Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့တိုက်ပွဲတွေမှာ စစ်တပ် သေဆုံးသူများနေတယ်လို့ KPDF ပြော

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူများနေပြီး ရုပ်အလောင်းတွေကို မြေမြုပ်နေရတယ်လို့ ရွှေကူ KPDF တာ၀န်ရှိသူက ပြောပါတယ်။

(ရွှေကူမြို့နယ် တိုက်ပွဲတွေမှာ စစ်တပ် မီးရှို့ဖျက်ဆီးလို့ ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - People Defense Force - ShweGu)

ဇွန်-၆၊၂၀၂၆။မိုမို/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူများနေပြီး ရုပ်အလောင်းတွေကို မြေမြုပ်နေရတယ်လို့ ရွှေကူ KPDF တာ၀န်ရှိသူက ပြောပါတယ်။

ရွှေကူမြို့ရဲ့ အနောက်‌တောင်ဘက်ခြမ်းက ငအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ နေ့စဉ်တိုက်ပွဲ ဖြစ်နေတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက သူရဲ့ လူမှုကွန်ရက်ကတဆင့် ဒီကနေ့ အသိပေးဖော်ပြပါတယ်။

” ငအိုးနဲ့ ရွှေကူ အကြားနေ့စဥ် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ခွေးသေဆုံးမှု နေ့စဥ်များပြားနေပြီး အလောင်းများကို ကျွင်း တကျွင်းထဲ ပေါင်းမြုပ်နေရတဲ့ အနေအထားပါ”လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူကို လူထုနွေဦးကဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ရေးအရအချက်အချာကျတဲ့ ရွှေကူမြို့အထွက်နဲ့ အဓိကလမ်းဆုံ‌တွေ ပေါင်းစပ်ရာနေရာဖြစ်တဲ့ ငါးလမ်းဆုံ နေရာမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ ဒေသတွင်း သတင်းရင်းမြစ်က အသိပေးပါတယ်။

စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသုံး ထိုးစစ်ဆင်နေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့‌တော့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရအသားစီးရယူဖို့ ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာမှာ အင်အားစုဖွဲ့ပြီး ရွှေကူမြို့နယ်ထဲ၀င်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့လည်းအသိပေးပါတယ်။စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက၂၀၂၄ ဒီဇင်ဘာမှာ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို စတင်ခဲ့ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေအပါအ

ဝင် စခန်းနဲ့ တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်ကျန်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

ရွှေကူမြို့ပေါ်နဲ့ အနီးတဝိုက်ဒေသတွေကို ထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်ဟာ ရွှေကူမြို့နယ်ကို စစ်အုပ်ချုပ်ရေးအရေးပေါ် အခြေအနေကြေညာထားပါတယ်။

ဒါ့အပြင် ဇွန်လ ၄ ရက်က ရွှေကူမြို့နယ် စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၅ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာရှိပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ရွှေကူနယ်မှာထိုးစစ်ဆင်နေသလို KIAသိမ်းထားတဲ့ ရှမ်းမြောက်က မဘိမ်းမြို့ကို ပြန်ထိန်းချုပ်ဖို့လည်း မိုးမိတ်မြို့ဘက်မှာ တပ်အင်အားတွေ စုစည်းစစ်ပြင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