Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ် (The Explainer’s Journalism Handbook)

အခန်း (၁၀) – ဖွင့်ဆိုရှင်းပြဆောင်းပါးနမူနာများ

အခန်း (၁၀) – ဖွင့်ဆိုရှင်းပြဆောင်းပါးနမူနာများ

နမူနာ-(၁)

အောက်မှာ ဖော်ပြထားတဲ့ ဖွင့်ဆိုရှင်းပြဆောင်းပါးဟာ မြန်မာသတင်းဌာနတခုဖြစ်တဲ့ People Spring(လူထုနွေဦး)မှာ ဖော်ပြထားတဲ့ ဆောင်းပါးပါ။ ဆောင်းပါးအပြီးမှာ Link လည်း ထည့်ပေးထားပါတယ်။ ဖတ်ကြည့်ကြည့်ပါဦး။

မြန်မာ့ရွှေစျေး ဘာကြောင့် စံချိန်တင် စျေးတက်နေတာလဲ။

Public Service Announcement

Public Service Announcement

မြန်မာ့ရွှေစျေးဟာ တဖြည်းဖြည်းတက်လာလိုက်တာ အခုဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက စံချိန်တင်စျေးနှုန်း ဖြစ်သွားခဲ့ပါတယ်။ တကျပ်သားကို ကျပ် ၉၉ သိန်းခွဲထိ ရောက်ခဲ့တာပါ။ ကျပ် ၉၉ သိန်းခွဲဆိုတာ သိန်းတရာထိ ရောက်ဖို့ ကျပ်ငါးသောင်းပဲ လိုပါတော့တယ်။ ဒီစျေးဟာ မြန်မာ့ရွှေစျေးသမိုင်းမှာ အမြင့်ဆုံးစျေးဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၁၃ သိန်းကျော်နဲ့ နှိုင်းယှဥ်ရင် ဈေး ၇ ဆကျော် ခုန်တက်သွားတာပါ ။

တကယ်တမ်းတော့ မြန်မာနိုင်ငံမှာ ရွှေစျေးစံချိန်တင် မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေ တစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည်တွင်းစီးပွားရေး (Domestic Economy) တို့ ရောယှက်နေတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ လေ့လာကြည့်ကြရအောင်ပါ။

အရင်ဆုံးသတိပြုရမှာက အခုလက်ရှိမှာ မြန်မာတင်မကဘဲ တစ်ကမ္ဘာလုံးမှာ ရွှေစျေးတက်နေတာပါ။ ဒီရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေစျေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၄၅၀၀ကျော်နဲ့ စံချိန်တင်စျေး ရောက်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုလျော့နည်းလာတာကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေဟာ ရွှေတွေကိုအလုအယက် ဝယ်စုနေကြတာကြောင့် အခုလို ကမ္ဘာ့‌ရွှေစျေးဟာ စံချိန်တင်စျေးထိ ရှိလာတာပါ။

“ဒေါ်လာအပေါ် ယုံကြည်မှု ကျဆင်းလာခြင်း”- ဗဟိုဘဏ်တွေရွှေကိုအလုအယက်ဝယ်ယူစုဆောင်းနေကြရတဲ့ အကြောင်းရင်းကို အခုလ ၁၆ ရက်ထုတ် The Guardian သတင်းစာမှာလည်း ဆောင်းပါးရေးသား ဖော်ပြထားထားပါတယ်။

ဆောင်းပါးရဲ့အဖွင့်မှာ “ကမ္ဘာကြီး မတည်မငြိမ်ဖြစ်နေချိန်မှာ ဗဟိုဘဏ်တွေဟာအာမခံချက်တစ်ခုအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာတိုက်တွေအတွင်းကို ရွှေတွေ တိုးမြှင့်ဖြည့်တင်းနေကြတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်” လို့ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းအခြေပြုစနစ်ကို ရိုက်ချိုးလိုက်တာကြောင့် အစိုးရအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေကို အလုအယက် ဝယ်ယူနေကြပါတယ်။ ကမ္ဘာပေါ်ရှိဗဟိုဘဏ်တွေရဲ့ အရန်ပိုင်ဆိုင်မှုမှာ ရွှေရဲ့ဝေစုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုနဲ့ ယှဉ်ရင် နှစ်ဆတိုးလာတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ရွှေကောင်စီ(World Gold Council) မှတ်တမ်းတွေအရ စက်တင်ဘာလအထိ တနှစ်အတွင်း ဗဟိုဘဏ်တွေရဲ ရွှေဝယ်ယူမှုဟာ ၁၀% တိုးလာခဲ့ပြီး ပိုလန်၊ ကာဇက်စတန်၊ အဇာဘိုင်ဂျန်နဲ့ တရုတ်တို့ရဲ့ ဗဟိုဘဏ်တွေက ထိပ်ဆုံးက ဝယ်နေတာပါ။

