ရေငုပ်သင်္ဘော တစ်စီးအတွက် စံချိန်တင် အကြာမြင့်ဆုံး မစ်ရှင်ကို တာဝန် ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ဗြိတိန် တော်ဝင်ရေတပ်ရဲ့ HMS Vengeanceဟာ ဆိပ်ကမ်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရေတပ်သား ၁၄၀ လိုက်ပါသွားတဲ့ Vanguardအဆင့် ရေငုပ်သင်္ဘောဟာ ပင်လယ်ပြင်မှာ နေမထိ လေမထိနဲ့ ရေအောက်ငုပ်လျှိုးရင်း ၂၁၇ ရက်ကြာ ကင်းလှည့် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ စကော့တလန်က အခြေစိုက် စခန်းဆီ ပြန်ရောက်လာတာ ဖြစ်ပါတယ်။
Vengeance ရေငုပ်သင်္ဘောဟာ ဧပြီလ ၁၂ ရက်နေ့က ဟယ်လန်ဘာ့ဂ်နားမှာရှိတဲ့ ဖော့စ်လိန်းကနေ စတင် ခုတ်မောင်း ထွက်ခွာသွားခဲ့တာပါ။ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားတဲ့ ရေတပ်သားတွေဟာ ၂၁၇ ရက်လုံးလုံး ပင်လယ်ရေအောက်မှာ နည်းပညာ အသုံးပြု သန့်စင်ထားတဲ့ လေကိုပဲ ရှူပြီး နေရောင်မခံဘဲ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး စစ်ဆင်ရေး တာဝန်ကို ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ Vengeanceရဲ့ အဖွဲ့သားတွေဟာ အမျိုးအစားတူ HMS Vanguard ရေငုပ်သင်္ဘောက နှစ်ဆန်းပိုင်းမှာ တင်ထားခဲ့တဲ့ ၂၀၅ ရက်ကြာ စစ်ဆင်ရေး စံချိန်ဟောင်းကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

Public Service Announcement
ရေမျက်နှာပြင်ပေါ် Vengeanceက ပြန်လည် ထွက်ပေါ်လာပြီး အခြံအရံ ရေတပ် သင်္ဘောငယ်လေးတွေ၊ ဆွဲသင်္ဘောတွေနဲ့အတူ ဂဲရ်လော့ချ် သင်္ဘောကျင်းဖက် ခုတ်မောင်းသွားချိန်မှာ ရေတပ်သားတချို့က ကုန်းပတ်ပေါ်ထွက် မတ်တပ်ရပ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ရေတပ် အကြီးအကဲ ဆာဂွန်းဂျက်ဆန်က ရေတပ်သားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ စိတ်ဓာတ်မာကျောမှုတွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဗြိတိန်ဟာ ရေတပ်သင်္ဘောတွေရဲ့ ကြံ့ခိုင်မှု ထိန်းသိမ်းရေးမှာ ပိုမို အားထည့်ဖို့ လိုလာနေကြောင်း သူက ဝန်ခံခဲ့ပါတယ်။
Vanguard အဆင့် ရေငုပ်သင်္ဘောတွေဟာ ပင်လယ်ပြင်မှာ ရက်ပေါင်း ၁၈၀ လောက် ဆက်တိုက် ခုတ်မောင်းနိုင်အောင် တည်ဆောက်ထားပေမယ့် ပြုပြင်ထိန်းသိမ်းရေး လိုအပ်ချက်ကြောင့် အခုလိုမျိုး ပိုပြီး အချိန်ကြာကြာ တာဝန် ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။
ဗြိတိန်ရေတပ်ဟာ Vanguardအဆင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ၄ စီးမှာ Trident နျူကလီးယား ဒုံးကျည်တွေကို တပ်ဆင်ထားပါတယ်။ တကယ်လို့ နိုင်ငံကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်မှု တစ်ခုခု ကြုံလာရရင် လက်တုံ့ပြန်နိုင်ဖို့အတွက် ရန်သူတွေ ထောက်လှမ်းလို့ မရနိုင်မယ့် ပင်လယ်သမုဒ္ဒရာထဲမှာ ရေငုပ်သင်္ဘောတွေကို ကင်းလှည့်မစ်ရှင်အဖြစ် စေလွှတ်ထားတာလည်း ဖြစ်ပါတယ်။
ဗြိတိန်က ပိုင်ဆိုင်တဲ့ နျူကလီးယား လက်နက်တွေဟာ ကြည်းတပ်နဲ့ လေတပ် ပလက်ဖောင်းတွေကနေ ပစ်လွှတ်လို့ မရတာကြောင့် ရေငုပ်သင်္ဘောတွေကိုပဲ အလုံးစုံ မှီခိုထားရပါတယ်။ ဒါကြောင့်လည်း ရေတပ်ဟာ Trident နျူကလီးယား ဒုံးကျည်တွေပါတဲ့ ရေငုပ်သင်္ဘော အနည်းဆုံး တစ်စီးကို ပင်လယ်ပြင်မှာ အမြဲတမ်း ဖြန့်ကျက်ထားတာ ဖြစ်ပါတယ်။
Vengeance ပြန်ရောက်လာတဲ့နောက် အစားထိုး ကင်းလှည့်ဖို့ ပင်လယ်ပြင်ဆီ ထွက်ခွာသွားတဲ့ ရေငုပ်သင်္ဘောရဲ့ နာမည်ကို ဗြိတိန်က မကြေညာပေမယ့် အမျိုးအစားတူ HMS Vigilant ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။
ကိုးကား: BBC


























































