် ကင်ရှာဆာမှာလည်း အီတူရီကနေ ပြန်လာသူတစ်ဦးမှာ ရောဂါ ကူးစက်ထားတယ် ဆိုတာကို ဓာတ်ခွဲ အတည်ပြု တွေ့ရှိခဲ့ပါတယ်။

ကွန်ဂိုဟာ အီဘိုလာ ကူးစက်မှုတွေ စိုးရိမ်စရာအဆင့် ဖြစ်နေကြောင်း မေလ ၁၅ ရက်နေ့ကမှ အတည်ပြုခဲ့ပြီး နောက်ထပ် ၂ ရက်အကြာမှာတော့ WHOက နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာခဲ့တာပါ။ ကျန်းမာရေး ပညာရှင်တွေကတော့ အီတူရီ ပြည်နယ်ထဲက သတ္တုမိုင်းတွင်း မြို့ ၃ ခုမှာ ဧပြီလ ကတည်းက ကူးစက်မှုတွေ စတင်နေခဲ့တာလို့ ယူဆထားပါတယ်။

အာဖရိက နိုင်ငံတွေမှာ အီဘိုလာ ကူးစက်မှုတွေ နှစ်အလိုက် ခေါင်းထောင်ထလာတာမျိုး ကြုံရတတ်ပြီး WHOက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ထိန်းချုပ်ချိုးနှိမ်ဖို့ ဖိဖိစီးစီး ကြိုးစားလေ့ ရှိပါတယ်။ အီဘိုလာဟာ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဖျားနာတာ၊ ခန္ဓာကိုယ် ကိုက်ခဲတာ၊ အားအင်ကုန်ခမ်း နွမ်းနယ်တာ၊ အော့အန်တာ၊ ကိုယ်တွင်း သွေးယိုစီးတာမျိုး လက္ခဏာတွေ ကြုံရလေ့ ရှိပါတယ်။ အီဘိုလာအတွက် ကုထုံးမရှိသေးဘဲ ရောဂါလက္ခဏာတွေ လျော့ပါးအောင်သာ ကူညီကုသပေးနိုင်ပါတယ်။

အီဘိုလာ ရောဂါအတွက် WHOက ခွင့်ပြုပေးထားတဲ့၊ သုတေသန ရလဒ်တွေအရ တိုးတက်မှုတွေ တွေ့မြင်နေရတဲ့ ကာကွယ်ဆေး တချို့တော့ ရှိပါတယ်။ အီဘိုလာဟာ လူနာရဲ့ သွေး၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်လေ့ရှိပြီး ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ အထူးစီစဉ်ထားတဲ့ အကာအကွယ် ဝတ်စုံတွေဝတ်ဖို့၊ စနစ်တကျ ပိုးသတ်သန့်စင်ဖို့ WHOက အကြံပြုထားပါတယ်။

ပထမဆုံး အီဘိုလာ ကူးစက်မှုတွေကို ၁၉၇၆ ခုနှစ်တုန်းက လက်ရှိ တောင်ဆူဒန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်နေတဲ့ နာဇာရာ ဒေသမှာ စတင်တွေ့ရှိခဲ့ပါတယ်။ အီဘိုလာဟာ တိရစ္ဆာန်ကနေတဆင့် လူသားတွေဆီ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သစ်သီးစား လင်းနို့၊ ချင်ပန်ဇီမျောက်ဝံ၊ တောဆိတ်တွေနဲ့ ထိတွေ့မှုကနေ စတင်ပျံ့နှံ့လာပြီး လူသားအချင်းချင်းပါ ဆင့်ကဲကူးစက်တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး စည်းမျဉ်းခံ ဘုရင်အဖြစ် သတ်မှတ်ခံထားရပြီး ယူဂန္ဓာ ပိုင်နက်ထဲမှာ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေတဲ့ နိုင်ငံငယ် တစ်ခုရဲ့ ဘုရင်လေးဟာ အသက် ၃၄ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

ဆောင်းပါး

WHO အကြီးအကဲက ထရမ့်အစိုးရ၏ ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်

နိုင်ငံတကာ

လက်ရှိ ကွန်ဂိုမှာ ကြုံတွေ့နေရတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေဟာ နိုင်ငံသမိုင်းတလျှောက် ကြုံဖူးသမျှ ကူးစက်မှုတွေထဲမှာ မြန်နှုန်း အမြင့်ဆုံး ဖြစ်လာနေတယ်လို့ သိရပါတယ်။

Facebook