Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘောလုံးပရိသတ်တွေ လွန်လွန်ကျွံကျွံ အောင်ပွဲခံရာက ပြင်သစ်မှာ လူ ၄၀၀ ကျော် အဖမ်းခံရ

ပြည်တွင်း ဘောလုံးကလပ်ရဲ့ ဥရောပ ချန်ပီယံဆု ဆွတ်ခူးမှုကို လွန်လွန်ကဲကဲ အောင်ပွဲခံကြရာက ပြင်သစ်နိုင်ငံမှာ လူပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

ပြည်တွင်း ဘောလုံးကလပ်ရဲ့ ဥရောပ ချန်ပီယံဆု ဆွတ်ခူးမှုကို လွန်လွန်ကဲကဲ အောင်ပွဲခံကြရာက ပြင်သစ်နိုင်ငံမှာ လူပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

မေလ ၃၀ ညပိုင်းတုန်းက ပါရီမြို့ခံ ဘောလုံးကလပ် ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)ဟာ အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူး ရယူခဲ့ပါတယ်။ ဒါဟာ ပီအက်စ်ဂျီ အတွက်တော့ ဥရောပရဲ့ ကလပ်အသင်းအဆင့် ဘောလုံးပြိုင်ပွဲတွေမှာ ဂုဏ်သိက္ခာအကြီးဆုံး ဖလားကြီးကို ၂ နှစ်ဆက်တိုက် သိမ်းယူနိုင်မှု ဖြစ်လာပါတယ်။

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်ခ်မြို့က ပွတ်စ်ကက်စ် အားကစားကွင်းကြီးမှာ ပွဲသိမ်းခရာ မှုတ်လိုက်တဲ့ နောက်မှာပဲ ပြင်သစ်နိုင်ငံမှာတော့ ပါရီအပြင် တခြားဒေသတွေမှာပါ ဘောလုံးပရိသတ်တွေက တပျော်တပါး အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ အခြေအနေတွေက စည်းလွတ်ဝါးလွတ် ဖြစ်လာသလို လုပ်ရပ်တွေကလည်း ကြမ်းတမ်းလာပါတယ်။ တချို့နေရာတွေမှာ လမ်းလယ်ခေါင် မီးရှို့တာတွေ၊ မီးရှူးမီးပန်းတွေ ပစ်ဖောက်တာတွေ၊ စက်ဘီးနဲ့ စကူတာတွေကို ဖျက်ဆီးတာတွေ လုပ်လာကြသလို ဘတ်စ်ကားနဲ့ ရထား ပြေးဆွဲမှုတွေပါ အနှောင့်အယှက်ပေး ခံလာရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ ပြင်သစ်ရဲတပ်ဖွဲ့ဟာ အဓိကရုဏ်း နှိမ်နင်းရေး ရဲအရာရှိ ထောင်ဂဏန်းလောက်ကို အသုံးပြုပြီး ဘောလုံးပရိသတ်တွေကို လူစုခွဲဖို့ ကြိုးစားခဲ့ရပါတယ်။ ပါရီမြို့လယ်မှာလည်း ရဲတွေက မျက်ရည်ယိုဗုံးတွေပါ ပစ်ခတ်ပြီး လူစုခွဲခဲ့သလို ရုန်းရင်းဆန်ခတ် အခြေအနေတွေအတွင်း ရဲတချို့လည်း ဒဏ်ရာရခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဗီဒီယိုတွေမှာတော့ ပါရီမြို့လယ် လမ်းမတစ်နေရာမှာ လျှပ်စစ် စကူတာတွေကို မီးရှို့နေတာ၊ အနည်းဆုံး ဆိုင်တစ်ခုရဲ့ ရှေ့က မှန်တွေကို ရိုက်ခွဲနေတာမျိုး မြင်ကွင်းတွေကို တွေ့ခဲ့ရပါတယ်။

ဗိုလ်လုပွဲ မစတင်ခင် အချိန်မှာလည်း ပီအက်စ်ဂျီရဲ့ အိမ်ကွင်း ပက်ဒက်စ်ပရင့်စ်မှာ screen အကြီးကြီးနဲ့ တိုက်ရိုက်ပြသမယ့် ပွဲစဉ်ကို သွားရောက် ကြည့်ရှုတဲ့ ပရိသတ်တွေထဲက ရမ်းကားသူ တချို့နဲ့ ပါရီရဲတပ်ဖွဲ့ကြား ပြဿနာတွေ ဖြစ်ခဲ့ပါသေးတယ်။

ရဲတွေရဲ့ ထုတ်ပြန်ချက်အရ တစ်ညတာ လွန်လွန်ကဲကဲ အောင်ပွဲခံမှုအတွင်း အနည်းဆုံး ယာဉ် ၆ စီး၊ စီးပွားရေးလုပ်ငန်း ၂ ခု၊ ဘတ်စ်ကားမှတ်တိုင် ၁ တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရပါတယ်။ အဖမ်းခံရသူကတော့ ၄၁၆ ဦး ရှိခဲ့ပြီး အဲဒီထဲက ၂၈၀ ဟာ ပါရီမြို့ခံတွေ ဖြစ်ပါတယ်။

ပြင်သစ် ပြည်ထဲရေး ဝန်ကြီး လောရင့် နူးနက်ဇ်က ပြင်သစ်ရဲ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပြီး ပရိသတ်တွေရဲ့ အခုလို စည်းလွတ်ဝါးလွတ် လုပ်ရပ်မျိုးဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန် ပြောကြားသွားပါတယ်။

ပီအက်စ်ဂျီဟာ အာဆင်နယ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့နောက် ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ မေလ ၃၁ ရက်နေ့ ညနေပိုင်းကျရင် ပါရီမှာ ဆုဖလားနဲ့အတူ လှည့်လည် အောင်ပွဲခံဖို့လည်း စီစဉ်ထားပြီး ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် ကိုယ်တိုင် ကစားသမားတွေကို ကြိုဆို ဂုဏ်ပြုသွားဖို့ ရှိနေပါတယ်။

မနှစ်က ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးတုန်းကလည်း ပြင်သစ်မှာ အလွန်အကျွံ အောင်ပွဲခံမှုတွေရဲ့ နောက်ဆက်တွဲ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ် အပါအဝင် ၂ ဦး သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။