မြန်မာဖက်က လေတပ် လှုပ်ရှားမှုတွေကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် နယ်စပ်မှာရှိတဲ့ မယ်ဟောင်ဆောင်ကို F-16 တိုက်လေယာဉ်နှစ်စီး စေလွှတ်ခဲ့ကြောင်း ထိုင်းတော်ဝင်လေတပ်က ပြောကြားခဲ့ပါတယ်။
နယ်စပ်မျဉ်းရဲ့ တစ်ဖက်ခြမ်း မြန်မာပိုင်နက်ထဲမှာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ စစ်လေယာဉ်တွေ ပျံသန်းလှုပ်ရှားနေတာကို ထောက်လှမ်း တွေ့ရှိတဲ့နောက် လိုအပ်တဲ့ အရေးပေါ် အခြေအနေတွေမှာ ချက်ချင်း တုံ့ပြန်နိုင်ဖို့ အခုလိုမျိုး F-16တွေကို နယ်စပ်မျဉ်းနားမှာ ပျံသန်း စောင့်ကြည့်စေခဲ့တာလို့ ထိုင်းလေတပ်က ဆိုပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတုန်းက ထိုင်းလေတပ်ရဲ့ အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ် နှစ်စီး ပျံတက်သွားခဲ့ပြီး ကင်းလှည့် ပျံသန်းခဲ့သလို နယ်စပ်တလျှောက် အခြေအနေကို စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ ထိုင်းလေပိုင်နက်ကို ထိပါးကျူးကျော်ခံရတာမျိုး မရှိခဲ့ဘူးလို့လည်း ထိုင်းလေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ချာရုံ ဝတ္ထနာဆရီမွန်ကိုလ်က ပြောပါတယ်။

Public Service Announcement
ထိုင်းရဲ့ မယ်ဆာရင်းမြို့နယ်နဲ့ ထိစပ်ရာ မြန်မာဖက်ခြမ်းမှာ အာဏာသိမ်း မြန်မာစစ်တပ်က ကရင်တော်လှန်ရေး တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေရင်း လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့တာကြောင့် ထိုင်းဖက်ခြမ်းမှာ အထိတ်တလန့် အခြေအနေတွေ ကြုံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ထိုင်းလေတပ်ဟာ အခုတစ်ကြိမ် အပါအဝင် နယ်စပ်နားမှာ F-16တွေကို ကင်းလှည့်ပျံသန်းစေတာမျိုးကို နိုဝင်ဘာလထဲမှာ သုံးကြိမ်ထက်မနည်း လုပ်ဆောင်စေခဲ့ပါတယ်။
နယ်စပ်နားက F-16တွေ ပျံသန်းမှုဟာ နိုင်ငံရဲ့ လေပိုင်နက် လုံခြုံရေး အတွက်သာ ရည်ရွယ်သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့လည်း အပြည့်အဝ ကိုက်ညီတယ်လို့ ချာရုံက ပြောပါတယ်။
ထိုင်းလေတပ်ဟာ F-16တွေက ခဲယမ်းအစစ်တွေကို အသုံးပြုပြီး လေ့ကျင့်ပစ်ခတ်နေတဲ့ မှတ်တမ်း ဓာတ်ပုံတွေကိုလည်း နိုဝင်ဘာ ၁၆ ရက်နေ့တုန်းက Facebookမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
ကိုးကား: Thai PBS


























