မြန်မာ့ရွှေစျေးဟာ ကမ္ဘာ့ရွှေစျေး အပေါ် တိုက်ရိုက် မှီခိုနေပါတယ်။ ကမ္ဘာ့ရွှေစျေး တက်ရင် မြန်မာ့ရွှေစျေးကလည်း လိုက်တက်ရတာ သဘာဝပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေစျေး ၁ ဂရမ်ပေါက်စျေးကို အမေရိကန်ဒေါ်လာ လဲလှယ်တဲ့နှုန်းနဲ့ မြှောက်ပြီးတကျပ်သားမှာ ၁၆.၃၂၉၃ ဂရမ်ရှိတာမို့ အဲ့တာနဲ့ ဆက်မြှောက်ရင် မြန်မာ့ရွှေ တကျပ်သားပေါက်စျေးရမှာ ဖြစ်ပါတယ်။

မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကလက်သည်ထဲမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာလည်း ပါပါတယ်။ ကျပ်ငွေတန်ဖိုးကျတယ်ဆိုတာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း တက်လာတာကို ပြောတာပါ။

ကမ္ဘာ့ရွှေစျေးက ငြိမ်နေရင်တောင်မှ ပြည်တွင်းမှာ ဒေါ်လာစျေးတက်ရင် (ကျပ်ငွေတန်ဖိုးကျရင်) ရွှေစျေးက တက်မှာပဲ ဖြစ်ပါတယ်။ အခုက ကမ္ဘာ့ရွှေစျေးကလည်းတက်၊ ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုးကလည်း ကျနေတဲ့အတွက် “ နှစ်ထပ်ကွမ်း” ဒဏ်ကို ခံနေရတာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေနဲ့ သာမာန်ပြည်သူတွေဟာ သူတို့ရဲ့ စုဆောင်းငွေ တန်ဖိုးမကျသွားအောင် အကာအကွယ်ရှာကြပါတယ်။

စစ်တပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်နေမှုကြောင့် ပြည်တွင်းစစ်ဖြစ်နေတာ၊ စစ်တပ်သြဇာခံဘဏ်တွေအပေါ် ယုံကြည်မှုနည်းနေတာ၊ အိမ်ခြံမြေစျေးကွက်အပါအဝင် အစစအရာရာမှာအရောင်းအဝယ် အေးနေတာ၊ ကုန်စျေးနှုန်းတွေ အဆမတန် တက်နေတာတွေကြောင့်၊ “ ရွှေ” ဟာစိတ်အချရဆုံး၊ ရောင်းချရအလွယ်ဆုံးနဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်လာလို့ လူတိုင်းက ဝယ်စုချင်ကြပါတယ်။ ဝယ်လိုအား (Demand)များပြီး ရောင်းလိုအား(Supply) နည်းတဲ့အခါ စျေးနှုန်းက တက်လာရပါတယ်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့မှုနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရွှေအဝင်နည်းတာ၊ သယ်ယူစရိတ်ကြီးတာတွေကလည်း စျေးကွက်ထဲမှာ ရွှေစျေးကို ကစားရလွယ်စေပြီး စျေးနှုန်းကို မြင့်တက်စေပါတယ်။

မြန်မာ့ရွှေစျေး စံချိန်တင်တာဟာ “ ကမ္ဘာ့ရွှေစျေးတက်တာ၊ ကျပ်ငွေတန်ဖိုးကျတာနဲ့ ပြည်တွင်းမတည်ငြိမ်မှုကြောင့် ရွှေကို အလုအယက်ဝယ်စုခြင်းတို့ ပေါင်းဆုံသွားတဲ့ ရလဒ်ဖြစ်ပါတယ်။

ဒီဆောင်းပါးရဲ့ အားသာချက်နဲ့ အားနည်းချက်တချို့ကို လေ့လာကြည့်ကြရအောင်ပါ။

ကမ္ဘာ့ရွှေစျေးနဲ့ ပြည်တွင်းအခြေအနေကို ချိတ်ဆက်ပြထားတာဟာ အားကောင်းပါတယ်။ ဒေါ်လာယုံကြည်မှုကျဆင်းခြင်း၊ ဗဟိုဘဏ်များ ရွှေဝယ်ခြင်းတို့ကြောင့် ကမ္ဘာ့ရွှေစျေးတက်ခြင်း ဆိုတဲ့ ကွင်းဆက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

ပြည်တွင်းရေးသက်သက်ကြောင့်လို့ မယူဆဘဲ Global Context (ထရန့်ရဲ့ မူဝါဒ၊ ဗဟိုဘဏ်များ၏ လုပ်ဆောင်ချက်) ကို ထည့်သွင်းထားတာဟာ စာဖတ်သူက ဆောင်းပါးကို ပိုနာလည်စေပါတယ်။

အာဏာမသိမ်းခင် စျေးနှုန်း (၁၃ သိန်း) နဲ့ အခုစျေး (သိန်း ၁၀၀ နီးပါး) ကို နှိုင်းယှဉ်ပြထားတာဟာ စာဖတ်သူအတွက် အခြေအနေရဲ့ ပြင်းထန်မှုကို ချက်ချင်း သဘောပေါက်စေပါတယ်။

“နှစ်ထပ်ကွမ်းဒဏ်” ဆိုတဲ့ စကားလုံး အသုံးပြုမှုက စီးပွားရေးပညာရပ်ကို သာမန်လူ နားလည်အောင် ရှင်းပြထားပါတယ်။

အခုလို ဖြစ်နေတာကို ရှင်းပြရုံသာမက “နောက်ထပ် ဘာဖြစ်လာနိုင်လဲ” ဆိုတဲ့ ရွှေလုပ်ငန်းရှင်တွေရဲ့ ခန့်မှန်းချက် (ဒါမှမဟုတ်) စီးပွား

