ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့တွေကဘက်ကနေတပြိုင်နက်စစ်ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။
ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ကို ဦးတည်ပြီးစစ်ကြောင်းထိုးလာတာလို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
“နှစ်ဘက်ညှပ်ပြီးစစ်ကြောင်းဝင်လာတာ။ ပြည်သူတွေလုံခြုံရေးအတွက် ခဏဆုတ်ပေးထားတဲ့နေရာတချို့ရှိတယ်။အခုကတော့ လမ်းပိုင်းအသုံးပြုခွင့် ပိတ်ထားတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement
ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အာရှအဝေးပြေးလမ်းမကြီးမှာ တစ်စိပ်တစ်ပိုင်းပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ အာဏာသိမ်းခေါင်းဆောင်က အိန္ဒိယခရီးစဥ်မှာအိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေပါ ဦးတည်လာတာဖြစ်ပါတယ်။
စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ ကလေး -ခါမ်းပတ်-တမူး ကားလမ်းမ ဘေး ရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊နန်ကတိတ်၊နန်မွန်းတားနဲ့ခွန်မွန်းနွမ်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကကြရပါတယ်။နန်မွန်းတားရွာဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရွာဖြစ်ပြီး ဒေသခံတွေလုံခြုံရေးအတွက် ယာယီဆုတ်ခွာပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင်တမူးနဲ့ ခါမ်းပတ်မြို့ကြားက ရွာတချို့မှာ အခုအခါ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
ကလေးနဲ့ တမူးမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေဖြစ်ပြီး စစ်တပ်ကမြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပါတယ်။PDF တွေနဲ့မဟာမိတ်တွေက ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၇ ရက်မှာသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ဟာ တမူးခရိုင်ထဲမှာ တည်ရှိပါတယ်။အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါ။ လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်တယ်လို့တော်လှန်ရေးတပ်တွေကပြောပါတယ်။အိန္ဒိယအစိုးရကို တိုက်ခိုက်နေတယ်ဆိုတဲ့ ကသည်းလက်နက်ကိုင်တပ်
ဖွဲ့တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စတင်ပြီး တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွေမှာ စစစ်တပ်နဲ့ပူးပေါင်းပြီး ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက၂၀၂၅စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။


















































