ဇွန်-၁၂၊၂၀၂၆။စိုင်းနောင်/People’s Spring
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်ဖြောင့်သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။
ခမရ( ၅၄၂)က တပ်ရင်းမှူးဒုဗိုလ်မှုးကြီးစိုးထွေး သေဆုံးတာလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
” ရခိုင်မှာ တပ်ရင်းမှူးတွေ ကျတာ များနေပြီ။ ရင်းမှူးစိုးထွေးကတော့ဒီရက်ထဲတင်ထိတာ။ သူကနောက်ဆုံးသတင်းထွက်တဲ့လူပေါ့။ တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေပြီး ရေရှည်တိုက်ရမယ့်ပွဲလို့ထင်တယ်။နှစ်ဘက်စလုံး အင်အားတော်တော်များတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

AA ကစစ်ရှိန်မြှင့်ထားတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ညဝတီရေတပ်ဌာနချုပ်နဲ့ ရေတပ်စခန်းအချို့အပြင်အမှတ် ၃၂ ရဲတပ်ရင်း၊ ခလရ ၃၄၊ ခမရ ၅၂၃၊ ခမရ ၅၄၂တို့ ရှိနေပါတယ်။
ဒုဗိုလ်မှုးကြီးစိုးထွေးဟာစစ်တက္ကသိုလ် (DSA)ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၇ ဆင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လထဲမှာ ကျောက်ဖြူကို ရောက်ရှိလာတာလို့ သိရပါတယ်။ ကျောက်ဖြူတိုက်ပွဲနဲ့ ပတ်သက်လို့ AAက အသေးစိတ် ထုတ်ပြန်မလာသေးပါဘူး။
ကျောက်ဖြူမြို့နယ်ထဲမှာ ၂၀၂၅ မေလက တိုက်ပွဲအတွင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ တပ်မ ၁၁ ခြေမြန်တပ်ရင်းဌာနချုပ်က နည်းဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်မျိုးအောင်လည်း AA ရဲ့စနိုက်ဘာထိမှန်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့အတူ စစ်သုံ့ပန်းတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ AAကဖမ်းမိခဲ့ပါတယ်။
AAက ၂၀၂၃ နိုဝင်ဘာလမှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးထဲမှာစစ်တပ်ရဲ့ဗိုလ်မှူးချုပ်တွေအပါအဝင်သေဆုံးသူနဲ့ ဖမ်းဆီးခံရသူအများအပြားရှိခဲ့ပါတယ်။
၂၀၂၄ဒီဇင်ဘာလက AAရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁)တပ်မမှူးဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့ပါတယ်။၂၀၂၄ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)ကို သိမ်းယူတဲ့ တိုက်ပွဲမှာ ဗိုလ်မှူးကြီးအောင်နေမျိုး သေဆုံးခဲ့ပါတယ်။ ဗိုလ်မှူးကြီးအောင်နေမျိုးဟာလက်အောက်ငယ်သားတွေနဲ့အတူ ရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစဉ်မှာ AAတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ရှင်းလင်းခံရတာဖြစ်ပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲမှာဘူးသီးတောင်မြို့၊အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိခဲ့ပါတယ်။
၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊မြောက်ဦး၊မင်းပြားမြို့နယ်တွေက တိုက်ပွဲတွေထဲမှာ စကခ (၉) စကခမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းမိခဲ့ပါတယ်။ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတော့တပ်မ (၁၁) တပ်မမှူးဗိုလ်မှူးကြီး မင်းမင်းထွန်း သေဆုံးခဲ့ပါတယ်။ ပလက်ဝမြို့သိမ်းတိုက်ပွဲမှာက ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံးခဲ့ပါတယ်။
၂၀၂၄ဒီဇင်ဘာလ၂၀ရက်ကအမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာတော့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကိုအရှင်ဖမ်းမိခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းအခုရက်ပိုင်းတိုက်ပွဲတွေမှာ စစ်သုံ့ပန်းအများအပြား ထပ်မံဖမ်းမိတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာနေပါတယ်။ စစ်တွေမြို့နယ်မှာလည်း AA ရဲ့ထိုးစစ်ကပိုအရှိန်မြင့်လာပြီး စစ်တွေဒကစ အနီးထိတိုက်ပွဲတွေရောက်လာပါတယ်။
၂၀၂၇ ခုနှစ် မကုန်ဆုံးမီညသိမ်းဖို့ကျန်နေတဲ့ သုံးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ပြီးရခိုင်တပြည်နယ်လုံးကို ထိန်းချုပ်ဖို့အစွမ်းကုန်ကြိုးစားမယ်လို့ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။လတ်တလောတိုက်ပွဲသတင်းတွေကိုတော့ AA ကအသေးစိတ်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
လက်ရှိမှာစစ်တွေနဲ့ ကျောက်ဖြူအပြင် ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းထဲက စစ်ဆင်ရေးဒေသတွေမှာ AA နဲ့ မဟာမိတ်တွေက စစ်ရှိန်မြှင့်ထားပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။


















































