မေ -၃၁၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ဆောမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။
အခုမေလ၁၁ရက်ကစပြီး ပေါက်မြို့အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )ကထွက်လာတဲ့အင်အား၄၀၀ဝန်းကျင် စစ် ကြောင်းနဲ့ မေလ ၂၂ ရက်ကကပစ -၂၄ က ထပ်ထွက်လာတဲ့ အင်အား ၉၀၀ ဝန်းကျင်နဲ့ စစ်ယာဉ်တန်းတွေကို ပုံတောင်နတ်ထိပ်ဒေသမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၁၃ ရက်စပြီး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ထက်မနည်းရှိခဲ့ပြီး ဒီကနေ့ မေလ ၃၁ရက် အထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲလို့ အသိပေးပါတယ်။

Public Service Announcement
စစ်တပ်စစ်ကြောင်းက ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော်နဲ့ သေဆုံးသူ ၈၀ကျော်ရှိပြီး ဖမ်းဆီးရမိ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ YA က ပြောပါတယ်။
” စစ်ကြောင်းနှစ်ခုစလုံးက ဆောထဲကို စစ်ကြောင်ဝင်တယ်။မင်းတပ်ဖက်တကြောင်းတက်တယ်”လို့ ဂန့်ဂေါခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေအတွင်းတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဘက်ကထိခိုက်ဒဏ်ရာရရှိသူတွေ နဲ့ အသက်စွန့်လွှတ်သွားကြတဲ့ သူတွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာအပြစ်မဲ့အရပ်သားပြည်သူတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီးညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ကျေးရွာတွေအတွင်းက ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာ၊နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းနဲ့စစ်ဘေးရှောင်နေရာတွေကို အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်တဲ့လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း အသိပေးပါတယ်။
“တပြင်းရွာကတော့ အသတ်ခံရသူများတယ်။CDM ကျောင်းဆရာတစ်ယောက်လည်းပါတယ်။ဘုန်ကြီး တပါးလည်းပါတယ်။စစ်ရှောင်ရင်းအသတ်ခံရတာ။စုစုပေါင်း ငါးဦးလောက်ရှိတယ်။ဖမ်းခံရပြီးစစ်ကြောင်းထဲပါသွားတချို့လည်းရှိတယ်”လို့ စစ်တပ်စစ်ကြောင်းတွေ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဆောမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် လူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ ၊ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြဖို့ ယောတပ်တော်က တိုက်တွန်းပါတယ်။


















































