ဇွန်-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင် သိမ်းထားပြီးမြို့တွေ စစ်တပ်လက်ထဲ ပြန်မရောက်ရေး ပြည်သူလူထုတွေအားလုံး ကျရာကဏ္ဍက တိုက်ပွဲဝင်ကြဖို့ ချင်းပြည်နယ်တောင်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုဖွဲ့ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ဗဟိုကောင်စီဝင် ဆလိုင်းပီတာသန်းရွှေက တိုက်တွန်းပြောပါတယ်။
ဒီကနေ့ ဇွန်လ ၆ရက်မှာ ကျင်းပတဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေရှာဖွေပွဲမှာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CPU/CPA ခေါင်းဆောင်တွေတက်ရောက်ပြီး ဒေသတွင်း စစ်ရေး အခြေအနေ အကျဉ်းကို အသိပေးရှင်းပြလာတာဖြစ်ပါတယ်။ အခု ရံပုံငွေဟာ CPU/CPA စစ်ဒေသတွေ အတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေမှု ဖြစ်ပါတယ်။
CPU ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းပီတာသန်းရွှေက တော်လှန်ရေးမှာ စစ်ရေးအပါအဝင် အချို့ သတင်းစကားတွေ ပြည်သူတွေ အသိမပေးတာဟာ ပြည်သူတွေနဲ့ ရဲဘော်တွေရဲ့ လုံခြုံမှုနဲ့ အောင်ပွဲများအတွက် ရှေးရှုလုပ်ဆောင်ရတာဖြစ်တယ်လို့ပြောကြားပြီး ပြည်သူတွေ သိသင့်သိထိုက်တာတွေ ထုတ်ပြန်တာတွေရှိသလို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ပြည်သူတွေကို ချပြရှင်းလင်းတာ လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement
အခုဆိုရင် CPU/CPA ရဲ့ ထိန်းချုပ်မှုနယ်မြေမှာ စစ်တပ်က အင်အား ၂၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာပြီး CPU/CPAသိမ်းပိုက်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ကနဦး ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့ မေလလယ်လောက်က စတင်ထိုးစစ်ဆင်လာတယ် အခုက ဇွန်လ ရောက်ပြီ။ သူက မတိုးနိုင်ဘဲနဲ့ ရှေ့မတိုးနိုင်ဘဲ ရှိတာရှိတယ်ပေါ့နော် ။ဆိုတော့ ကျနော်တို့ မြို့သိမ်းတဲ့အရာတွေကို ပြန်မပေးရလေအောင် စစ်ကောင်စီ လက်ထဲ မရောက်ရလေအောင် မိဘပြည်သူတွေအနေနဲ့ အတက်နိုင်ဆုံး ကျရာကဏ္ဍက တိုက်ပွဲဝင်ကြဖို့ ဖြစ်တယ်။ရဲဘော်တွေက ရှေ့ကနေ တိုက်ပွဲဝင်သလို နောက်ကနေ ကိုယ်တက်နိုင်တဲ့ဘက်ကနေ မိဘပြည်သူတွေက တိုက်ပွဲဝင်ကြဖို့လိုတယ်” လို့ ဆလိုင်းပီတာသန်းရွှေက ပြောပါတယ်။
စစ်တပ်ဟာ လေယာဉ်အပါအဝင် ရှိသမျှ နည်းပညာ စက်ပစ္စည်းတွေ သုံးပြီး နေ့ညမပြတ် ထိုးစစ်ဆင်နေတာလို့ အသိပေးပါတယ်။
“ကျနော်တို့ကြံ့ကြံ့ခိုင်နိုင်ဖို့အတွက် ကျနော်တို့ မိဘပြည်သူတွေအနေနဲ့ ရှေ့တန်းမှာ လက်နက်ခဲယမ်းအတွက်သော်လည်းကောင်း စားနပ်ရိက္ခာအတွက် သော်လည်းကောင်း လိုအပ်တဲ့နေရာမှာ အသုံးပြု နိုင်ဖို့ တက်နိုင်တဲ့ဘက်ကနေ တိုက်ပွဲဝင်ကြဖို့ လိုပါတယ်” လို့ ဆလိုင်းပီတာသန်းရွှေက ပြောပါတယ်။
ငွေကြေးပါဝင်ခြင်းဟာ တိုက်ပွဲဝင်ခြင်းဖြစ်ပြီး ကျရာကဏ္ဍက တော်လှန်ရေးလုပ်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကလည်း စစ်တပ်ရဲ့ ထိုးစစ်ဆင်လာမှုဟာ အရင်ကနဲ့ မတူဘဲ အင်အားအလုံးအရင်းကို ဖြန့်ကျက်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