ရေးပညာရှင်တွေရဲ့ အကြံပြုချက်ကို ထည့်သွင်းရင် ပိုပြည့်စုံပါမယ်။စျေးကွက်အတွင်းမှာ “ကြောက်ရွံ့မှုကြောင့် ဝယ်ယူခြင်း” (Panic Buying) နဲ့ ကောလာဟလတွေက စျေးကွက်ကို ဘယ်လောက် ကစားနေလဲဆိုတဲ့ အချက်ကို ထည့်သွင်းဆွေးနွေးရင် ပိုကောင်းပါမယ်။

●နမူနာ-(၂)

အောက်မှာ နမူနာပေးထားတဲ့ ဖွင့်ဆိုရှင်းပြ ဆောင်းပါး နောက်ထပ်တပုဒ်ကတော့ မီးဖိုချောင်ထဲက အစားအသောက်အကြောင်းပါ။ ကြက်သွန်နဲ့အာလူး သိမ်းဆည်းပုံအကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ အကြောင်းကိုတော့ လူတွေ အထူးသဖြင့် မီးဖိုချောင်ကို ဦးစီးနေတဲ့ အိမ်ရှင်မ အများစုဟာ သေချာသိတာ နည်းပါတယ်။ ဘီဘီစီ(မြန်မာပိုင်း) သတင်းဌာနမှာ ဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ Link ကိုလည်းထည့်ပေးထားပါတယ်။

▪︎အတက်ပေါက်နေတဲ့ ကြက်သွန်တို့ အာလူးတို့ကို စားသင့်လား

မီးဖိုထဲမှာ ညစာချက်ဖို့ ပြင်ဆင်ကြရင် အာလူးက အညှောင့်ပေါက်နေတာမျိုးကို တွေ့ဖူးကြမှာပါ။ သူတို့က စားလို့ စိတ်ချရမလား။ အမှိုက်ပုံးထဲ ပစ်

လိုက်ရမလား။အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဟာ အပင်သစ်ပေါက်ဖို့ အချိန်တန်ရင် အတက်တွေ၊ အညှောင့်တွေထွက်လာတတ်ပါတယ်။ အဲဒီအချိန် စားသင့် မစားသင့် ဆိုတဲ့ အတွေး ပေါ်တတ်ပါတယ်။ သူတို့က ဘေးကင်းပါရဲ့လား။

▪︎အာလူး အညှောင့်ထွက်ချိန်မှာ ဘာတွေဖြစ်နေပါလဲ

အာလူးက အညှောင့်ပေါက်လာတာဟာ အာလူးပင် အသစ်တခု ဖြစ်လာတော့မယ် ဆိုတဲ့ပုံမှန်သဘာဝ လက္ခဏာကို ပြတာပါ။

အဲဒီဖြစ်စဥ်အတွင်း အာလူးကနေ ဂလိုင်ကို အယ်ကာလွိုက် (glycoalkaloids) လို့ ခေါ်တဲ့ သဘာဝ အဆိပ်တွေကို ထုတ်လုပ်ပါတယ်၊ သူတို့က အပင်ပေါက်လေးကို မှိုတွေ၊ အင်းဆက်တွေ ရန်ကနေ ကာကွယ်ဖို့ အတွက်ပါ။ အဲဒီ ဒြပ်တွေထဲက ဆိုလနင်း (solanine) ဆိုတဲ့ အဆိပ်ဓာတ် တမျိုးကို အာလူး၊ ခရမ်းချဥ်သီး၊ ဂေါ့ဂျက် ခရမ်းသီး (courgettes – eggplants)၊ ပန်းငရုတ်သီး (peppers) တို့ အပါအဝင် လူတွေ စားကြတဲ့ အသီး အများအပြားမှာ တွေ့ရပါတယ်။

သူတို့ကို ရိတ်သိမ်းခူးဆွတ်ပြီး လှောင်ထားရင် သဘာဝ အဆိပ်ဓာတ်ရဲ့ ပါဝင်မှုက ပိုတိုးလာတတ်ပြီး ဒါက လူသားတွေ အတွက်ဖြစ်စေ၊ တိရိစ္ဆာန်တွေအတွက်ဖြစ်စေ အန္တရာယ် ရှိတတ်ပါတယ်။

▪︎အတက်အညှောင့်ပေါက်နေတဲ့ ဟင်းသီး ဟင်းရွက်တွေကို စားနိုင်လား

“အညှောင့်ထွက်နေတဲ့ အာလူးမှာ ဘေးဖြစ်စေတာက ဂလိုက်ကို အယ်ကာလွိုက်ပါ၊ သူတို့ဟာ အာလူးရဲ့ အရသာကို ခါးစေပြီး စားလိုလိုက်ရင် များသောအားဖြင့် အန်စေတဲ့ အထိ ဖြစ်တတ်ပါတယ်။ ဒီထက် ဆိုးတာမျိုးတွေတော့ ဖြစ်လေ့မရှိပါဘူး” လို့ လင်ကွန်း တက္ကသိုလ်မှာ ရိတ်သိမ်းသီးနှံ နည်းပညာတွေ လေ့လာသူလည်းဖြစ် အာလူးရိတ်သိမ်းပြီးတဲ့နောက် (Potatoes Postharvest) စာအုပ်ကို ရေးသားခဲ့သူ လည်းဖြစ်တဲ့ ဒေါက်တာ ခရစ် ဘစ်ရှော့က ပြောပါတယ်။

