လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ရဲ့ လွတ်လပ်ရေး ရရှိမှု နှစ်ပေါင်း ၂၅၀ ပြည့်နဲ့ တိုက်ဆိုင်နေတဲ့ ဒီနှစ်မှာ အခုလိုမျိုး ဒေါ်လာငွေစက္ကူ အသစ်ထုတ်ဖို့ အစိုးရက ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဖက်ဒရယ် ဥပဒေတွေအရ ငွေစက္ကူတွေပေါ်မှာ သက်ရှိထင်ရှား လူပုဂ္ဂိုလ် တစ်ဦးရဲ့ ပုံကို ရိုက်နှိပ် ထုတ်ဝေခွင့် မရှိစေရဘူးလို့ တိတိကျကျ တားမြစ်ထားပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ မဟာမိတ် လွှတ်တော်အမတ်တွေက အဲဒီ ဥပဒေအတွက် ခြွင်းချက်တစ်ခုခု ထားရှိနိုင်အောင် ပြင်ဆင်ဖို့ စတင် စည်းရုံးနေပြီ ဖြစ်ပါတယ်။ ဒီတော့ လွှတ်တော် နှစ်ရပ်ကသာ အပြောင်းအလဲကို ထောက်ခံရင် ထရမ့်ရဲ့ပုံနဲ့ ဒေါ်လာ ငွေစက္ကူတွေ ထုတ်ဝေမှုက လက်တွေ့ ဖြစ်မြောက်လာနိုင်တဲ့ သဘောပါပဲ။
ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ ထုတ်ဝေရေး စည်းရုံးနေတဲ့ အမတ်တွေကတော့ ဒါဟာ နိုင်ငံရဲ့ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုမှု တစ်ခုအဖြစ် ရည်ညွှန်းနေပါတယ်။ အိမ်ဖြူတော်ကို ထရမ့် ဒုတိယအကြိမ် ပြန်ရောက်လာချိန် ကတည်းက သူနဲ့ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်တွေဟာ ငွေစက္ကူ၊ တံဆိပ်ခေါင်းတွေနဲ့ တခြားနိုင်ငံတော်အဆင့် သင်္ကေတတွေမှာ ထရမ့်ရဲ့ ပုံ၊ နာမည်၊ လက်မှတ် စတာတွေ ထည့်သွင်းနိုင်အောင် မျိုးစုံ နည်းလမ်းရှာပြီး ကြိုးစားနေခဲ့ပါတယ်။

Public Service Announcement
ထရမ့်ရဲ့ပုံပါတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ ထုတ်လုပ်နိုင်ရေးအတွက် ဥပဒေ ပြင်ဆင်ဖို့ကိုတော့ တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော်အမတ် ဂျိုးဝီလ်ဆန်က စတင် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ ပုံနဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ ထုတ်ဝေနိုင်ခြေ ရှိနေတာကို ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က မေလ ၂၈ ရက်နေ့က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုသွားပါတယ်။ သူက ထရမ့်ရဲ့ပုံနဲ့ ဒေါ်လာ ၂၅၀ တန် ယာယီ သတ်မှတ်ဒီဇိုင်းပုံ တစ်ခုကို ထုတ်ပြခဲ့ပြီး ငွေစက္ကူတွေ တကယ်ပဲ ပုံနှိပ် ထုတ်ဝေဖြစ်မလား ဆိုတာကတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်သာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။ တကယ်လို့ လွှတ်တော်က မီးစိမ်းပြလိုက်ပြီ ဆိုရင်တော့ ညွှန်ကြားချက်ကို လိုက်နာဖို့ သူ့ရဲ့ဌာနက အသင့်ပဲလို့ ဘက်ဆန့်က ဆိုပါတယ်။
လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် ထုတ်ဝေတဲ့ ဒေါ်လာ ၂၅၀ တန်တွေမှာ သက်ရှိထင်ရှား လူပုဂ္ဂိုလ် တစ်ဦးရဲ့ပုံ ရိုက်နှိပ်ထားခြင်းက ဘာပြဿနာမှ ရှိလာမယ်လို့ မထင်မိကြောင်းလည်း ဘက်ဆန့်က ပြောပါတယ်။
ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်အတွက် ဒီဇိုင်းကို တိတိကျကျ သတ်မှတ်မထားသေးပေမယ့် ဖြစ်နိုင်ခြေ ဒီဇိုင်းတွေကို ပေးပို့ဖို့တော့ ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ငွေကြေး ရိုက်နှိပ်မှုနဲ့ သွန်းလုပ်မှု ဌာနခွဲက တောင်းခံထားပြီး ဖြစ်ပါတယ်။ အသစ်ထုတ်ဝေတဲ့ အမေရိကန် ငွေစက္ကူတွေမှာ ထရမ့်ရဲ့ လက်မှတ်ကို ထည့်သွင်းဖို့ကိုတော့ စီစဉ်ထားပြီးပါပြီ။
အမေရိကန် အထက်လွှတ်တော်ရဲ့ ဘဏ်လုပ်ငန်း ကော်မတီ အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ အထက်လွှတ်တော်အမတ် မတ်ခ်ဝါနာကတော့ ဒီအစီအစဉ်ကို အတိအလင်း ဝေဖန်သွားပါတယ်။ အမေရိကန် ပြည်သူတွေဟာ လောင်စာ၊ စားသောက်ကုန်၊ အိမ်သုံးပစ္စည်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေ စျေးတက်လာလို့ ရုန်းကန်နေရချိန်မှာ ဒေါ်လာငွေနဲ့ ပတ်သက်ပြီး သမ္မတထရမ့် အလေးထား စဉ်းစားနေတဲ့ အပိုင်းဟာ အမေရိကန် မိသားစုတွေ နိစ္စဓူဝ ကြုံနေရတဲ့ ရုန်းကန်မှုတွေဆီကနေ လုံးဝ လမ်းလွဲနေတယ်လို့ သူက ပြောပါတယ်။
သူ့ပုံကို ဒေါ်လာငွေစက္ကူမှာ ရိုက်နှိပ်ဖို့ သမ္မတရဲ့ လိုဘကို ဖြည့်ဆည်းနိုင်အောင် ကြိုးစားပေးနေတဲ့ အားထုတ်မှုရဲ့ တစ်ဝက်စာလောက်ကိုသာ အိမ်ဖြူတော်က ပြည်သူလူထု အသုံးစရိတ် လျော့ကျရေးအတွက် အာရုံစိုက်ပေးမယ်ဆိုရင် ဘယ်အမေရိကန် ပြည်သူမှ ကားဓာတ်ဆီဖြည့်ဖို့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူမျိုး လိုတော့မှာ မဟုတ်ဘူးလို့လည်း ဝါနာက အငေါ်တူးသွားခဲ့ပါတယ်။
အမေရိကန်မှာ အရင်က ဒေါ်လာ ၅၀၀ တန်၊ ၁၀၀၀ တန်နဲ့ ၁၀၀၀၀ တန်တွေ ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးပေမယ့် ၁၉၆၉ ခုနှစ်ကစပြီး ရပ်စဲခဲ့ပါတယ်။ အဲဒီ ငွေစက္ကူတွေဟာ လက်ရှိ အချိန်ထိ အသုံးပြုခွင့် ရှိနေသေးပေမယ့် ငွေကြေးလည်ပတ်မှုတွေထဲမှာတော့ ဆက်ပြီး မတွေ့ရတော့ပါဘူး။ အများအားဖြင့်တော့ ပုဂ္ဂလိက ငွေကြေး အမျိုးမျိုး စုဆောင်းသူတွေကပဲ အမှတ်တရ သိမ်းဆည်းထားကြကြောင်း သိရပါတယ်။
ကိုးကား: BBC


















































