မေ- ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အိန္ဒိယအစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယ နိုင်ငံသို့ ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီ နိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ-အိန္ဒိယ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုဟာ မေလ ၃၀ရက်မှာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
မြန်မာ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ခေါင်းဆောင်ကို အခုလို ဖိတ်ခေါ် တာနဲ့ ပတ်သက်ပြီး သဘောထား မှတ်ချက်မေးမြန်းရာ ဆလိုင်းထက်နီက “ အကြမ်းဖက်စစ်ခေါင်းဆောင် အနေနဲ့ တွေ့တာလား၊ နိုင်ငံတော် သမ္မတ အနေနဲ့ လက်ခံတာလား တော့ မသိဘူး။ဘယ်လိုပဲတွေ့တွေ့ပါ ဒါက တရားမဝင်တဲ့စစ်အာဏာရှင်အတုအယောင်အစိုးရကိုအသိအမှတ်ပြုလိုက်တာပဲ။ဒီမိုကရေစီ နိုင်ငံကြီး မပီသဘူးလို့ပဲ မှတ်ချက်ပြုချင်တယ်” လို့ ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့ပြီးနောက် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်ခဲ့ရာ (၅) နှစ်ကျော်ရှိပြီဖြစ်ပါတယ်။
ဒီလို စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲ ဖန်တီးပြီး ဟန်ပြ အရပ်သားအစိုးရဖွဲ့စည်းကာ မင်းအောင်လှိုင်က သမ္မတ ရာယူရယူခဲ့တာဖြစ်လို့ စစ်အုပ်စုကို အသိအမှတ်မပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘာသာရေးအဆောက်အဦတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား လေကြောင်း၊ လက်နက်ကြီး တို့နဲ့ တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊အကြောင်းပြချက်မရှိ ဖမ်းဆီးတာ၊ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းတာတို့တိုးမြှင့်လုပ်ဆောင်နေလို့မြန်မာပြည်သူသန်းပေါင်းများစွာနေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအရေးပေါ် လိုအပ်လျက်ရှိတယ်လို့လည်းတော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကလည်း စစ်အုပ်စုရဲ့ အတုအယောင်အစိုးရအား အသိအမှတ်မပြုခြင်းဖြင့် စစ်မှန်သောဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူလူထုနဲ့ အတူ ရပ်တည်ကြောင်း ပြသဖို့လည်း နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲက တင်မြှောက်ထားတဲ့ လွှတ်တော်ကို အသိအမှတ်မပြုဘဲ မြန်မာပြည်သူတွေကိုကိုယ်စားပြုနေတဲ့ CRPHကိုဆက်လက်အသိ အမှတ် ပြုထိတွေ့ဆက်ဆံမယ်လို့ ဧပြီလမှာ ဆုံးဖြတ်ထားပါတယ်။

















