“ဒီသဘာဝ ဓာတုဒြပ်က အာလူးတွေ အစိမ်းရောင်ရှိနေချိန်မှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ အစိမ်းရောင်ဖြစ်နေတဲ့ အာလူးတွေကို ကျွန်တော်တို့ မစားသင့်တာပါ” လို့ ဒေါက်တာ ဘစ်ရှော့က ဘီဘီစီကို ပြောပါတယ်။

“အာလူး အညှောင့်ပေါက်တဲ့ အချိန်မှာလည်း အဲဒီဒြပ်တွေ မြင့်နေလိမ့်မယ်။ ဒါကြောင့် အဲဒီ အညှောင့်တွေကို အကုန် ဖယ်ထုတ်သင့်တယ်။ တကယ်လို့ အညှောင့်က အာလူး အသားထဲမှာ အတော် အခြေစိုက်ပြီး စိုက်နေရင် အဲဒါတွေကို အကုန်ဖယ်ပစ်ပြီး ကျန်တဲ့ အပိုင်းတော့ (ကျွန်တော့်အမြင်အရ) စားလို့ရပါတယ်”လို့သူကထပ်ဖြည့်ပြောပါတယ်။

ယူကေ အစားအစာ စံသတ်မှတ်မှု အေဂျင်စီကလည်း အညှောင့်ထွက်နေတဲ့ အာလူးတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့အခြေအနေတွေနဲ့ ကိုက်ညီရင် စားဖို့ ဘေးကင်းပါတယ်လို့ ဆိုပါတယ်။

“အညှောင့်တွေကိုဖယ်ထုတ်မယ်၊အာလူးကလည်း ပုပ်နေတဲ့ လက္ခဏာမရှိဘဲ အသားက တင်းတင်းမာမာရှိတယ်ဆိုရင် စားလို့ ဘေးကင်းပါတယ်” လို့ သူတို့က အကြံပြုပါတယ်။ “ဒါပေမဲ့ အာလူးက အစိမ်းရောင်သန်းနေတယ်ဆိုရင်တော့ လွှင့်ပစ်တာ အကောင်းဆုံးပါ၊ အဲဒီအစိမ်းရောင်တွေ ရှိတာက အဆိပ်တွေရှိနေတာကို ညွှန်ပြနေတာပါပဲ။”

“အညှောင့်ထွက်နေတဲ့ အာလူးက တင်းတင်းမာမာရှိသေးတယ်ဆိုရင်၊ သိပ်မခြောက်သေး၊ သိပ်မရှုံ့သွားသေးဘူးဆိုရင်၊ ထွက်နေတဲ့ အညှောင့်ကလည်း သေးတယ်ဆိုရင် အညှောင့်ကို ဖယ်ထုတ်ပြီး စားလို့ရပါတယ်။ ဒါပေမဲ့ အာလူးက ရှုံ့နေပြီး ပျော့နေရင်တော့ အဟာရဓာတ်လည်း မရှိတော့သလို အရသာလည်း မကောင်းတော့ပါဘူး” လို့ အဲဒီ အေဂျင်စီက ပြောပါတယ်။

ဆိုလနင်း (Solanine) အဆိပ်ဓာတ်ကျွမ်းကျင်သူ တချို့ကတော့ အဲဒီထက် ပိုပြီး သတိထားဖို့ ပြောပါတယ်။

“အညှောင့်စိမ်းလေးတွေ ထွက်နေတဲ့ အာလူးကို မစားသင့်ဘူး” လို့ University of East Anglia က အပင် သိပ္ပံဘာသာရပ် ပါမောက္ခ ကေသီ မာတင်က သတိပေး ပါတယ်။

“ဒါက အလင်းရောင်နဲ့ ထိတွေ့နေပြီ ဆိုတာကို ပြနေတာဖြစ်ပြီး အဲဒီ အလင်းရောင်ကြောင့် အာလူးဟာ ဂလိုလိုင်ကို အယ်ကာလွိုက်၊ ဆိုလနင်းတွေကို ထုတ်လုပ်စေပါတယ်။ အဲဒီဓာတ်တွေက လူတို့၊ တိရိစ္ဆာန်တို့ အထူးသဖြင့် ကြောင်တွေ၊ ခွေးတွေကို ဒုက္ခပေးပါတယ်” လို့ သူက ရှင်းပြပါတယ်။

“အစိမ်းရောင်ဖြစ်မနေတဲ့ အာလူးမှာ ဆိုလနင်းဓာတ် ပါတာ နည်းပါတယ်၊ ဒါပေမဲ့ အစိမ်းရောင် မပါလဲ အာလူးမှာ ဆိုလနင်း အဆိပ်ရှိသေးတာကြောင့် အာလူးကို မချက်ပြုတ်ဘဲ အစိမ်းစားဖို့ မသင့်ပါဘူး” လို့ ပါမောက္ခ မာတင်က ထပ်ဖြည့်ပြောပါတယ်။

