Connect with us

Hi, what are you looking for?

သတင်း

လူသုံးဦး​သေဆုံးခဲ့တဲ့နယ်စပ်မိုင်းပေါက်ကွဲမှု ARSA ၊ARA ၊RSO စ​တဲ့အဖွဲ့​တွေရဲ့လက်ချက်ဖြစ်​ကြောင်းULA/AAထုတ်ပြန်

ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်‌ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စု​တွေရဲ့လုပ်ကြံမှုဟုအသိ​ပေး

(မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ခြမ်းကို​တွေ့ရစဥ်။ဓါတ်ပုံ-File)

​မေ-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ARSA ၊ARA ၊RSO စ​တဲ့အကြမ်းဖက်အဖွဲ့တွေ ထောင်ထားတဲ့ မိုင်း ​မေလ ၂၄ ရက်ကပေါက်ကွဲလို့ ဒေသခံသုံးဦးသေဆုံးပြီး ထို​ပေါက်ကွဲမှုမှာရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်​တော်(ULA/AA) နဲ့လုံးဝမသက်ဆိုင်​ကြောင်း ၊နယ်စပ်၌အကြမ်းဖက်မှုအမျိုးမျိုးပြုလုပ်​နေတဲ့ အဖွဲ့​တွေရဲ့ အန္တရာယ်ကိုကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်​ရေးအဖွဲ့​တွေနဲ့ပူး​ပေါင်း​ဆောင်ရွက်ရန်အသင့်ရှိ​ကြောင်းULAကထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့နတ်ကျောက်ဆရီမြို့နယ်မှာမေလ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီ ခန့်က မိုင်းပေါက်ကွဲပြီး တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံအပြစ်မဲ့ပြည်သူ (၃) ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာဖြစ်ခဲ့တဲ့အထက်ပါဖြစ်စဉ်အတွက် ဝမ်းနည်းရကြောင်းနဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ ပြည်သူတွေအနေနဲ့ တောတောင်ထဲနဲ့လူပြတ်တဲ့နေရာတွေအပြင် ပုံမှန်သွားလာနေကြတဲ့နေရာတွေမှာ ARSA ၊ARA ၊RSO စ​တဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ မိုင်းအန္တရာယ်ကိုအထူး သတိပြုသွားလာကြဖို့ သတိပေးထားပါတယ်။

အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ ARA၊ RSO တို့ဟာအာရက္ခတပ်တော်(AA)က စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို ခုခံကာကွယ်နေရတာကို အခွင့်ကောင်းယူပြီး၊ နယ်စပ်တစ်လျှောက်နဲ့ လူသူပြတ်လတ်သော တောတောင် တွေ၊ လမ်းတွေမှာ လက်လုပ်မိုင်းများထောင်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်း၊ လူသတ်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်ခြင်း၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အကြမ်းဖက်လုယက်သတ်ဖြတ်ခြင်းနဲ့ ဒေသခံတွေ ပိုင်ဆိုင်တဲ့ နွားများကို ခိုးယူ လုယက်ခြင်းတို့ကို ပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ARSA၊ ARA၊ RSO အပါအဝင် ၎င်းတို့ရဲ့ဝါဒဖြန့်ချီနေသူတွေက ULA/AAတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းတွေလို့ မဟုတ်မမှန် စွပ်စွဲ​ဖော်ပြခဲ့တယ်လို့သိရပါတယ်။ အမှန်မှာအခုမိုင်းပေါက်ကွဲတဲ့နေရာကလည်း ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာဖြစ်လို့ ULA/AAနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သံတမန်ရေးရာ အခြေအနေနဲ့ပတ်သက်လို့လည်း ULA ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာအသိပေးဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့ နှစ်ဖက်အကြား သံတမန်ဆက်ဆံ ရေးများ တရားဝင်မရှိသေးပေမယ့် နယ်စပ်ဒေသနေ နှစ်ဖက်ပြည်သူတွေရဲ့လူမှုစီးပွား၊ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တိုးတက်မှု၊ နားလည်မှုရလဒ်တွေ ရရှိခါနီးမှာ ယခုဖြစ်ရပ်အပေါ် မနာလို မရှုစိမ့်တဲ့နိုင်ငံတကာရောက် အုပ်စုတွေက ULA/AA အပေါ် နိုင်ငံရေးလုပ်ကြံမှု များဖြင့် တိုက်ခိုက်ထိုးနှက်သောလုပ်ရပ်များကို ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြုလုပ်​နေပြီး နှစ်ဖက်ဆက်ဆံရေးထိခိုက်ပျက်စီး သွားစေရန်ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ဒေသခံအချို့ကလည်းARSA လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားနေတယ်လို့ပြောပါတယ်။၂၀၂၅ခုနှစ် အောက်တိုဘာလကလည်း မောင်တောမြို့နယ် မြောက်ပိုင်းက နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးရှိဒုံးညိုစခန်းဆီ သွားရာလမ်းမှာ အရပ်သားပြည်သူခြောက်ဦးကိုသတ်ဖြတ်ပြီ လူပြတ်တဲ့နေရာတွေမှာအလောင်းတွေကိုစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီရုပ်အလောင်းခြောက်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့AAက သတင်းထုတ်ပြန်ခဲ့ပါတယ်။

AAဟာ ဘင်္ဂါလီတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတကာရောက်လို့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့အချို့က စွပ်စွဲထားပြီး မဟုတ်မဟတ်စွပ်ဆွဲချက်တွေအဖြစ်AA နဲ့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြင်းပြင်းထန်ထန်ဝေဖန်တုံ့ပြန်ထားပါတယ်။

နယ်စပ်ဒေသအရေး၊ ရေလုပ်သားတွေအရေးနဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေအရေး​တွေကိုAA အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပိုမိုပူးပေါင်းဆွေးနွေးလိုပြီး နယ်စပ်ကုန်သွယ်ရေးလည်း အကောင်အထည်ဖော်လိုကြောင်း မေလ ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနဲ့ အင်တာဗျူးမှာ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။

မေလ၂၄ရက်နေ့က မိုင်းပေါက်ကွဲမှုဟာ ULA/AA နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ၊နယ်စပ်ဒေသတစ်လျှောက် အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်နေကြတဲ့ အကြမ်းဖက်အဖွဲ့​တွေရဲ့ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့များ တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ULA/AA ကအသိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။