“ဥပမာ သူတို့ ထိုးစစ်ထိုးတဲ့ ပုံစံဆိုရင် ကန်ပက်လက်ကို ထိုးထိုး မင်းတပ်ကို ထိုးထိုး တကြောင်းတည်းမထိုးဘဲနဲ့ သူတို့ ဖြန့်လိုက်တဲ့ဟာကိုကပဲ တမိုင်စာ နှစ်မိုင်စာ လောက်ကို လူတွေ ကို ဖြန့်ကြက်လိုက်ပြီးနည်းနည်းချင်းစီ ၀ိုင်းထိုးတက်ကြတာပေါ့။ဆိုတော့ ခံစစ်လုပ်တဲ့သူကလည်း သူတို့ ဖြန့်ထားတဲ့အတိုင်း ပြန်ဖြန့်နေရတာပေါ့” လို့ ဆလိုင်းယောမာန်က စစ်ရေး အခြေအနေကို ပြောပါတယ်။
စစ်တပ်က လူအင်အား နဲ့ လက်နက်ကျည်အင်အား သုံးနိုင်ကြောင်း၊ ချင်းတပ်တွေဘက်ကလည်း အခု လို ကြုံလာတဲ့ စာမေးပွဲကို အကောင်းဆုံးဖြေနိုင်ဖို့ မြန်မြန်ဆန်ဆန် လှုပ်ရှား တုံ့ပြန်ခဲ့ရကြောင်း ရှင်းပြပါတယ်။ စားနပ်ရိက္ခာ ၊ ဆေးဝါး ပြင်ဆင်တာ၊ ရဲဘော်တွေကို လေ့ကျင့်ပေးတာအပါအဝင် ထောက်ပို့ ကိစ္စရပ်တွေကို အချိန်အနည်းငယ်အတွင်း အကောင်အထည်ဖော်ကြရတာလို့ ဆိုပါတယ်။
“တကယ့်တကယ်ထိတွေ့မှု လည်းဖြစ်တော့ ဒီအဆင်သင့်မဖြစ်သေးတဲ့အရာနဲ့ပဲ ကျနော်တို့ နည်းနည်းနောက်ဆုတ်ရသလိုဖြစ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ ပြန်ဟန်ချက်မိတဲ့အခါ ရန်သူ့ရဲ့ နည်းနာတွေ ရန်သူ့ရဲ့လှုပ်ရှားမှု ပုံစံတွေ နားလည်သွားတဲ့အခါ ထိုးစစ်ကို တားထားနိုင်တယ်။ တချို့နေရာဆို သူတို့ နည်းနည်းနောက်ပြန်ဆုတ်သွားအောင် ပြန်တွန်းလှန်ထားနိုင်တဲ့ အခြေအနေတွေရှိတယ်။” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
လက်ရှိ ချင်းတောင်ပိုင်းတိုက်ပွဲဟာ ပြောက်ကျားနည်းနဲ့ တိုက်ရတာမဟုတ်ဘဲ သမရိုးကျစစ်ပွဲကဲ့သို့ စစ်တပ် စစ်ကြောင်းတွေ လုံး၀ ရှေ့ မတိုးနိုင်အောင် ကာကွယ်ကြရတယ်လို့ ပြောကြားပါတယ်။
“သူတို့က ပတ်ကျော်ဖို့ ပတ်လှည့်ဖို့ ဗျူဟာကျ ရှောင်ကွင်းသွားလာ ပတ်လှည့်တာ ပတ်တက်တာတွေ ပေါ့နော် တိုက်ခိုက်ပုံတွေကအစ ဗျူဟာကျ လုပ်တော့ ကျနော်တို့ အကုန်လုံး ဗျူဟာကျ ပြန်တုန့်ပြန်ရတဲ့ အပိုင်းတွေရှိတာပေါ့။ တချို့နေရာတွေက နည်းနည်းနောက်ဆုတ်လိုက်ရလို့ ကျနော်တို့ ရှုံးသွားတာ မဟုတ်ဘူး။ စစ်ကောင်စီ တချို့နေရာတွေမှာ ကျနော်တို့က နေရာပြန်ယူလိုက်လို့ တွန်းထုတ်လိုက်နိုင်လို့ ကျနော်တို့ အောင်ပွဲရတာ မဟုတ်သေးဘူး။ ဒီအောင်ပွဲက နောက် နှစ်လ သုံးလ လောက်ကြာမှာ အောင်ပွဲက ကောင်းကောင်းသတ်မှတ်နိုင်မှာ ဖြစ်တယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မကွေး-ချင်းအစပ်ဒေသတွေကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး ကန်ပက်လက်ကို မေလ ၁၈ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့သလို မင်းတပ်ကို မေလကုန်ပိုင်းမှာ ထိုးစစ်ဆင်ခဲ့တာပါ။
CPU/CPA ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်ချက်မှာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဟန်ပတားထားနိုင်ပြီး စစ်ကောင်စီတပ်တွေ အခြေအနေမကောင်းဟု ဖော်ပြထားပါတယ်။


















