အဖြစ်နည်းပေမဲ့ ဆိုလနင်း အဆိပ်မိတာတွေ ဖြစ်ဖူးပါတယ်။ တခါက ယူကေမှာ ၁၉၇၀ နှစ်တွေ နှောင်းပိုင်း တနှစ်က ကျောင်းသူကျောင်းသား ၇၈ ယောက် အစိမ်းရောင်ရှိနေရှိနေတဲ့ အာလူးတွေ စားပြီးတဲ့နောက် ဆေးရုံတင် ကုသခဲ့ရပါတယ်။

စားမိတဲ့ ပမာဏက သိပ်မများရင်တော့ ရောဂါဝေဒနာရတဲ့အထိ မဖြစ်ပါဘူး။

အားသိပ်မပြင်းတဲ့ ဆိုလနင်း အဆိပ်မိရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေထဲဝမ်းပျက်ဝမ်းလျှောတာ၊ အန်တာ၊ ဗိုက်မှာ အလွန်အမင်းနာတာ စတာတွေ ပါဝင်ပါတယ်။

သိပ်ပြင်းထန်တယ် ဆိုရင်တော့ မူးဝေတာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ၊ အားနည်းတာ၊ အမြင်အာရုံ မကြည်လင်တာတွေ ဖြစ်တတ်ပြီး သတိမေ့သွားတာမျိုး၊ တချို့ဆို သေဆုံးတဲ့ အထိ ဖြစ်တာမျိုးတွေ ရှိပါတယ်။

အဆိပ်ရှိတဲ့ အာလူးကို စားမိရင် မိနစ်ပိုင်းအတွင်းကနေ နောက် ၂ ရက် လောက်မှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

▪︎အညှောင့်ပေါက်နေတဲ့ အာလူးတွေ အတွက် အကြံပြုချက်

• အညှောင့်က သေးသေးပဲဆိုရင် မချက်ခင် ဖြတ်ထုတ်လိုက်ပါ။

• အညှောင့်က တလက်မလောက် ရှည်နေပြီ ဆိုရင်တော့ အာလူးကို လွှင့်ပစ်လိုက်ပါတော့။

• အာလူးမှာ စိမ်းနေတဲ့ အပိုင်းတွေကို ဖြတ်ထုတ်ပစ်ပါ၊ ဒါတွေက အဆိပ်တွေ ပါဝင်မှု များနေတာကို ပြနေတာပါ။

• အာလူးက ပုပ်နေတဲ့၊ မှိုတက်နေတဲ့ လက္ခဏာတွေ ပြနေရင် ပစ်ထုတ်လိုက်ပါ။

• အညှောင့်ထွက်နေတဲ့ အာလူးကို အပင်စိုက်ဖို့ လုပ်မယ်ဆိုရင် ကိုင်တွယ်တဲ့နေရာမှာ သတိထားပါ၊ အညှောင့်က ထွက်နေတဲ့ အဆိပ်ဓာတ်က ကိုယ့်လက်မှာ ဖြတ်ရှရာတွေ ရှိရင် အဲဒီက တဆင့် အဆိပ်က ကိုယ့်ခန္ဓာကိုယ်ထဲကို ဝင်နိုင်ပါတယ်။

• သင့်မှာ ကိုယ်ဝန်ရှိနေရင်၊ သင်ဟာ နို့တိုက်နေရတဲ့ မိခင်ဖြစ်နေရင် ပိုပြီး သတိထားပါ။

▪︎အာလူးကို ဘယ်လို ထားရမလဲ

အာလူးကို ကြာကြာသိမ်းနိုင်အောင်

• အေးပြီး ( ၃ – ၁၀ ဒီဂရီ စင်တီဂရိတ်) ခြောက်သွေ့တဲ့၊ အလင်းရောင် မဝင်တဲ့ နေရာမှာ သိမ်းပါ။

• မသိမ်းခင် အာလူးတွေကို ရေနဲ့ မဆေးပါနဲ့၊ အစိုဓာတ် ရှိသွားရင် ပုပ်သွားနိုင်ပါတယ်။

• ကြက်သွန်တွေနဲ့ နီးတဲ့နေရာမှာ မသိမ်းပါနဲ့၊ သူတို့ ၂ ခုလုံးက အစိုဓာတ်နဲ့ ဓာတ်ငွေ့ထွက်တတ်ပြီး အဲဒါက အတက်အညှောင့်ပိုထွက်စေတတ်ပါတယ်။

▪︎အတက်ထွက်နေတဲ့ ကြက်သွန်တွေကရော ဘယ်လိုလဲ

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက ထွက်တဲ့ အတက်တွေကတော့ အာလူး ဇာတ်လမ်းနဲ့ မတူပါဘူး။

“အာလူးလို မဟုတ်ပဲ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ရဲ့ အတက်တွေက အဆိပ်မရှိတော့ စားရတာ ဘေးကင်းပါတယ်” လို့ ပါမောက္ခ မာတင်က ပြောပါတယ်။

“သူတို့ အတက်တွေက ကြက်သွန်ဥထဲက အဟာရတွေဆီကနေ ထွက်လာတာပါ၊ နည်းနည်းလေး ခါးတာတော့ ရှိတာပေ့ါ။”

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အေးပြီး ( ၃ – ၁၀ ဒီဂရီ စင်တီဂရိတ်) ခြောက်သွေ့တဲ့၊ အလင်းရောင် မဝင်တဲ့ နေရာတွေမှာ သိမ်းဖို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ပလပ်စတစ် အိပ်တွေ နဲ့ ပိတ်ပြီး မသိမ်းဖို့လည်း သူတို့ကပြောပါတယ်၊ လေဝင်လေထွက် ကောင်းအောင် စက္ကူအိတ်လို၊ ဆန်ခါကွက် အိတ်ပါးလို အိအိတ်တွေနဲ့ သိမ်းပါတဲ့။

အာလူးလိုပဲ မှိုတက်တဲ့၊ အသားပျော့သွားတဲ့၊ အနံ့မကောင်းတော့တဲ့ ကြက်သွန်တွေကို လွှင့်သာပစ်လိုက်ပါ။

https://www.bbc.com/burmese/articles/c74q78knvxko

အထက်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရဲ့ အားသားချက်၊ အားနည်းချက်အချို့ဖြစ်ပါတယ်။ဒေါက်

တာ ခရစ်ဘစ်ရှော့နဲ့ ပါမောက္ခ ကေသီမာတင်တို့လို ပညာရှင်တွေရဲ့ အာဘော်ကို ကိုးကားထားလို့ ယုံကြည်စိတ်ချရပါတယ်။ စားသင့်၊ မစားသင့်ဆိုတဲ့ဟာကို အာလူးရဲ့ အခြေအနေ (တင်းမာမှု၊ အရောင်) ပေါ်မူတည်ပြီး ရှင်းရှင်းလင်းလင်း ခွဲခြားပြထားပါတယ်။ အစိမ်းရောင်အာလူးရဲ့ အန္တရာယ်နဲ့ အဆိပ်မိတဲ့ လက္ခဏာတွေကို သေချာဖော်ပြထားလို့ အိမ်ရှင်မတွေအတွက် အလွန်အသုံးဝင်ပါတယ်။

ဆောင်းပါးဟာ သမိုင်းကြောင်းနဲ့ ပညာရှင်ကိုးကားချက်တွေ များနေတာကြောင့် အရေးပေါ် အချက်အလက်ရှာသူတွေအတွက် ဖတ်ရတာ အချိန်ပေးရနိုင်ပါတယ်။

အာလူးနဲ့ ကြက်သွန်ကို အတူတူမထားဖို့ သတိပေးထားပေမယ့် “ဘာကြောင့်လဲ” ဆိုတဲ့ (အီသလင်းဓာတ်ငွေ့) အကြောင်းရင်းကို ဖြည့်စွက်ပေးရင် ပိုပြည့်စုံပါမယ်။

●နမူနာ-(၃)

အောက်မှာဖော်ပြထားတဲ့ ဖွင့်ဆိုရှင်းပြဆောင်းပါးဟာ အမေး/အဖြေ ပုံစံပါ။ ငွေကြေးဖောင်းပွရတဲ့ အကြောင်းကို သာမာန်လူတွေ နားလည်အောင် မေးခွန်းမေးလိုက် အဖြေပေးလိုက် လုပ်ထားတာပါ။ AI ရဲ့ အကူအညီရယူထားပါတယ်။

▪︎သင့်ပိုက်ဆံတွေ ဘာကြောင့် တန်ဖိုးကျလာရသလဲ

မေး – ငွေကြေးဖောင်းပွမှု ဆိုတာ ဘာလဲ?

ဖြေ – အရိုးရှင်းဆုံး ပြောရရင် “ကုန်စျေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာတာ” ပါပဲ။ ငွေကြေးဖောင်းပွမှု ဖြစ်လာတဲ့အခါ ပြီးခဲ့တဲ့နှစ်က ၁,၀၀၀ ကျပ်နဲ့ ထမင်းတစ်နပ် အဝစားလို့ ရခဲ့ပေမယ့် ဒီနေ့မှာတော့ အဲဒီ ၁,၀၀၀ ကျပ်ဟာ မုန့်အသေးလေး တခုစာပဲ ဝယ်နိုင်တော့တာမျိုးပါ။ ဒါဟာ ကုန်ပစ္စည်းတွေက တန်ဖိုးတက်သွားတာထက် သင့်လက်ထဲက “ငွေရဲ့ ဝယ်နိုင်စွမ်းအား (Purchasing Power)” ကျဆင်းသွားတာ ဖြစ်ပါတယ်။

မေး – အခုအချိန်မှာ ဘာကြောင့် စျေးနှုန်းတွေ တက်နေရတာလဲ?

ဖြေ – စီးပွားရေးပညာရှင်တွေက အဓိက အချက် (၃) ချက်ကို ထောက်ပြကြပါတယ်။

• ဝယ်လိုအား များလွန်းခြင်း- လူတွေလက်ထဲမှာ ငွေရှိလို့ ပစ္စည်းတွေ အလုအယက် ဝယ်ချင်ကြပေမယ့် ရောင်းစရာ ပစ္စည်းက လုံလောက်အောင် မရှိတဲ့အခါမျိုးပါ။ “ငွေတွေက များနေပြီး ပစ္စည်းက နည်းနေတဲ့” အခြေအနေ ဖြစ်ပါတယ်။

• ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း- ပစ္စည်းတစ်ခု ထုတ်လုပ်ဖို့ ကုန်ကျစရိတ်တွေ တက်လာတာပါ။ ဥပမာ – စက်သုံးဆီစျေး ဒါမှမဟုတ် လျှပ်စစ်ခတွေ တက်လာရင် ပေါင်မုန့်စက်ရုံက အရှုံးမခံနိုင်တော့ဘဲ ပေါင်မုန့်စျေးကို လိုက်တင်ရတာမျိုး ဖြစ်ပါတယ်။

• ငွေကြေးတန်ဖိုး ကျဆင်းခြင်း- မိမိနိုင်ငံရဲ့ ငွေကြေး (ဥပမာ-ကျပ်ငွေ) ဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် တန်ဖိုးနည်းသွားတာပါ။ အဲဒီအခါ ပြည်ပကနေ တင်သွင်းရတဲ့ စက်သုံးဆီ၊ ဆေးဝါးနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေအားလုံး စျေးချက်ချင်း တက်သွားပါတယ်။

မေး – ငွေကြေးဖောင်းပွတာ နည်းနည်းပါးပါး ရှိတာက ကောင်းသလား?

ဖြေ – အံ့သြစရာကောင်းတာက “ကောင်းပါတယ်”။ ဗဟိုဘဏ်အများစုဟာ ငွေကြေးဖောင်းပွမှုကို (၂%) ဝန်းကျင်လောက် ရှိနေအောင် ထိန်းထားလေ့ရှိပါတယ်။ အဲဒီလို ရှိနေမှသာ လူတွေက ပိုက်ဆံကို အိပ်ရာအောက်မှာ ဒီတိုင်း သိမ်းမထားဘဲ ထုတ်သုံးတာ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံတာတွေ လုပ်လာပြီး စီးပွားရေး လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

မေး – ဒါဆို လူတွေက ဘာလို့ ဒီလောက် စိုးရိမ်နေကြတာလဲ?

ဖြေ – ပြဿနာက “အဆမတန် ဖောင်းပွခြင်း (Hyperinflation)” ကြောင့်ပါ။ ကုန်စျေးနှုန်း တက်တာက လူတွေရဲ့ လစာတက်နှုန်းထက် ပိုမြန်နေရင် မိသားစုတွေဟာ စားဝတ်နေရေးအတွက် အခြေခံ လိုအပ်ချက်တွေကိုတောင် မဖြည့်ဆည်းနိုင်တော့ဘဲ “လူမှုစီးပွား ဘဝရပ်တည်မှု အကျပ်အတည်း” နဲ့ ရင်ဆိုင်ရလို့ ဖြစ်ပါတယ်။

မေး – အစိုးရတွေက ဒါကို ဘယ်လို တားဆီးသလဲ?

ဖြေ – အသုံးအများဆုံး နည်းလမ်းက “အတိုးနှုန်း (Interest Rates)” မြှင့်တာပါ။

• ဗဟိုဘဏ်က အတိုးနှုန်း မြှင့်လိုက်တဲ့အခါ ဘဏ်ကနေ ငွေချေးရတာ စရိတ်ပိုကြီးလာပါတယ်။

• အဲဒီအခါ လူတွေက အသုံးစရိတ် လျှော့ချလာကြပြီး ကုမ္ပဏီတွေကလည်း ဝယ်သူရှိအောင် စျေးနှုန်းတွေကို လျှော့ချ (သို့မဟုတ်) မတင်ဘဲ ထိန်းထားကြရပါတယ်။

• ဒါဟာ စီးပွားရေး အရှိန်ကို လျှော့ချလိုက်ပြီး ငွေကြေးဖောင်းပွမှုကို ပြန်အေးသွားစေပါတယ်။

မေး – ကျွန်တော့်ရဲ့ စုဆောင်းငွေတွေကို ဘယ်လို ကာကွယ်ရမလဲ?

ဖြေ – ငွေကြေးဖောင်းပွမှု မြင့်နေချိန်မှာ ငွေသားသက်သက် သိမ်းထားတာဟာ ရှုံးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီငွေရဲ့ တန်ဖိုးက နေ့တိုင်း ကျနေလို့ပါ။ အဲဒါကို ကာကွယ်ဖို့ လူတွေက အောက်ပါအတိုင်း လုပ်ဆောင်လေ့ ရှိကြပါတယ်။

• ရွှေဝယ်ခြင်း- ရွှေဟာ ငွေကြေးတွေ တန်ဖိုးပျက်ချိန်မှာ တန်ဖိုးမြဲတဲ့ သမိုင်းဝင် ပိုင်ဆိုင်မှု ဖြစ်ပါတယ်။

• ပိုင်ဆိုင်မှုများ ဝယ်ယူခြင်း- မြေကွက်၊ အိမ်ခြံမြေ ဒါမှမဟုတ် အချိန်ကြာလေ တန်ဖိုးတက်လေဖြစ်တဲ့ ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံခြင်း။

• ခိုင်မာသော ငွေကြေးကို ကိုင်ဆောင်ခြင်း- ဒေသတွင်း ငွေကြေးထက် ပိုမိုခိုင်မာတဲ့ အမေရိကန်ဒေါ်လာ သို့မဟုတ် ယူရို တို့ကို ပြောင်းလဲ ကိုင်ဆောင်ခြင်း (ဒါဟာ ဒေသတွင်း ဥပဒေတွေအပေါ်မှာလည်း မူတည်ပါတယ်)။

●အနှစ်ချုပ်

ငွေကြေးဖောင်းပွမှုဆိုတာ သင့်ပိုက်ဆံက “သေးသွားတာ” ပါ။ ဝယ်လိုအားများခြင်း၊ ထုတ်လုပ်မှုစရိတ်တက်ခြင်း သို့မဟုတ် ငွေကြေးတန်ဖိုးကျခြင်းကြောင့် ဖြစ်ရတာပါ။ အစိုးရတွေက အတိုးနှုန်းမြှင့်ပြီး ဒါကို ထိန်းချုပ်လေ့ ရှိပါတယ်။

အမေးအဖြေပုံစံနဲ့ ဖော်ပြထားတဲ့ အားသာချက်၊ အားနည်းချက် တချို့ဖြစ်ပါတယ်။

“၁,၀၀၀ ကျပ်တန် ထမင်းတနပ်” ကနေ “မုန့်အသေးလေး တခု” ဖြစ်သွားပုံကို ဥပမာပေးထားတာဟာ ငွေကြေးဖောင်းပွမှုကို စာတွေ့ထက် လက်တွေ့ကျကျ မြင်သာစေပါတယ်။ မေးခွန်းနဲ့ အဖြေ ပုံစံမျိုး (Q&A Style) ကို သုံးထားတဲ့အတွက် ဖတ်ရတာ မငြီးငွေ့ဘဲ သိလိုတဲ့ အချက်ကို တိုက်ရိုက် ရှာဖွေဖတ်ရှုနိုင်ပါတယ်။

အကြောင်းရင်း၊ အကျိုးဆက်၊ အစိုးရရဲ့ ဖြေရှင်းပုံနဲ့ တဦးချင်းစီရဲ့ ကာကွယ်ပုံ ဆိုပြီး အဆင့်လိုက် စနစ်တကျ ရေးသားထားပါတယ်။ Purchasing Power (ဝယ်နိုင်စွမ်းအား)၊ Hyperinflation (အဆမတန် ဖောင်းပွခြင်း) စတဲ့ နည်းပညာစကားလုံးတွေကို မြန်မာလို လိုရင်းတိုရှင်း ဘာသာပြန်ပေးထားတာ ကောင်းမွန်ပါတယ်။

ဒါပေမယ့် ဆောင်းပါးမှာ အတိုးနှုန်းမြှင့်တာဟာ ငွေကြေးဖောင်းပွမှုကို ထိန်းပေးနိုင်တယ်လို့ ဆိုထားပေမယ့်၊ အတိုးနှုန်းတက်ရင် လူတွေ အလုပ်လက်မဲ့ ဖြစ်နိုင်ခြေရှိတာနဲ့ လုပ်ငန်းရှင်တွေ ချေးငွေရဖို့ ခက်ခဲသွားနိုင်တာကိုပါ ထည့်ရေးရင် ပိုပြီး မျှတပါလိမ့်မယ်။

ရွှေ၊ မြေ နဲ့ ဒေါ်လာ ဝယ်ဖို့ အကြံပြုထားတဲ့နေရာမှာ ဒီအရာတွေဟာလည်း စျေးကွက်အတက်အကျ ရှိနိုင်ကြောင်းသတိပေးချက် (Disclaimer) လေး ပါဝင်သင့်ပါတယ်။ (ဥပမာ- စျေးအမြင့်ဆုံးမှာ ဝယ်မိရင် ပြန်ကျတဲ့အခါ အရှုံးပေါ်နိုင်တာမျိုး)။

အမေးအဖြေ ပုံစံနဲ့ လုပ်ထားတဲ့ အခုဆောင်းပါးမှာ”ပုံသေဝင်ငွေ (Fixed Income) ရှိသူများ”

(ဥပမာ- လခစားဝန်ထမ်းများ) အတွက် ငွေကြေးဖောင်းပွမှု ဒဏ်ကို ဘယ်လို ခံနိုင်ရည်ရှိအောင် ပြင်ဆင်သင့်သလဲ ဆိုတဲ့ အချက်လေးကို တပိုဒ်လောက် ဖြည့်စွက်လိုက်ရင် ပိုကောင်းသွားမယ်လို့ ယူဆပါတယ်။ ။

(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစား​လေ့လာလိုသူ​တွေအတွက် ရည်ရွယ်ပြီး လူထု​​နွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ်​ စ​​နေ​နေ့တိုင်းဖော်ပြ​ပေး​နေတာဖြစ်ပါတယ်။ ။အယ်ဒီတာ)

ဆက်စပ်သတင်းများ

ဖွင့်ဆိုရှင်းပြ

အခန်း (၉ ) - တည်းဖြတ်ခြင်း

ဖွင့်ဆိုရှင်းပြ

အခန်း (၈) − ဖွင့်ဆိုရှင်းပြဆောင်းပါးကောင်းတပုဒ်အတွက် အကြံပေးချက်များ

ဖွင့်ဆိုရှင်းပြ

အခန်း (၇) - ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို ရှင်းလင်းအောင် ဘယ်လိုရေးကြမလဲ